အပစ်အခတ် မရပ်နိုင်သေးသည့်အတွက် ကိုရိုနာဗိုင်းရပ် ကာကွယ်ရေး အခက်တွေ့နေဟု TNLA ပြောဆို

0
103

၃ ဧပြီ ၂၀၂၀

အစိုးရနှင့် တပ်မတော်တို့မှ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် အပစ်ရပ်စဲခြင်း မရှိသည့်အတွက် ကိုရိုနာဗိုင်းရပ် (Covid – 19) ရောဂါကာကွယ် တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အခက်အခဲများစွာ ရှိနေသည် ဟု မြောက် ပိုင်း မဟာမိတ် အဖွဲ့၀င်များက ပြောသည်။

တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာ၀န်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “အခက်အခဲ ဆိုတာကတော့ ကျနော်တို့ နေရာတိုင်း သွားလို့ မရဘူး။ အထူးသဖြင့် ကတော့ ကျနော်တို့က တိုက်ပွဲတွေ ဖြစ်တော့ အပစ်ခတ်ရပ်တဲ့ အဖွဲ့ မဟုတ်တော့ တစ်ချို့နေရာတွေမှာ တိုက်ပွဲ ဖြစ်နိုင်တဲ့ နေရာတွေပေါ့နော်။ ဒီထိုးစစ်တွေ ရှိတဲ့ နေရာတွေမှာတော့ အဲလိုမျိုးက ကျနော်တို့က မသွားနိုင်ဘူး” ဟု ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် covid – 19 ရောဂါ ကာကွယ် တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် တိုက်ပွဲ များ ဖြစ်ပွားနေမည်ဆိုပါက ဒေသခံပြည်သူများမှာ အခက်အခဲများနှင့် ပိုမိုကြုံတွေ့နိုင်သည့် အတွက် အစိုးရနှင့် တပ်မတော်ဖက်မှ အပစ်ရပ်ပေးပါက ပိုမို ထိရောက်စွာ လုပ်ဆောင်နိုင်မည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် က ဆက် ပြောသည်။

“နောက်တစ်ခုက အထူးသဖြင့်တော့ ဒီထိုးစစ်မရှိရင် ပိုပြီးတော့ အဆင်ပြေတာပေါ့။ ခုနကျရင် ထိုးစစ်တွေများ တော့ တိုက်ပွဲဖြစ်ပွားလို့ရှိရင်တော့ လူထုတွေက ရောဂါကို ကြောက်ရတာက တစ်ခုပေါ့နော်။ ရောဂါကို ရှောင်ရ တာက တစ်ခု ပြီးရင် စစ်ဘေးဓာတ်ရှောင်ရတာက တစ်ခု။ အဲမျိုးတွေ ရှိလာနိုင်တယ်။ ဒီအချိန်မှာတော့ အစိုးရ နဲ့ တပ်နဲ့က ကျနော်တို့ တိုင်းရင်းသားဒေသမှာ ထိုးစစ်တွေ လျှော့ချဖို့တော့ လိုတယ်။ တိုက်ပွဲ မဖန်တီးဖို့တော့ လိုတာပေါ့။”

တစ်ဖက်တွင်လည်း Covid – 19 ရောဂါ ဖြစ်ပွားလာသည့်အတွက် ကမ္ဘာအရပ်ရပ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲ များကို ရပ်တန့်ပေးရန် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူးတာရက်စ်က မေတ္တာ ရပ်ခံ တောင်းဆိုထားသည်။

အဆိုပါ တောင်းဆိုချက်ကို ကရင်အမျိုးသား အစည်းရုံး KNU၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KSPP တို့က ထုတ်ပြန်ချက်ထုတ်ကာ ကြိုဆိုခဲ့ကြသကဲ့သို့ လက်ရှိ မြန်မာပြည်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရပ်တန့်ပေးရန် အစိုးရနှင့် တပ်မတော်ကို တောင်းဆိုထားသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဘုန်းဟန်က”အခုက ပိုပြီးတော့ အရေး ကြီးတယ်ဆိုတာ ကျနော်တို့ အစိုးရရယ် တပ်မတော်ရယ်က အထူးပြုပြီးတော့လေ စဉ်းစားရမယ့် ဆင်ဆင်ခြင် ခြင်လုပ်ရမယ့် သဘောထား ကျနော်တို့က ရှိပါတယ်။ ဒါကတော့ တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိန်မှာ ကျနော်တို့ ဘာလုပ်သင့်သလဲ ဆိုတဲ့ဟာကို တာ၀န်ရှိတဲ့ လူတိုင်းက အဖွဲ့အစည်းတိုင်း က စဉ်းစားရမယ့် အချက်ထဲမှာ ပါတယ်ခင်ဗျာ” ဟု ပြောသည်။

ထိုသို့တောင်းဆိုထားသော်လည်း တိုက်ပွဲများမှာ ရပ်တန့်သွားခြင်း မရှိပဲ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်၀တို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ PSLF/TNLA အနေဖြင့် ၎င်းတို့လှုပ်ရှားရာ ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော်လည်း covid – 19 ရောဂါ ကာကွယ်တားဆီးရေးများကို လုပ်ဆောင်နေသည်ဟု PSLF/TNLA ပြောသည်။

“ပြီးခဲ့တဲ့ ၁၇ ရက်နေ့မှာလည်း ကျနော်တို့က နှိုးဆော်စာတွေလည်း ထုတ်ထားတယ်။ ဟိုးတရုတ်ပြည်မှာ စပေါ် ကတည်းက ဒီရုပ်ပြတွေနဲ့ ကျနော်တို့ တအာင်းလို ဘာသာပြန်ပြီးမှ အသိပညာပေး လုပ်ငန်းတွေ လုပ်တယ်။ အခုလည်း ကျနော်တို့ ကျန်းမာရေးဌာနဖက်နဲ့ အုပ်ချုပ်ရေးဌာနပေါ့နော် မြေပြင်မှာလည်း ပညာပေး လုပ်ငန်း တွေ လုပ်တယ်။ အဲလိုမျိုး သူ့ရဲ့ လက္ခဏာရယ် နောက်ထပ် အခြားဒေသက ပြန်လာတဲ့ ဒီလူတွေပေါ့နော် ပြန်လာတဲ့ လူတွေစောင့်ကြည့်ဖို့ အဲလိုမျိုး ပညာပေးတာလည်း ရှိတယ်။ လူစုလူေ၀း မပြုလုပ်ဖို့လည်း ကျနော် တို့က ကြေငြာထားတာဖြစ်တယ်” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

ထို့သို့လုပ်ဆောင်ရာတွင် တိုက်ပွဲဖြစ်ပွားမှုကို ရှောင်ရှားရသည့် အခက်အခဲအပြင် နှာခေါင်းစည်း၊ လက်အိတ် စသည့် အသုံးအဆောင်ပစ္စည်း မလုံလောက်မှုနှင့် နည်းပညာ အခက်အခဲများစွာ ရှိသူဟု PSLF/TNLA က ဆို သည်။

ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူးပေပြည်နယ် ဝူဟန်မြို့မှ စတင်ဖြစ်ပွားလာသည့် ကိုရိုနာ အဆုတ်ရောင်ရောဂါ covid – 19 သည် လက်ရှိတွင် ကမ္ဘာအရပ်ရပ်သို့ ကူးစက်ပြန့်ပွားလျက်ရှိပြီး ကမ္ဘာ့ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO မှ ကြေငြာထားသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ရောဂါပိုး ကူးစက်ခံထားရသူ ၂၀ ဦးရှိပြီဖြစ်ပြီး ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က ရောဂါကူးစက်ခံထားရသည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သူ အသက် ၆၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

အားမီ(NMG) – ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here