ကပ်ရောဂါ ထိန်းချုပ်နိုင်ဖို့ တစ်နိုင်ငံလုံး အပစ်ရပ်ပေးရန် KNPP တောင်းဆို

0
206

၃၀ မတ် ၂၀၂၀

နိုင်ငံအနှံ့အပြား ဖြစ်ပွားနေတဲ့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကို ထိန်းချုပ်နိုင်ဖို့အတွက် တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲပေးဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP ) က တောင်းဆိုလိုက်ပါတယ်။

“ဒီ COVID ဖြစ်နေတဲ့အချိန်မှာ ကျတော်တို့ ရောဂါထိန်းချုပ်မှုကို စုပေါင်းပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဘယ်လိုလုပ်မလဲ။ ဒီတိုက်ပွဲတွေကို ခဏရပ်လိုက်ပြီးတော့ ဒီကပ်ရောဂါကို ကြိုတင်ကာကွယ်ဖို့နဲ့ မပြန့်ပွားအောင် ဝိုင်းပြီးထိန်းချုပ်ကြဖို့ ဆိုပြီးတော့ ကျတော်တို့ ပြောချင်တာပေါ့။ ဒါ့ကြောင့် ဒီနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်စဲပြီးတော့ ဒီရောဂါထိန်းချုပ်မှုကို ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောချင်တာ ဖြစ်ပါတယ်” လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP မှ အတွင်းရေးမှူး – ၂ ခူးပလူးရယ်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်ကလည်း ကမ္ဘာလုံဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လုပ်ကြဖို့ ထုတ်ပြန်ပြောဆိုထားတာ ရှိပါတယ်။ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ( KNPP) ကလည်း ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ မြန်မာအစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးသို့ ပန်ကြားချက် ဆိုတဲ့ ခေါင်းစဉ်ဖြင့် ထုတ်ပြန်ကြေညာချက်တစ်စောင်ကို တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လုပ်ဆောင်ပေးဖို့ တောင်းဆိုချက်အပါအဝင် အချက် ၄ ချက်နဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မတ်လ ၂၉ ရက်နေ့ ညနေ ၁၀နာရီကျော်အထိ မြန်မာနိုင်ငံမှာ ရောဂါ ကူးစက်ခံရသူ ၁၀ ဦး ရှိပြီလို့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အနေနဲ့လည်း ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့ တတ်နိုင်တဲ့နေရာကနေ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ခူးပလူးရယ်က ပြောပါတယ်။

“ရောဂါကို ကုသဖို့ ဆေးကလည်း မရှိသေးဘူးလို့ သိရတယ်ပေါ့နော။ တော်တော်လေးတော့ စိုးရိမ်ရတယ်ပေါ့ ကျတော်တို့ကတော့ ဒီ စစ်တွေ ဆက်ဖြစ်နေမယ်ဆိုရင်တော့ ရောဂါက ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးပေါ့နော။ ဆိုလိုချင်တာကတော့ တစ်ယောက်ဖြစ်ပြီဆိုရင်တော့ စိုးရိမ်ရတဲ့ အခြေအနေကို ရောက်တယ်ပေါ့လေ။ ဒါကြောင့် တိုက်ပွဲတွေ မဖြစ်တာကတော့ အကောင်းဆုံးပေါ့”

တိုက်ပွဲများ ဖြစ်ပွားနေတဲ့ နေရာဒေသက တိုင်းရင်းသားလက်နက်ကိုင်နဲ့ မြန်မာအစိုးရ၊ တပ်မတော်ကိုလည်း COVID ရောဂါကို ထိန်းချုပ်ဖို့သာ ဦးစားပေးဖို့ အပစ်ရပ်ပေးကြဖို့ တောင်းဆိုချင်တယ်လို့ ခူးပလူးရယ်က ပြောပါတယ်။

တစ်နိုင်လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ( NCA ) လက်မှတ် ရေးထိုးထားပြီးတဲ့ တချို့ သော တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေတာတွေလည်း ရှိနေပါတယ်။ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ တိုက်ပွဲတွေ အများဆုံး ပြန်လည်ဖြစ်ပွားနေပါတယ်။

မြန်မာအစိုးရ တပ်မတော်နဲ့ ရခိုင်တပ်မတော် AA တို့ရဲ့ စစ်ပဠိပက္ခကြောင့် မတ်လ ၂၈ ရက်နေ့အထိ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ နယ်အတွင်းမှာ ဒုက္ခသည်ပေါင်း ၆ ထောင်ကျော် ရှိလာတယ်လို့ ရခိုင်ပြည်နယ်အခြေစိုက် နိရဉ္စရာ သတင်းဌာနက ဖော်ပြထားပါတယ်။

မော်ဦးမြာ(ကန္တာရဝတီတိုင်းမ်)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here