ကိုရိုနာဗိုင်းရပ် ကာကွယ်ရေးအတွက် အစိုးရအပါအဝင် မည်သည့်အဖွဲ့နှင့်မဆို ပူးပေါင်းဆောင်ရွက်လိုကြောင်း SSPP/SSA ပြော

0
215

၃ ဧပြီ ၂၀၂၀

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၏ ထိန်းချုပ်ဒေသအတွင်း Covid – 19 ကို ထိရောက်စွာ ကာကွယ် တားဆီးနိုင်ရန်အတွက် အစိုးရအပါအ၀င် အခြား သော လူမှု အသင်းအဖွဲ့များနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ကပြော သည်။

SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဘုန်းဟန်က “ကျနော်တို့ အဖွဲ့အစည်းက အထူးအလေးထားပြီး တော့ ဆောင်ရွက်နေပါတယ်။ တတ်နိုင်တဲ့ အနေအထားပေါ့နော်။ ဒါကို ကျနော်တို့ တစ်ခြား ပရဟိတ အဖွဲ့ အစည်းများ လူမှုအဖွဲ့အစည်းများ၊ ကျန်းမာရေး အဖွဲ့အစည်းများ ဘယ်အဖွဲ့အစည်းမဆို ကျနော်တို့ ပူးပေါင်း ဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်” ဟု ပြောသည်။

Covid – 19 ရောဂါကာကွယ်တားဆီးရေးအတွက် အစိုးရနှင့် ပူးပေါင်း လုပ်ဆောင် ရန် သဘောထား ရှိသော် လည်း လက်ရှိ အနေအထားအရ အစိုးရတွင်လည်း အခက်အခဲများစွာရှိနေသည် ဟု ဗိုလ်မှူး စိုင်းဘုန်းဟန်က ဆက်ပြောသည်။

“ဒါပေမယ့် အစိုးရကိုယ်၌ကလည်း သူတို့မှာလည်း အခက်အခဲရှိနေတယ်။ ကျနော်တို့က လောလောဆယ် သူတို့မှာလည်း တတ်နိုင်သလောက် သူတို့ မလုပ်နိုင်ဘူး။ အဲဆိုလည်း သူတို့မှာလည်း အခက်အခဲ တစ်စုံ တစ် ရာ ရှိတာပေါ့ အဲကြောင့်မို့လို့ ကျနော်တို့က တတ်နိုင်တဲ့ ဖက်က ကျနော်တို့ လုပ်နေတာ ဖြစ်တယ်။ ဘယ်အဖွဲ့နဲ့ မဆို ကျနော်တို့ ပူးပေါင်းဖို့ ဆန္ဒရှိပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့လည်း ကမ်းလှမ်းတာပေါ့”

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အနေဖြင့် ဒေသအတွင်း Covid – 19 ရောဂါကာကွယ်တားဆီးရေးကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန်အတွက် မတ်လ ၂၈ ရက်နေ့က ကော်မတီတစ်ခုကို ဖွဲ့စည်းထားသည်ဟု ဆိုသည်။

SSPP ထိန်းချုပ်ရာ ဒေသအတွင်း Covid – 19 ရောဂါ ကာကွယ်တားဆီးရေးကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO နှင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနတို့မှ ချမှတ်ထားသည့် ကျန်းမာရေး လမ်းညွှန်းချက်အတိုင်း ဒေသခံ ပြည်သူများအား အသိပညာပေး အစီအစဉ်များကို လုပ်ဆောင်နေသည်ဟု ဆိုသည်။

ထို့အပြင် SSPP ဌာနချုပ်၀န်းကျင်နှင့် အ၀င်အထွက် လမ်းများတွင် ကိုယ်ပူတိုင်းကိရိယာများဖြင့် စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု SSPP က ပြောသည်။ Covid – 19 ရောဂါ ဖြစ်ပွားလာသည့်အတွက် ကမ္ဘာအရပ်ရပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်တန့် ပေး ရန် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတာရက်စ်က မေတ္တာရပ်ခံ တောင်းဆို ထားသည်။

ဗိုလ်မှူးစိုင်းဘုန်းဟန်က “ဒီကိုရိုနာ ဖြစ်လာမှ တိုက်ပွဲရပ်ဖို့ဆိုတဲ့ ဆန္ဒရှိလာတာ မဟုတ်ပါဘူး။ ကျနော်တို့ အမြဲတမ်းတောင်းဆိုလာတာက တည်ငြိမ်းအေးချမ်းဖို့ရယ် ငြိမ်းချမ်း ရေးရယ် ကျနော်တို့ လက်ကိုင်တဲ့ မူဝါဒဖြစ်တယ်။ အရင်တုန်းကလည်း ကျနော်တို့ ဒီရောဂါ မဖြစ်လာခင်ကတည်းက ကျနော်တို့က ဒီဟာကို အစဉ်တစ်စိုက်တောင်းဆိုတာ ရှိတယ်ခင်ဗျာ။ ဒါပေမယ့် အခုက ပိုပြီးတော့ အရေးကြီးတယ်ဆိုတာ ကျနော်တို့ အစိုးရရယ် တပ်မတော်ရယ်က အထူးပြုပြီးတော့လေ စဉ်းစားရမယ့် ဆင်ဆင်ခြင်ခြင်လုပ်ရမယ့် သဘောထား ရှိပါတယ်။ ဒါကတော့ တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိန်မှာ ကျနော်တို့ ဘာလုပ်သင့်သလဲ ဆိုတဲ့ဟာကို တာ၀န်ရှိတဲ့ လူတိုင်းက အဖွဲ့အစည်းတိုင်း က စဉ်းစားရမယ့် အချက်ထဲမှာပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူးပေပြည်နယ် ဝူဟန်မြို့မှ စတင်ဖြစ်ပွားလာသည့် ကိုရိုနာ အဆုတ်ရောင်ရောဂါ covid – 19 သည် လက်ရှိတွင် ကမ္ဘာအရပ်ရပ်သို့ ကူးစက်ပြန့်ပွားလျက်ရှိပြီး ကမ္ဘာ့ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO မှ ကြေငြာထားသည်။ မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ရောဂါပိုး ကူးစက်ခံထားရသူ ၂၀ ဦးရှိပြီး ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ က ရောဂါကူးစက်ခံထားရသည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သူ အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။
အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here