တန်ရာတန်ကြေးပေးမည်ဟု တောင်းခံသဖြင့် ဆန်အိတ် (၂၀) AA ကို ပေးခဲ့ဟုဆို

0
117

၃၁ မတ် ၂၀၂၀။
ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ရှိ ပြည်သူများအတွက် သယ်ယူလာသည့် ဆန်အိတ် (၁၀၀) အနက် အိတ် (၂၀) ကို ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့က တန်ရာတန်ကြေးပေးကာ ၀ယ်ယူမည်ဟုဆိုကာ အကူအညီတောင်း ခံလာ သည့်အတွက် ခွဲေ၀ပေးလိုက်ရသည်ဟု ပလက်၀စားနပ်ရိက္ခာသယ်ယူရေးကော်မတီ ဥက္ကဌ ဦးစိန်ထွန်းလှ ကပြောသည်။

ပလက်၀မြို့နယ်အတွင်း အရပ်သားပြည်သူများနှင့် စစ်ဘေးဒုက္ခသည်များ ခွဲေ၀ရန်အတွက် ဆန်အိတ် (၁၀၀) ကို မတ်လ ၂၉ ရက်နေ့က ဆမီးမြို့မှ ပလက်၀မြို့သို့ သယ်ယူလာသည့် ကားကို AA တပ်ဖွဲ့ ရပ်တန့်စစ်ဆေးကာ ဆန်အိတ်များလုယူသွားသည်ဟု ယမန်နေ့က ချင်းပြည်နယ်အစိုးရအဖွဲ့က ပြောဆိုခဲ့ သည်။

ထိုကိစ္စနှင့်ပတ်သက်၍ ပလက်၀စားနပ်ရိက္ခာသယ်ယူရေးကော်မတီ ဥက္ကဌ ဦးစိန်ထွန်းလှကို ခိုနူမ်းသုန်သတင်းဌာနမှ ဆက်သွယ်မေးမြန်းကြည်ရာ AA တပ်ဖွဲ့အနေဖြင့် ဆန်အိတ်များကို အတင်းအဓမ္မလုယူခြင်းမဟုတ်ဘဲ အိတ် (၂၀) ကို တန်ရာတန်ကြေးပေးကာ ၀ယ်ယူမည်ဟုဆိုကာ တောင်းခံလာသည့်အတွက် ခွဲပေးလိုက်ရခြင်းဖြစ်သည်ဟု ပြောဆိုသည်။

“ကျနော်ပြောမယ် အိတ် (၂၀) ကိုတော့ သူတို့ကတန်ရာတန်ကြေးပေးပြီး ခွဲပေးဖို့ ကျနော်တို့ဆီအကိုအညီတောင်းတယ်လေ အတင်းအဓမ္မလုယူတာမဟုတ်ဘူး ကျနော်တို့ဆီအခွင့်တောင်းတယ် ဒီလိုတွေ ဒီလိုကြောင့် အခက်အခဲရှိတယ် ပြည်သူလူထုအတွက်လည်း နစ်နာစရာမလိုဘူး ကျနော်တို့ကို အိတ် (၂၀) ရောင်းဈေးနဲ့ ရောင်းပေးပါလို့ခွင့်တောင်းတယ် အဲဒါကျနော်တို့ ကော်မတီ၀င်တွေက ခွင့်ပြုလိုက်တာ” ဟု ဦးစိန်ထွန်းလှကပြောသည်။

အဆိုပါဆန်အိတ်များကို တအိတ်လျှင် ကျပ်ငွေ ၂၅၅၀၀ နှုန်းဖြင့် ပခုက္ကူမြို့တွင် ၀ယ်ယူကာ မင်းတပ်-မတူပီ-ဆမီးမြို့အထိ ကားသမားများက စေတနာဖြင့်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆမီးမြို့မှ တဆင့် ပလက်၀မြို့သို့ပြန်သယ်လာသည့်အချိန်တွင် ပလက်၀မြို့အရောက်ပေါက်ဈေးမှာ ဆန်သယ်ခအပါအ၀င် ကျပ်ငွေ ၃၂၀၀၀ ကျပ်ရှိသည်ဟု သိရသည်။

အဆိုပါပေါက်ဈေးအတိုင်း ဆန်အိတ် ၂၀ ကို ၃၂၀၀၀ ကျပ်ဖြင့် ၀ယ်ယူမည်ဟုဆိုကာ AA တပ်ဖွဲ့က ဆန်အိတ်များကို ယူသွားခဲ့သော်လည်း ကျသင့်ငွေအား တပါတည်းပေးချေခြင်းမရှိသေးကြောင်း AA တပ်ဖွဲ့၀င်များက လာရောက်ပေးချေမည်ဟု ကားသမားများထံ မှာကြားခဲ့သည်ဟု ဦးစိန်ထွန်းလှကပြောသည်။

ကျန်ရှိသည့် ဆန်အိတ် (၈၀) မှာ မတ်လ ၂၉ ရက်ညက ပလက်၀မြို့ပေါ်သို့ရောက်ရှိသွားပြီဟုသိရသည်။

ဦးစိန်ထွန်းလှက “ပိုက်ဆံတော့ ကျနော်တို့ပြန်ှရှင်းလိုက်မယ်တဲ့ ကားသမားများကိုလည်း သူတို့မှာလိုက်ပါ တယ် တန်ရာတန်ကြေးကို သူတို့ပြန်လည်ရှင်းပေးမှာပါပေါ့နော် အပြင်မှာထက်တော့ ဈေးသက်သာပါတယ်၊ အားလုံးကျန်းကျန်းမာမာနဲ့ ဆန်အိတ်လည်း အားလုံးရောင်းလိုက်တယ် အဆင်ပြေပါတယ် ၊ လောလောဆ ယ်တော့ ကျနော်တို့က (၁၀၀) လောက်ပဲသယ်ပါတယ်၊ လောလောဆယ်တော့ ခုစတဲ့ ဗိုင်းရပ်စ်ကြောင့် လူစုလူေ၀းမရတော့ သယ်ဖို့အတွက်ရပ်ဆိုင်းထားလိုက်တယ်” ဟု ပြောသည်။

ပလက်၀မြို့နယ်သည် ဆန်၊ ဆီ၊ ဆား နှင့် အခြေခံစားကုန်သောက်ကုန်များကို ရခိုင်ပြည်နယ် ကျောက်တော်ဘက်မှတဆင့် အဓိက သယ်ယူလေ့ရှိကြပြီး တပ်မတော်နှင့် AA အကြားတိုက်ပွဲပြင်းထန်လာ သည့်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကစ၍ ပလက်၀နှင့် ကျောက်တော်အကြားဆက်သွယ်သည့် ရေလမ်း၊ ကုန်လမ်းများပြတ်တောက်ခဲ့သောကြောင့် စားနပ်ရိက္ခာခက်ခဲမှုနှင့်ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

လားနွန် (ခိုနူမ်းသုန်)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here