ကောင်းခါးပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်းများအား ဖမ်းဆီး၊ ၄င်းတို့၏ ရပ်တည်ရေးအတွက် ကူညီမည်ဟု တပ်မတော် ပြောဆို

0
459

၃၀ မတ် ၂၀၂၀
မူးယစ်ဆေးဝါးနှင့် ထုတ်လုပ်ရေးစက်များ ဖမ်းဆီးရရှိမှုကို အကြောင်းပြုကာ ကောင်းခါးပြည်သူ့စစ်(KDA) ဌာနချုပ်နှင့် ထိပ်ပိုင်းခေါင်းဆောင်များကို တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့ အရှေ့ဘက် KDA ဌာနချုပ် Kawnghka နှင့် ၎င်း၏ တပ်မဟာ (၁) ဌာနချုပ် Loi Hkang တို့ကို မြန်မာစစ်တပ် တပ်မ (၉၉) စစ်ကြောင်းများ သံချပ်ကားများနှင့်တက်လာပြီး ထိန်းချုပ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး က ပြောသည်။

“သူတို့(တပ်မတော်)က KDA ကို ဖျက်စီးချင်တဲ့သဘောရှိတယ်။ တပ်မဟာ (၁) နယ်မြေကို ဒီနေ့ (မတ်လ ၂၅) မှာ ထိန်းချုပ်ထားပြီးတော့ လက်နက်အားလုံးကိုလည်း သိမ်းယူသွားတယ်။ ခေါင်းဆောင်တွေကိုလည်း ခေါ်သွားပြီ။ ဒါကြောင့် အခု Loi Hkang ဘက်မှာဆို KDA တံဆိပ်ပါတဲ့ အကျီတွေ မဝတ်ဖို့ ညွန်ကြားထားတယ်လို့ သိရတယ်။ ဖျက်စီးလိုက်တဲ့ ပုံပေါက်နေပြီ”။

မူးယစ်ဆေးဝါးများ ထုတ်လုပ်သည့် ကိစ္စတွင် ကောင်းခါးပြည်သူ့စစ်လည်း ပါဝင်နေသဖြင့် အဆိုပါ ပြည်သူ့စစ်၊ တပ်မဟာ ၁ မှ တပ်မဟာမှူး အပါအဝင် အရာရှိ ၁၀ ဦးကို လားရှိုးမြို့၊ အမှတ် (၂) ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (ဃ) ဖြင့်လည်း အမှုဖွင့်ထားကြောင်းသိရသည်။

ဆက်လက်ပြီး Ja Yang နယ်မြေဘက်မှာ အခြေစိုက်သော KDA တပ်မဟာ (၂)ဘက်သို့ တပ်မတော် စစ်ကြောင်းများ ဝင်ရောက်လာစဉ် မတ်လ (၂၆)ရက်နေ့ ကိုးကန့်တပ် MNDAA တပ်မဟာ (၂၁၁)လက်အောက် တပ်ရင်း (၂၀၄)တပ်ဖွဲ့နှင့် နေ့လည် ၁နာရီမှ ညနေပိုင်းထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများပြောသည်။

ထိုတိုက်ပွဲတွင် ကိုးကန့်ဘက် KDA တပ်ရင်းဖွဲ့များပါဝင်မှုရှိမရှိကို မသိရသေးပါ။ အစောပိုင်းက တော်မတော် စစ်ကြောင်းများ ထိုနယ်မြေသို့ တက်မလာရန် KDA တပ်မဟာ (၂)ဘက်မှ သတိပေးမှု ရှိကြောင်း ဆိုပါသည်။
လက်နက်အပ်နှံလိုက်သည့် ကောင်းခါး ပြည်သူ့စစ်အဖွဲ့များအတွက် စီးပွားရေးလုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ရန်အတွက် တပ်မတော်က ကူညီပေးရန်ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မတ် ၂၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

“သူတို့ တရားဝင် ရပ်တည်နိုင်ဖို့ အတွက် စီးပွားရေး လုပ်ငန်းတွေ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့အတွက် တပ်မတော်ကနေလည်း ကူညီဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။

Kawnghka ပတ်ဝန်းကျင်မှ ဖမ်းမိသော ကျပ်ငွေ ၉၁ ဘီလီယံ ကျော် တန်ဖိုးရှိသော မူးယစ်ဆေးနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်စက်ရုံများကို နိုင်ငံတကာ စစ်သံမှူးများ၊ နိုင်ငံတကာမူးယစ်တိုက်ဖျက်ရေးအဖွဲ့နှင့် သတင်းမီဒီယာများကို ထိုနေရာသို့ တပ်မတော် ရဟတ်ယာဉ်များဖြင့် ခေါ်ယူကာ မတ်လ (၆)ရက်နေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ၎င်းအစီစဉ်သို့ The United States Drug Enforcement Administration၊ Thailand’s Office of the Narcotics Control Board၊ China’s National Narcotics Control Commission နှင့် Australia Federal Police တို့လည်း ပါဝင်တက်ရောက်ခဲ့သည်။

၁၉၉၁ ခုနှစ် ကချင်လွတ်လပ်ရေးတပ်မတော် KIA မှ ခွဲထွက်ကာ Kachin Defense Army ကချင်ကာကွယ်ရေးတပ်မတော် အဖြစ် ရပ်တည်ရာမှ ၂၀၁၀ တွင် ကောင်းခါးပြည်သူ့စစ် အဖြစ် အသွင်ပြောင်းလဲခဲ့သည်။ သို့သော်လည်း လက်ရှိ KDA တွင် တရားဝင်အင်အား ၃၀၀၀ ခန့်ရှိပြီး တရားမဝင် ကိန်းဂဏန်းက ၁၀၀၀၀ ခန့်ရှိနိုင်သည်ဟု ဒေသခံများ ခန့်မှန်းပါသည်။ ၎င်းတွင် ထိပ်ပိုင်းခေါင်းဆောင်အဆင့်မှ အောက်ခြေ စစ်သားအဆင့်အထိ တရုတ်လူမျိုး အများအပြားပါဝင်ကြောင်း သိသည်။

တပ်မတော်ဘက်ကတော့ KDA ကို အပြီးအပိုင် ဖျက်သိမ်းပြီး လက်နက် (၁၀)လက်ထက် မများသော လူအင်အားဖြင့် ကောင်းခါးပြည်သူ့စစ်အဖွဲ့ ကို ပြန်လည် ဖွဲ့စည်းရန် ကြိုးစားနေကြောင်း ဒေသခံများမှ သိသည်။
နောနော်(KNG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here