တပ်မတော် ပစ်ခတ်မှုကြောင့် စောမူပလောဒေသ ကားလမ်းဖြတ်ကူးသူ ဒေသခံတစ်ဦး သေဆုံးခဲ့ဟု ကေအန်ယူ ထုတ်ပြန်

0
210

၃ ဧပြီ ၂၀၂၀

မူတရော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ စောမူပလောဒေသ၊ စောနွဲပလောနေရာ၌ မတ်လ ၃၁ရက်နေ့ က ဒေသခံရွာသားများ မိသာစု ရိက္ခာဝယ်အပြီး အပြန်တွင် ကားလမ်းဖြတ်ကူးစဉ် ၎င်းဒေသအခြေစိုက် မြန်မာ့တပ် မတော်မှ ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး ဒေသခံ လူထုခေါင်းဆောင်တစ်ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်း အရုံး-KNU မှ ဧပြီလ ၁ရက်က သတင်းထုတ်ပြန်သည်။

KNU ၏သတင်းထုတ်ပြန်မှုဖြစ်စဉ်၌ မတ်လ ၃၁ရက်နေ့ ဒေသစံတော်ချိန် ညနေ ၆နာရီ ၅၀မိနစ်ခန့်တွင် တပ်မ တော် မှ ဖောက်လုပ်ထားသော ကားလမ်းကို ဒေသခံ ရွာသားများ ဖြတ်ကူးစဉ် တပ်မတော်ဘက်မှ ပစ်ခတ် လိုက်ရာ အသက် (၅၆)နှစ်အရွယ် ထီးဘောခီးရွာသား စောသက်မီး(ခ)ဘူးဂေါ်ဆဲပါ ကို ထိမှန်သေဆုံး သွား ကြောင်း KNU တပ်မဟာ(၅)၊ ဖာပွန်ခရိုင်က အတည်ပြုပြောဆိုသည်။

ဖာပွန်ခရိုင် လူမှုရေးတာဝန်ခံ နော်ချယ်ရီက “ပစ်တဲ့ စစ်တပ်စခန်းက စောနွဲပလောဒေသမှာရှိတဲ့ ဝါကလဲတူ က။ အဲ့မှာဒေသခံတစ်ဦးက စားနပ်ရိက္ခာ သယ်သွားတယ်။ ညနေပိုင်းလောက်မှာကားလမ်းဖြတ်ဖို့လုပ်တယ်။ အဲ့မှာ ဖြတ်သွားဖြတ်လာတဲ့သူက အများ ကြီးပဲ။ အဲ့အချိန်မှာပဲ စစ်တပ်က သေနတ်နဲ့လှမ်းပစ်လိုက်တာပဲ။ အဲ့မှာ အများကြီးပြေးကြတယ်။ ဇနီးဖြစ်သူက ပြေးလို့ လွှတ်သွားတယ်။ အဲ့မှာသူကပြန်ရောက်တော့ ပြောတယ် သူ့ယောကျ်ားက သေနတ်မှန်ထားတယ်။ တညလုံးဘယ်သူမှသွားမရှာရဲဘူး။ စစ်တပ်ကလည်း အဲ့ကားလမ်းပေါ် မှာစောင့်နေတော့ နောက်နေ့မနက်မှ သွားကြည့်တာ သေနေပြီး” ဟု ပြောသည်။

ထိုသို့အပစ်ခတ်ခဲ့သည့် တပ်မတော် တပ်ရင်းအမည်ကို အတိအကျမသိရှိရသေးသော်လည်း ၎င်းဒေသသည် တပ်မတော် ခြေလျင်တပ်ရင်း (ခလရ-၃၀)၏ လှုပ်ရှားနယ်မြေဖြစ်ကာ အပစ်ခတ်ခံခဲ့ရသည့် ဒေသခံရွာ သားများ၏ ဆီ ၁၀ပုံး၊ ကွမ်းသီး ပိဿာ (၂၀၀) နှင့် ပေါက်ဆိတ် တစ်လက် ကျန်ရှိခဲ့ကြောင်း KNU စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန လက်အောက် သူးလေးနယူးစ်၏ သတင်း ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မော်ဖူးအခြေစိုက် ခြေလျင်တပ်ရင်း(ခလရ-၄၈)မှ လူသောမြို့နယ်၊ ဖလက်ခိုး ကျေးရွာအုပ်စုအတွင်းရှိ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ဧရိယာအတွင်း တောမီးများ ရှို့မှုကြောင့် ဒေသခံရွာသားများ၏ တောင်ယာခင်းများ စုစုပေါင်း ဧက (၅၀) ခန့် နှင့် သစ်တောဧရိယာ ဧက(၅၀၀)ခန့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်းလည်း သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် ယနေ့ထုတ်ပြန်ချက်၌ ဆိုသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေး၏ ပြောခွင့်ရ ဗိုလ်မှူးကြီး ဇော်မင်းထွန်း နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ)၏ ပြောခွင့်ရ ဗိုလ်မှူးကြီး မောင်မောင်လှ တို့ကို ဧပြီလ ၂ရက်နေ့နှင့် ၃ရက်နေ့အထိ ကေအိုင်စီမှ အကြိမ်ကြိမ် ကြိုးစားဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

KNU အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက “ ဒါက ပြည်သူလူထုတွေကို တိုက်ရိုက် လုပ်ဆောင်တဲ့ ကိစ္စ တွေဖြစ် လာတဲ့အပေါ်မှာ ကေအဲန်ယူအနေနဲ့ NCAလမ်းကြောင်းကနေ အသိပေးတိုင်ကြားပြီးတော့ ဒီအပေါ်မှာ ရပ်တန့် ဖို့ပေါ့ အဲ့ဒါတွေကို မလုပ်ဖို့ပေါ့ ဒါတော့ ပြောရမယ်လေး။ တပ်တပ်ချင်းတွေ့တဲ့ ကိစ္စတွေမှာ ဖြေရှင်းနိုင်ဖို့ လုပ်ရမယ်။ ဒီအချိန်ဒီကာလမှာတွေ့ရဖို့ခက်တဲ့အတွက် သူတို့ဆီကို တိုင်ကြားစာ၊ အကြောင်းကြာ စာ နဲ့ ကန့်ကွက် စာတွေပေးပို့ထားပေးရမှာပေါ့” ဟု ပြောသည်။

ကရင်ငြိမ်းချမ်းရေး အထောက်ကူပြုကွန်ယက်-KPSNမှ ၎င်းပစ်သတ်ခံခဲ့ရသူ ဒေသခံရွာသား စောသက်မီး ဆိုသူမှာ ဖာပွန်ဒေသတွင် ယနေ့အချိန်ထိ စစ်ပြေးရှောင်နေရဆဲ IDP များအတွက် စားနပ်ရိက္ခာ သွားဝယ်ရာမှ အပြန် လမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်းနှင့် အဆိုပါ ပစ်သတ်ခံရသူမှာ IDP များအတွက် အကူအညီပေး နေသည့် ဒေသခံလူထုခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန် ထားသည်။

အလားတူ သေဆုံးသွားသူ စောသက်မီးသည် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် အတွင်း ကျေးရွာပိုင်ဘုံ သစ်တော တစ်ခု၏ ကော်မတီဝင်ခေါင်းဆောင်တစ်ဦးဖြစ်သလို ကော်သေးဂူ ခေါ် ဒေသတစ်ခု၏ တရားစီရင်ရေး ကော်မ တီ ၏ ဒုတိယ တရားသူကြီး တစ်ဦးလည်းဖြစ်ကာ အပစ်ခံရသည့် နေရာတွင် တပ်မတော်မှ နေရာယူ ထား သေးသောကြောင့် ယနေ့အချိန်ထိ ၎င်း၏ အလောင်းကို မိသားစုဝင်များမှ သွားရောက် ကောက်ယူနိုင်ခြင်း မရှိ သလို ၎င်းသေဆုံးချိန်တွင် ဇနီသည်နှင့် ကလေး (၅)ဦးကျန်ရစ်ကြောင်း သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မူတရော်ခရိုင်၊ တပ်မဟာ ၅ အတွင်း လှုပ်ရှားနေသော မြန်မာစစ်တပ်များမှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း (ခမရ – ၅၉၀ ၊ ၅၈၉ ၊ ၃၅၀ ၊ ၅၉၈ ၊ ၄၃၉ ၊ ၆၀၃ ) ခြေလျင်တပ်ရင်း(ခလရ – ၅၁ ၊ ၇၁ ၊ ၇၅ ၊ ၅၇ ၊ ၆၀ ၊ ၃၀ ၊ ၃၉) စသည်တို့ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပြီး သတ်မှတ်ထား သောနေရာကို ကျော်လွန် လှုပ်ရှားသောကြောင့် ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)တပ်မဟာ ၅ နှင့် ပစ်ခတ်မှု များ(၃) လ အတွင်း ( ၅၉ ) ကြိမ်ရှိခ့ဲကြောင်း ကေအဲန်ယူဘက်သတင်းထုတ်ပြန်ထားသည်။

ထိုသို့ ထိတွေ့ပစ်ခတ်မှုများရှိနေသေးသောကြောင့် ယခင်လများအတွင်း တောထဲသို့ ထွက်ပြေးတိမ်း ရှောင်နေခဲ့သည့် စစ်ပြေးရှောင် (၃၆၇)ဦးဆက်တိမ်းရှောင်နေဆဲဖြစ်ပြီး သတိဖြင့်ပြန်လည် ဝင်ရောက်နေ ထိုင်သည့် ဒေသခံရွာသား (၇၂၅)ဦးရှိကာ နှင့် စိုးရိမ်ဖွယ် နယ်မြေတွင်ရှိနေသော ဒေသခံ(၅,၆၆၁)ဦးတို့သည် ယနေ့အချိန်ထိ စိုးရိမ်နေရသည့်အခြေအနေအောက်တွင် တည်ရှိနေသေးကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။

အလားတူပြီးခဲ့သည့် မတ်လ ၅ရက်နေ့တွင် ကေအဲန်ယူ၏သစ်တောစောင့်အဖွဲ့ဝင်တစ်ဦး တပ်မတော်၏ ပစ်ခတ်ခြင်းခံခဲ့ရ၍ သေဆုံးသွားသလို ယခင် ၂၀၁၈ခုနှစ် ဧပြီလ ၅ရက်နေ့တွင်လည်း ဒေသတွင်း သဘာဝ ပတ်ဝန်းရေး တက်ကြွလှုပ်ရှားသူ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် ခေါင်းဆောင်ဖြစ်သူ စောအိုမူး ဆိုသူလည်း ပစ်သတ်ခြင်းခံခဲ့ရကြောင်းသိရသည်။

စအိုင်ဆူး(ကေအိုင်စီ)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here