28 March 2024 /

See today's Peace Related News

မတရာအသင်း ၊ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရတဲ့ AA နဲ့ ဆက်သွယ်သတင်းမေးရင် အဖမ်းခံရမှာလား

၃၁ မတ် ၂၀၂၀
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားမှုများလည်း ရှိနေပြီး အရပ်သား ထိ ခိုက်မှုများလည်းမြင့်တက်နေသည်။ထိုအခြေအနေများတွင် တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန်စွပ်စွဲမှုများ လည်း ရှိနေကြသည်။ သတင်းမီဒီယာသမားများသည် ထိုနှစ်ဖွဲ့ကို ဆက်သွယ်ပြီး သတင်းများ ရေးသားထုတ် လုပ်ခဲ့ကြ သည်။ မတ်လ ၂၅ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)ကိုအကြမ်းဖက်အုပ်စုနှင့်မတရားအသင်းအဖြစ် အစိုးရကကြေငြာခဲ့သည်။ ထိုသို့ကြေငြာလိုက်ခြင်းကြောင့် သတင်းရယူရေးအပိုင်းတွင် မည်သို့အခက်အခဲများဖြစ်ပေါ်လာနိုင်သလဲ ဆိုသည်ကို သတင်းစာဆရာများ၏အမြင်များကို ဆက်သွယ်မေးမြန်းထားသည်။


ဦးမြင့်ကျော် (တွဲဖက်အတွင်းရေးမှူး (၁) ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ)
လောလောဆယ် အနေအထားက ဒီလိုဆက်သွယ်မေးမြန်းတဲ့ဟာက အရေးယူခံရနိုင်သလား။ ဥပဒေနဲ့ ငြိစွန်းနိုင်သလား ဆိုတာကိုတော့ ကျွန်တော်တို့လည်း သဲသဲကွဲကွဲမသိဘူး။ ဒီလိုကိစ္စတွေမှာ အရင်က အခုလို အကြမ်းဖက်အဖွဲ့မကြေညာခင်ကဘဲ ဥပမာ မတရားအသင်းကြေညာခံထားရတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုနဲ့ ဆက်သွယ်ရင် ဥပဒေနဲ့ ငြိစွန်းနိုင်သလားဆိုတာကို အစိုးရတို့ တပ်တို့ဘက်က ဘယ်တုန်းကမှ သဲသဲကွဲကွဲဖြေကြားလေ့မရှိဘူး။ ဒါကတော့ ကိုယ့်ဟာကိုယ် ဥပဒေထဲမှာပါတာပါ။ ဥပဒေကို ဖတ်ကြည့် ဆိုတဲ့သဘောမျိုး ပြောတာပေါ့။ ယေဘုယျအားဖြင့်ဆိုရင် မလိုလားတဲ့ အခါမှာ အရေးယူလို့ရနိုင်တဲ့ အနေအထားရှိတယ်။ အဲဒီဟာက မတရားအသင်းကြေညာခံထားရတဲ့ အနေထား။ အခုက အကြမ်းဖက်အဖွဲ့အစည်းဆိုတော့ ဆက်သွယ် သတင်းမေးတဲ့အခါ နောက်တစ်မှုထပ်ပြီးတော့ တိုးလာနိုင်တဲ့ အနေအထားရှိတယ်။ ဒီလိုအခြေနေမျိုးမှာတော့ လောလောဆယ် ရှင်းရှင်းလင်းလင်းမရှိသေးဘူး။ သို့သော် မီဒီယာတွေကတော့ စိုးရိမ်နေကြတာတော့ အမှန်ပဲ။ လောလောဆယ်ထိတော့ ကြေညာတာ ရက်ပိုင်းပဲ ရှိသေးတဲ့အတွက် အရေးယူထာမျိုး ဘာမှ အသံမကြားရသေးတဲ့အတွက် မီဒီယာတွေအနေနဲ့ သတိထားပြီး ဆက်သွယ်မေးမြန်း ရေးသားနေတဲ့ အနေထားမျိုးရှိတယ်။


ဦးခိုင်မြတ်ကျော် (အယ်ဒီတာချုပ်)၊ နိရိဉ္စရာသတင်းဌာန
AA ကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ပြီးတဲ့ နောက်ပိုင်းမှာ အဓိက ကျွန်တော်မြင်တာက မီဒီယာ အဖွဲ့ အစည်းတွေအနေနဲ့ အသုံးအနှုန်းတွေ ဘယ်လိုသုံးနှုန်းရမလဲ။ ဒီအတိုင်းပဲသုံးနှုန်းခွင့် ရှိလား၊ မရှိလား ဆိုတာကို ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ရမယ့် အပိုင်းတွေရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့က ရခိုင် အခြေစိုက်သတင်းဌာနတွေဖြစ်တဲ့ အခါ ဒီဒေသ သတင်းတွေကို အမှန်အတိုင်းရေးနေတာဆိုတော့ AA နဲ့ ပတ်သက်ပြီးတော့ ရခိုင်တွေကို AA ဆိုပြီးတော့ စွပ်စွဲချက်တွေရှိတယ်။ ရခိုင်က မီဒီယာတွေကိုလည်း စွပ်စွဲချက်တွေ အများကြီးဖြစ်လာတာပေါ့။ အခုက ဒီလို အကြမ်းဖက်လို့ သတ်မှတ်လိုက်တဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့ရဲ့ သတင်းတင်ဆက်မှုတွေ သတင်းရေးသားမှုတွေက ဘယ်လိုဖြစ်လာနိုင်လဲဆိုတော့ လေ့လာစောင့်ကြည့်နေတဲ့ အနေထားမျိုးတွေရှိတယ်။ လောလောဆဲမှာ ရခိုင်အခြေစိုက်သတင်းမီဒီယာတွေ အတွက်တော့ တော်တော်လေး အခက်တွေ့တယ်။ ဒေသသတင်းကို ရေးနေတဲ့အချိန် တိုက်ပွဲကလည်း ရခိုင်မှာဖြစ်နေတဲ့ အချိန်ဆိုတော့ နှစ်ဘက်စလုံးကို သတင်းယူလို့မရဘူး။ တပ်မတော်နဲ့ AA ကိုဆက်သွယ်ရမယ်။ အခုကျတော့ AA ဘက်ကို ဆက်သွယ်မေးမြန်းရမယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲဆိုတာကို လောလောဆယ် မပြောနိုင်သေးဘူး။ ဒါပေမယ့် သတင်းမီဒီယာကောင်စီ၊ ဥပဒေပညာရှင်တို့ကို ဆွေးနွေးပြီးမှ ဥပဒေ အကြောင်းရာအရ ဘယ်လိုဖြစ်မယ်ဆိုတာကို သိရမယ်။

သတင်းသဘောတရားအရ တိုက်ပွဲဖြစ်လာပြီဆိုရင် နှစ်ဘက်ကို မေးရမှာပေါ့။ အခုက AA ကိုမေးတယ်ဆိုရင် အကြမ်းဖက်နဲ့ ဆက်သွယ်တယ်ဆိုပြီး အရေးယူမှာလား၊ မယူဘူးလားဆိုတာကို သိဖို့လိုတယ်။ အဲလို မလွဲမသွေ သတင်းရေးရင် AA နဲ့ အင်တာဗျူးလုပ်ရမယ်။ ဒီတော့ အကြမ်းဖက်အုပ်စုထဲမှာ ပါဝင်မှာလားဆိုတာကို ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးဖို့လိုတယ်။ မဟုတ်ဘူးဆိုရင် သတင်းက ဘယ်သတင်းပဲဖြစ်ဖြစ် တစ်ဖက်တည်းရေးလို့မရဘူးလေ။ အခုရခိုင်မှာ တိုက်ပွဲတွေဖြစ်တယ်။ လူထုတွေနစ်နာနေတာတွေ၊ ရွာကိုမီးရှိုးခံရတာတွေ ရှိတယ်။ အဲဒီဟာတွေကို ဘယ်သူတွေက လုပ်တယ်။ ကျူးလွန်တယ်ဆိုတာကို မှန်မှန်ကန်ကန်သိဖို့အတွက် သတင်းသမားတွေကို လွတ်လပ်လွတ်လပ် ရခိုင်ပြည်နယ်ထဲမှာ သတင်းယူခွင့်ပြုပေးဖို့လိုတယ်။


ဦးဇေယျာလှိုင် (အယ်ဒီတာ)၊ မော်ကွန်းမဂ္ဂဇင်း
အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပုဒ်မ ၁၇(၁) ကို ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုလဲဆိုတဲ့ဟာမှာ မူတည်တယ်။ ၁၇(၁) နဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ သုံးနှစ်လောက်က သတင်းစာဆရာသုံးယောက် အဖမ်းခံရတာဖြစ်ဖူးတယ်။ TNLA က ပြန်လာတဲ့ အခါဖြစ်ဖူးတယ်။ ကျန်တဲ့ ဖြစ်စဉ်တွေရော မရှိဘူးပေါ့လေ။ ဆိုတော့ ဒီလိုဖြစ်ရပ်တွေကတော့ သူက လုပ်ချင်တဲ့အခါလည်း လုပ်တယ်။ မလုပ်ချင်တဲ့ အခါလည်းမလုပ်ဘူးဆိုတော့ အခုတော့ အကြမ်းဖက်အဖြစ်သတ်မှတ်လိုက်ပြီဆိုတော့ လုပ်ချင်ရင်လည်း လုပ်လို့ရပြီ ဆိုတဲ့ သဘောဖြစ်သွားပြီပေါ့။ သတိတော့ထားရတော့မယ်။
အဲဒီ ဥပဒေကို သေချာဖတ်ဖို့လိုမယ်။ နောက်ပြီးလို့ ရှိရင် ကိုယ့်မှာ ဥပဒေအကြံပေးတွေနဲ့ တိုင်ပင် ဆွေးနွေးပြီးတော့ သတင်းစာဆရာတွေ သတိထားဖို့ လိုလာတာပေါ့။ ဒီသတင်းအချက်လက်ကို ဒီလူနဲ့ဆက်သွယ်ပြီး မေးမြန်းမလား၊ မမေးမြန်းဘူးလားပေါ့။ တခါတလေကျလို့ရှိရင်လည်း တချို့သတင်းသမားတွေကလည်း သွားရောက်တွေ့ဆုံပြီးတော့မှ အင်တာဗျူးတာတို့လည်း ရှိတာကိုး။ အဲဒါမျိုးဆိုရင်တော့ ပိုပြီတော့ အန္တရာယ်များဖို့ရှိတယ်။ မတရားအသင်းနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်ထင်တယ်၊အဲဒီကိစ္စက အဓိပ္ပာယ်ဖွင့်ဆိုတဲ့ အခါမှာလည်း တစ်ချို့ဟာတွေလည်း လိုသလိုဖွင့်လို့ရတဲ့ အပိုင်းဖြစ်နေတော့ သတိတော့ပိုပြီးထားလာမှာပေါ့။ လူတွေက လွတ်လပ်လွတ်လပ်ရေးတာထက်စာရင်တော့ လူတွေက နည်းနည်းတော့ အကြောက်အလန့်တွေနဲ့ ပိုများလာမယ့်သဘောရှိတယ်။


ကိုဝဏ္ဏခွာညို (သတင်းထောက်)၊ DVB
အစိုရဘက်က AA ကို မတရားအသင်း၊ အကြမ်းဖက်အဖြစ်ကြေညာလိုက်တဲ့ အတွက်ကြောင့် သတင်းဌာနတွေဘက်က ဆက်သွယ်မှုမှာ နည်းနည်းတွန့်ဆုပ်သွားနိုင်တဲ့ အခြေနေတော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါပေမယ့် ရခိုင်မှာ အင်တာနက်ပိတ်ခံထားရတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့က သတင်းအမှန်တွေကို ချပြရမယ့်အတွက်ကြောင့် ဒါကို အစိုးရဘက်က ဖြေလျော့ပေးဖို့လိုမယ်။ တိုက်ပွဲကလည်း ပိုမိုပြင်းထန်လာနိုင်တယ်။ ဒီမှာ ကျွန်တော်တို့က AA ကိုဆက်သွယ်လို့ သတင်းရေးတဲ့အခါ ကျွန်တော်တို့ အတွက်တော့ အများကြီးရိုက်ခတ်နိုင်တယ်ပေါ့။ ဒါပေမယ့်လည်း ကျွန်တော်တို့ကတော့ ရေးရမယ်။ ပြည်သူတွေသိအောင် အမှန်တရားကို ချပြရမယ်။ မီဒီယာကျင့်ဝတ်အရလည်း မဆက်သွယ်လို့မရဘူး။ တစ်ဘက်ကကြေညာလိုက်ပေမယ့်လည်း လက်ရှိဖြစ်နေတဲ့ အခြေနေပေါ်မှာတော့ ဖြစ်အောင်တော့ ရေးရမယ်။ သတင်းသမားဆိုတာကတော့ နှစ်ဘက်အသံကို ပြည့်စုံအောင်ရေးရမယ်။
ခိုင်ရိုးလ(DMG) – စုစည်းတင်ပြသည်။