19 March 2024 /

See today's Peace Related News

“နိုင်ငံရေး ဆွေးနွေးတဲ့ နည်းလမ်းနဲ့ သွားဖို့ သူတို့လက်ခံမယ်ဆိုရင် ကျနော်တို့က အဆင်သင့်ပါ။ အစိုးရနဲ့ တပ်မတော်နဲ့ပဲ ဆိုင်တယ်” ဗိုလ်မှူးကြီးနော်ဘူ(KIO/KIA)

KIO/KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံနှင့် ဆက်သွယ်မေးမြန်းခြင်း

၂ ဧပြီ ၂၀၂၀

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်က မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးက ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG ကနေတစ်ဆင့် KIO/KIA ကို ၎င်းတို့ရဲ့ နယ်မြေဌာနချုပ်ရှိရာ လိုင်ဇာကနေ ရက္ခိုင့်တပ်တော် (ULA/AA) ကို ရွှေ့ပြောင်းခိုင်းဖို့ ဖိအားပေးပြောဆိုခဲ့တယ်။ မတ်လ ၂၃ ရက်နေ့မှာတော့ အစိုးရက ULA/AA ကို အကြမ်းဖက်အဖွဲ့နဲ့ မတရားအသင်းအဖြစ် ကြေညာခဲ့ပါတယ်။ ဒီလိုကြေညာလိုက် တာကြောင့် အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ကြား လုပ်ဆောင်နေတဲ့ ငြိမ်းချမ်ရေး တွေ့ ဆုံဆွေးနွေးမှုနဲ့ Bilateral အပစ်ရပ်လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စတွေ ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ အခု ကိစ္စရပ်နဲ့ပတ်သက်ပြီး ဘယ်လိုဖြေရှင်းသွားမှာလဲ… စတာတွေနဲ့ ပတ်သက်ပြီး သတင်းနှင့် မီဒီယာကွန်ယက်(NMG)မှ ကချင်လွတ် လပ်ရေးအဖွဲ့ (KIO/KIA) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထား ပါ တယ်။

မေး – မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက KIO/KIA ကို ပြောဆိုလာတယ် ဆိုတော့ အဲဒီအ ပေါ်မှာ KIO/ KIA ရဲ့ သဘောထားက ဘယ်လိုရှိပါလဲ။

ဖြေ – ကျနော်တို့ရဲ့ သဘောထားကတော့ မပခ တိုင်းမှူးကိုလည်း စာနဲ့ အကြောင်း ကြားတာရှိပါတယ်။ အဲဒီစာထဲမှာကတော့ KIO က နိုင်ငံရေး ဆွေးနွေးတဲ့ နည်းလမ်းနဲ့ပဲ ရှေ့ဆက်ပြီးမှ သွားဖို့ အကြောင်းကြားထားတာရှိပါတယ်။ ဒုတိယအနေနဲ့တော့ AA တွေကို အခုလို မျိုးပုံစံ စစ်ရေးနဲ့ ဖြေရှင်းတာကတော့ နည်းမှန်လမ်းမှန်မဟုတ်ဘူးလို့ ဆိုပြီး အကြောင်းကြားထားပါတယ်။ အဓိကက အဲဒီ ၂ ချက်ပါ။

မေး – မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ အစိုးရတို့ တွေ့ဆုံဆွေးနွေးပွဲတွေအပေါ် ဘယ်လို အခက်အခဲတွေ ဖြစ်လာနိုင်သလဲ။

ဖြေ – အဲဒါကတော့ သူတို့ဖက်က အဓိကဖြစ်မှာပါ၊ ကျနော်တို့ကတော့ အဆင်သင့်ဖြစ်ပါ တယ်။ ကျနော်တို့ ၄ ဖွဲ့က လည်း ဆွေးနွေးဖို့ ဒီနိုင်ငံရေး ဆွေးနွေးတဲ့ နည်းလမ်းနဲ့ သွားဖို့ သူတို့လက်ခံမယ်ဆိုရင် ကျနော်တို့က အဆင်သင့်ပါ။ အစိုးရနဲ့ တပ်မတော်နဲ့ပဲ ဆိုင်တယ်။

မေး – အခုကိစ္စကို FPNCC အဖွဲ့၀င် အဖွဲ့အစည်းတွေကိုလည်း စာပို့ထားတယ်လို့ သိရတယ်။ အဲဒီအပေါ်မှာရော FPNCC အဖွဲ့၀င်တွေက ဘာမျိုးတုန့်ပြန်ပြောဆိုတာရှိသလဲ။ တစ်စုံတစ်ရာ ပြောဆိုလာတာတွေရှိလား။

ဖြေ – အခုလောလောဆယ်ကတော့ သူတို့ဖက်က တုန့်ပြန်တာ စာတွေကတော့ အခု မတွေ့ရသေး ပါဘူး။ ကျနော်တို့ကတော့ မြောက်ပိုင်း မဟာမိတ်တွေ အားလုံး နောက်ပြီးတော့ FPNCC တွေကိုလည်း အကြောင်းကြားထားပါတယ်။

မေး – အဲ့ဒီအပေါ်မှာ ULA/AA က KIO/KIA ကို ဘာများ ပြောဆိုလာတာတွေ ရှိသလဲ။

ဖြေ – ဗဟိုကော်မတီကို ဘယ်လိုပြောတယ်ဆိုတာကတော့ ကျနော်ကတော့ မသိဘူး။ ဒါပေမယ့် ကျနော်တို့ အားလုံး သိနိုင်တဲ့ အနေအထားလောက်ကတော့ သူလည်း ဘာမှ ပြောသံတော့ မကြားမိ ပါဘူး။

မေး – လိုင်ဇာမှာက ULA/AA ဌာနချုပ် ရှိတာလား။ ဘယ်လိုပုံစံနဲ့ သူတို့က နေနေတာလဲ။

ဖြေ – မရှိဘူး။ ဒီမှာက သူတို့ဌာနချုပ်ပုံစံနဲ့ လုပ်တာမဟုတ်ပါဘူး။ ဒီမှာက သတင်းပေးတဲ့ စခန်း ပုံစံနဲ့ လုပ်ထားတာပါ။ စစ်အင်အားတွေ စုထားတာလည်း မရှိပါဘူး။

မေး – အခုလို အခြေအနေမျိုးမှာ လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တစ်စုံတစ်ရာ ထိခိုက်နိုင်သလား။

ဖြေ – ခုနကပြောသလိုပေါ့၊ တပ်မတော်နဲ့ အစိုးကလည်း လက်မခံဘူးဆိုရင်တော့ ထိခိုက်နိုင်တာပေါ့။ ဒါပေမယ့် တစ်ဖက်ကနေ ဆွေးနွေးမယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ကတော့ အဆင်သင့်ဖြစ်ပါတယ်။

NMG- ပေးပို့သည်။