28 March 2024 /

See today's Peace Related News

AA အကြောင်းပြု KIO ကို သတိပေးသည့် ကိစ္စအတွက် စစ်ရေးနှင့် မဖြေရှင်းသင့်ကြောင်း မပခ တိုင်းမှူးကို PCG တိုက်တွန်းခဲ့

၃၀ မတ် ၂၀၂၀

အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာခံထားရသော ရက္ခိုင့်တပ်တော် (AA) ရှိသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ထိန်းချုပ် နယ်မြေတွင် ပြင်းထန်စွာ တိုက်ခိုက်မှုခံရမည်ဟု သတိပေးထားကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ သိရသည်။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ)တိုင်းမှူး ဗိုလ်ချုပ် တေဇကျော် က ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (Peace-talk Creation Group) မှတဆင့် KIO ကို သတိပေးခြင်းဖြစ်သည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော်တို့ PCG ကို မပခ တိုင်းမှုးကနေ ဒီလ ၂၀ ရက်နေ့မှာ ခေါ်ယူ အသိပေးတာရှိပါတယ်။ AA ကို အကြမ်းဖက်အဖွဲ့လို့ ကြေညာလိုက်ပြီဖြစ်တဲ့အတွက် KIO နယ်မြေမှာ AA ရှိတဲ့အတွက် AA ကို တိုက်ဖို့ ရှိလာတယ်။ ဒါကြောင့်မို့ AA တွေကို အမြန် ဖယ်ထုတ်လိုက်ပါ ဆိုပြီးတော့ အသိပေးတာမျိုး ရှိပါတယ်” ဟု မြစ်ကြီးနား အခြေစိုက် PCG မှ ဒူဝါ လမိုင် ဂွမ်ဂျာ(Duwa Lamai Gum Ja) ပြောပါသည်။

ယခုချိန် တကမ္ဘာလုံး coronavirus ကပ်ရောဂါ ခံစားနေချိန်မှာ တပ်မတော်အနေဖြင့် AA ကို အကြောင်းပြုပြီး KIO ဌာနချုပ် Laiza ကို စစ်ရေးအရ ပြန်လည် တိုက်ခိုက်ခြင်း မလုပ်သင့်ကြောင်း၊ စစ်ရေးနှင့် ပြဿနာ မဖြေရှင်းသင့်ကြောင်းကို မပခ တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် မတ်လ (၂၈)ရက်နေ့ မြစ်ကြီးနားမြို့တွင် ထပ်မံတွေ့ဆုံစဉ် PCG က တိုက်တွန်းခဲ့ကြောင်း ဒူဝါ လမိုင် ဂွမ်ဂျာ က ပြောပါသည်။

တပ်မတော်နှင့် နိုင်ငံတော် အစိုးရက KIO ထိန်းချုပ်နယ်မြေထဲတွင် AA ရှိသည်ဟု ထင်မြင်ထားနေသော်လည်း AA ဌာနချုပ်သည် ‘ဝ’ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် UWSA ဌာနချုပ် Pangsang (ပန်ဆိုင်း)မှာ အခြေစိုက်ထားကြောင်း ဒူဝါ လမိုင် ဂွမ်ဂျာက ဆက်ပြောသည်။

“KIO နယ်မြေမှာ သူတို့ (AA)တပ်စွဲပြီး ဌာနချုပ်လုပ်တာ မရှိပါဘူး။ စစ်သားတွေ နည်းနည်းပါးပါး ရှိတာ လောက်ပါပဲ။ ဒါပေမယ့် သူတို့ အဓိက ဌာနချုပ် အနေနဲ့ အခြေစိုက်တာကတော့ Pangsang (ပန်ဆိုင်း)မှာ ဖြစ်ပါတော့ KIO ကိုပဲ အစိုးရ ဖိအားပေး ပြောဆိုနေပေမယ့်လည်း ‘ဝ’ ဘက်မှာ ရှိတဲ့ အဖွဲ့တွေနဲ့ပါ ပတ်သက်နေပါတယ်။”

PCG မှတဆင့် မပခ သို့ ပေးပို့သော်လည်း မတ်လ (၂၆) KIO အဖွဲ့၏ စာထဲတွင် “bilateral အပစ်ရပ် လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားချိန်မှာ အခု ဖြစ်ပွားနေတဲ့ coronavirus ရောဂါကြောင့် အစိုးရနဲ့ မတွေ့ဆုံ နိုင်တာဖြစ်တယ်၊ လက်မှတ် မရေးထိုးချင်တဲ့ သဘော မရှိပါဘူး။ ဒီလို အခြေအနေမှာ AA ကို အကြမ်းဖက်အဖွဲ့လို့ ကြေညာတာဟာ ပြဿနာကို အဖြေရှာတဲ့ နည်းလမ်း မမှန်ဘူး” ဆိုပြီးတော့ KIO ဘက်က တုန့်ပြန်ထားတာ ရှိပါသည်ဟု သူက ဆိုပါသည်။

မြန်မာအစိုးရ နှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်ကြသော ကချင် KIO၊ ရခိုင် AA၊ ကိုးကန့် MNDAA နှင့် တအာင်း TNLA တို့ကြား နှစ်ဦးနှစ်ဖက် အပစ်ရပ်ကိစ္စ ပုံမှန် ဆွေးနွေးနေခြင်းသည် တရုတ် နှစ်သစ်ကူးမတိုင်မီ Wuhan မှ စတင် ဖြစ်ပွားလာသော coronavirus ရောဂါကြောင့် ဖေဖေါ်ဝါရီလ ကတည်းက ရပ်ဆိုင်းနေခြင်းဖြစ်သည်။

မတ်လအတွင်း နှစ်ဖက် ပြန်လည် တွေ့ဆုံနိုင်ရန် ညှိနှိုင်းမှုများရှိသော်လည်း တွေ့ဆုံမည့် နေရာ သဘော မတူနိုင်သေးသောကြောင်း သိရသည်။ မြောက်ပိုင်းအဖွဲ့က လုံခြုံရေးကြောင့် တရုတ်ပြည်တွင် တွေ့ဆုံရန် တင်ပြထားပြီး အစိုးရဘက်က တရုတ်ပြည်တွင် coronavirus စိုးရိမ်ရသောကြောင့် ပြည်တွင်းမှာ ကျိုင်းတုံ သို့မဟုတ် မြစ်ကြီးနား တွင် တွေ့ဆုံလိုကြောင်း Duwa Lamai Gum Ja ဆိုပါသည်။

အပစ်ရပ် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးနေချိန်မှာ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် AA ကို အစိုးရဘက်က အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာလိုက်ခြင်း နှင့် coronavirus ကူးစက်မှုကာကွယ်ရန် ဧပြီလ ၃၀ ထိ လူစုလူဝေး မပြုလုပ်ရန် အစိုးရ၏ ထုတ်ပြန်ထားချက်ကြောင့်လည်း ဧပြီလ နောက်ပိုင်းမှ နှစ်ဖက် တွေ့ဆုံနိုင်မည်ဖြစ်သည်ဟု ဒူဝါ လမိုင် ဂွမ်ဂျာက သုံးသပ်ပါသည်။

KNG မှ ပေးပို့သည်။