ARSA တိုက်ခိုက်မှုကြောင့် မောင်တောတွင် အမျိုးသားနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရဟု ဆို

0
148

၃၁ မတ် ၂၀၂၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ မတ်လ ၃၀ ရက်နေ့က ARSA အဖွဲ့က ဆွဲမိုင်းတစ်လုံးဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိသွားသည်ဟု အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

ယင်းနေ့ နံနက် (၉)နာရီခန့်က မင်္ဂလာညွှန့်ကျေးရွာနေ ဦးစံအောင်ဖြူ(အသက် ၅၀ နှစ်)အပါအဝင် ဒိုင်းနက် အမျိုးသား ၁၂ ဦးသည် ငှက်ထောင်ချောက်များ သိမ်းရန်အတွက် ၎င်းတို့၏ ဆိုင်ကယ်လေးစီးအား ခမောင်း ဆိပ်ကျေးရွာနှင့် အောင်ဇူကျေးရွာကြား ရပ်တန့်ထားခဲ့ကာ တောအတွင်းသို့ ခြေကျင်ဝင်ရောက်စဉ် လိုင်သီချောင်းတံတားနှင့် ပေ ၂၀ ခန့်အကွာအရောက်၌ ARSA အဖွဲ့က ဆွဲမိုင်းတစ်လုံးဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။

ပစ်ခတ်မှုကြောင့် ဦးစံအောင်ဖြူအပါအဝင်သုံးဦးမှာ ပေါက်ပြဲဖူးရောင်ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိသွားပြီး ဦးကျော်သိန်းမောင်(၃၅ နှစ်)နှင့် ဦးမောင်မဲ(၂၀ နှစ်)တို့မှာ သေဆုံးသွားသည်။ ဒဏ်ရာရရှိသူများကို မောင်တော ပြည်သူ့ဆေးရုံသို့ လွှဲပြောင်း၍ ဆေးကုသမှုပေးလျက်ရှိသည်ဟု အစိုးရက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဆိုင်ကယ်တွေကို သစ်ပင်အောက်မှာ စုရပ်ထားပြီး တောထဲကို ဝင်တဲ့အချိန်မှာ မိုင်းပေါက်ပါတယ်။ လူ ၁၂ ဦးမှာ နှစ်ဦးသေကျန်ခဲ့ပါတယ်။ နောက်သုံးဦးဒဏ်ရာရပြီး မောင်တောဆေးရုံကို ရောက်နေတာပါ။ ဆိုင်ကယ်တွေကိုလည်း မီးရှို့တာမြင်ခဲ့ပါတယ်။ လူအင်အားကများပါတယ်။ သေနတ်တွေနဲ့ပစ်ပါတယ်။ ဘယ်သူ တွေလည်းဆိုတာကို မမြင်ခဲ့ရပါဘူး။ မိုင်းပေါက်တာနဲ့ မှောင်မိုက်နေပါတယ်”ဟု ဒဏ်ရာရရှိခဲ့သူ ကိုမောင်ချေ က ပြောသည်။

ချလူးအောင် (DMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here