ရခိုင်ပြည်နယ်မှ ချင်းတိုင်းရင်းသား (၇၀၀၀) ခန့် စစ်ဒဏ်ကြောင့် ထွက်ပြေးနေရ

0
275

Photo Credit: CUSR

၃၁ မတ် ၂၀၂၀။

မြန်မာ့တပ်မတော်နှင့် ရကိ္ခိုင့်တပ်တော် (AA) တပ်ဖွဲ့အကြား တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် ရခိုင်ပြည်နယ်တွင် နေထိုင်ကြသည့် ချင်းတို်င်းရင်းသား (၇၀၀၀) ခန့်သည် မိမိနေရပ်ကိုစွန့်ခွါပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ဌာနေချင်းတိုင်းရင်းသား လူဦးရေ (၁) သိန်းခွဲခန့် နေထိုင်လျှက်ရှိကြရာ ယခုစစ်ဘေး၊ စစ်ဒဏ်ကြောင့် မိမိနေရပ် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရသည့် ချင်းတိုင်းရင်းသား လူဦးရေမှာ (၇,၀၀၀) ခန့်အထိရှိလာပြီး လူသားချင်းကူညီထောက်ပံ့မှုများ လိုအပ်နေသည်ဟု ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်းသူ/ကျောင်းသားများအဖွဲ့ (CUSR) ဥက္ကဌ ဆလိုင်းထွန်းလှကျော်ကပြောသည်။

“ကျနော်တို့ရခိုင်ပြည်နယ်ထဲမှာက ချင်းတိုင်းရင်းသားတွေလူနည်းစုတွေဖြစ်တယ် မီဒီယာတွေကလည်း လက်လှမ်းမမှီနိုင်တာရှိတယ်၊ နောက်တစ်ခုကတော့ လူနာချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးအစီအစဉ်တွေ ထိထိမ်ိမိမကူညီနိုင်တာရှိတယ်၊ နောက် အရပ်ဖက်အဖွဲ့အစည်းတွေ တခြား NGO အဖွဲ့အစည်းတွေကလည်း ဒီလူသားခြင်းစာနာထောက်ထားမှုဆိုင်ရာထောက်ပံ့ကြေးတွေမနိုင်ကြဘူး၊ အခြေခံစား၀တ်နေရေး သူတို့တော်တော်လေး ဒုက္ခရောက်နေကြတယ်” ဟု CUSR ဥက္ကဌ ဆလိုင်းထွန်းလှကျော်ကပြောသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်တော် AA တိုက်ပွဲဖြစ်ပွားမှုများမှာ ၂၀၁၈ နှစ်ကုန်ပိုင်းကစတင်ခဲ့ပြီး ယခုဆိုလျင် တစ်နှစ်ကျော်ကြာနေပြီဖြစ်သည်။ အဆိုပါတိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် စစ်ဘေးတိမ်းရှောင် နေကြသည့် စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲခန့်ရှိပြီး ယင်းနက် ချင်းလူမျိူးစစ်ဘေးဒုက္ခသည်များမှာ ၇၀၀၀ ခန့်ရှိနေပြီဖြစ်သည်။

အဆိုပါ ချင်းစစ်ဘေးရှောင်ပြည်သူများသည် ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြားနှင့် အမ်း စသည့်မြို့နယ်တို့တွင်နေထိုင်ကြသူများဖြစ်ကြပြီး ယခုအခါ စစ်ဘေးရှောင်စခန်း၊ မြို့ပေါ်ဘုရားကျောင်းတို့တွင်နေထိုင်ကြပြီး တစ်ချိူ့မှာ မကွေးတိုင်းဒေသကြီးဘက်သို့ ထွက်ပြေးတိမ်းရှောင်သူများလည်းရှိ ကြသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ချင်းရေးရာ၀န်ကြီး ဦး ပုန်ဘွယ်ကို ဖုန်းဖြင့်အကြိမ်ကြိမ်ဆက်သွယ်ခဲ့ သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ ပေ။

ရခိုင်ပြည်နယ် (၉) မြို့နယ်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်သည် ယခုလက်ရှိတွင် အင်တာနက်ဆက်သွယ်ရေး လိုင်းများပိတ်ပင်ခံထားရသည့်အတွက် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် လတ်တလောဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ နှင့်ပတ်သက်သော အသိပညာရေး ဗဟုသုတများသိရှိနိုင်ခြင်းမရှိကြောင်း ဆလိုင်းထွန်းလှကျော်ကပြောသည်။

“ရခိုင်ပြည်နယ်မှာ ကိုဗစ် ၁၉ နဲ့ပတ်သက်ပြီးတော့ ထိထိရောက်ရောက်လုပ်ပေးတာမရှိပေးဘူး အထူးသဖြင့် စစ်ဘေးရှောင်စခန်းတွေမှာပေါ့နော် အသိပညာပေးမှုတွေလုံး၀မရှိသေးတာတွေ့ရတယ်’’ ဟု ဆလိုင်းထွန်းလှကျော်က ပြောသည်။

ကိုဗစ် ၁၉ အတွက် ကျန်မာရေးအသိပညာပေးများ သတိပေးချက်များ အင်တာနက်မှတဆင့်အများပြည်သူများထံ အချိန်နှင့်ပြေးညီလျှင်မြန်စွာထုတ်ပြန်ပေးရန် အရေးတကြီးလိုအပ်နေသည့် ကာလတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တွင် အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်းသည် လုံး၀သီးခံနိုင်စရာမရှိကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်း (၅၀) ကျော်က မတ်လ ၂၆ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ရောဂါကပ်ဆိုးကြုံတွေ့နေရသည့် ယနေ့လိုကာလမျိူးတွင် အသက်တမျှအရေးကြီးသော သတင်းအချက်အလက်များဖြတ်တောက်မှုကို ဆက်လက်ပြုလုပ်နေခြင်းသည် အလွန်ပင်လူသားစာနာမှုကင်းမဲ့သည့်လုပ်ရပ်ဖြစ်သည်ဟု အဆိုပါကြေညာချက်တွင်ဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် ချင်းစစ်ဘေးရှောင်များအတွက် လူသားချင်းစာနာထောက်ထားပံ့ပူးကူညီမှုနှင့် တစ်ကမ္ဘာလုံးတွင်ရင်ဆိုင်နေရသည့်် ကိုဗစ် ၁၉ နှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို အလှူငွေအားဖြင့်သော်လည်းကောင်း နည်းပညာပိုင်းဖြင့်သော်လည်းကောင်း ၀ိုင်း၀န်းပါ၀င်ကူညီဖို့လိုအပ်သည်ဟုလည်း CUSR ဥက္ကဌ ဆလိုင်းထွန်းလှကျော်ကပြောသည်။

လားနွန်(ခိုနူမ်းသုန်) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here