ဆန်သယ်ယူခွင့် ပိတ်ခံထားရသည့် ပလက်၀တွင် တပ်မ (၇၇)မှ ဆန်ဈေး အဆမတန်မြှင့်တင်ရောင်းချနေဟုဆို

0
265

၃ ဧပြီ ၂၀၂၀

ရခိုင်ပြည်နယ်နှင့် ဆက်သွယ်ရေးလမ်းကြောင်းများပြတ်တောက်မှုကြောင့် စားနပ်ရိက္ခာပြတ်လပ်နေသည့် ချင်းပြည်နယ်၊ ပလက်၀မြို့နယ်တွင် ချင်းပြည်နယ်နှင့် အခြားမြို့နယ်များမှ ဆန်သယ်ယူခွင့်ကို ရှင်းလက်၀အခြေစိုက် တပ်မ (၇၇) မှ ကန့်သတ်ပိတ်ပင်မှုတွေရှိနေပြီး ၎င်းတို့ကိုယ်တိုင်က ဆန်ဈေးနှုန်းများကို အဆမတန်မြင့်တင်ကာ ရောင်းချမှုများရှိနေသည်ဟု စုံစမ်းသိရှိရသည်။

မကြာသေးခင်ရက်ပိုင်းက ပလက်၀မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅) အုပ်စုတို့ စုပေါင်း၍ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့တွင် ဆန်၀ယ်ယူရန်သွားရောက်ခဲ့ကြသော်လည်း ရှင်းလက်၀ကျေးရွာတွင် တပ်စွဲထားသည့် တပ်မ (၇၇) က အခြားမြို့နယ်များမှ ဆန်များ၀ယ်ယူပါက သယ်ယူခွင့်ပြုမည်မဟုတ်ကြောင်းပြောဆိုကာ တပ်မတော်က ရောင်းချသည့် ဆန်ကိုသာ၀ယ်ယူရန် ပြောဆိုခဲ့သည်ဟု လိုင်လင်းပီမြို့သို့ ဆန်၀ယ်ရန်သွားရောက်သည့်အဖွဲ့တွင်ပါ၀င် သူတစ်ဦးက ခိုနူမ်းသုန်ကို ပြောသည်။

“လိုင်လင်းပီကိုသွားမယ်ဆိုရင်ရှင်းလက်၀ကိုဖြတ်ရတယ်၊ အဲဒီရှင်းလက်၀မှာ တပ်မ (၇၇) ဆိုတာရှိတယ်သတင်းပို့ရတယ်၊ ကျနော်တို့ကလည်း လိုင်လင်းပီဘက်မှာ ဆန်၀ယ်မယ်ဆိုပြီးပြောတော့ ဆန်၀ယ်ဖို့ဆိုရင် ခွင့်မပြုဘူးတဲ့၊ ရှင်းလက်၀မှာဘဲ ၀ယ်လိုက်ပါတဲ့၊ ရှင်းလက်၀မှာက ဈေးကကြီးတယ်ဆိုတော့ မ၀ယ်နိုင်ဘူးလေ၊ ဆန်တစ်အိတ်ကို ကျပ် (၆ သောင်း) ကျော်ဆိုတော့ မ၀ယ်နိုင်ဘူးလေ၊ လိုင်းလင်းပီမှာက ဆန်တစ်အိတ်ကို ကျပ် နှစ်သောင်းကျော်ကျော်လောက်ဘဲလေ၊ သယ်ယူခနဲ့တောင်မှ ၃သောင်းလောက်ပဲဆိုတော့ သက်သာတယ်လေ’’ ဟု အဆိုပါဒေသခံကပြောပြသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ပွဲပိုမိုပြင်းထန်လာသည့်အတွက် ပလက်၀ – ကျောက်တော် အကြား ရေလမ်း/ကုန်လမ်းများသည် ပြီးခဲ့သည့်ဖေဖော်ဝါရီ လဆန်းပိုင်းကစ၍ ပြတ်တောက်ခဲ့ပြီး ပလက်၀မြို့နယ်သို့ ဆန်၊ ဆီ၊ ဆား စသော မည်သည့် ကုန်စည်မှ သယ်ယူနိုင်ခြင်းမရှိတော့ခြင်းဖြစ်သည်။

ထို့ကြောင့် ပလက်၀မြို့နယ်အတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများအပါအ၀င် စစ်ဘေးကြောင့် နေရပ်စွန့်ခွါနေကြသူများသည် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့်ကြုံတွေ့ နေကြရသည်။

ထို့ကဲ့သို့အခြေအနေမျိူးကြုံတွေ့နေရသည့်အချိန်တွင် ပလက်၀မြို့နှင့် အနီးစပ်ဆုံးမြို့နယ်ဖြစ်သည့် မတူပီမြို့နယ်၊ လိုင်လင်းပီမြို့တွင် ဆန်ဈေးနှုန်းသက်သာသည့်အတွက် ဆန်သယ်ယူရန်တောင်းဆိုခဲ့ကြသော်လည်း တပ်မတော်က သယ်ခွင့်မပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“ရှင်းလက်၀နဲ့ တရွှန်အိုင်ကျေးရွာမှာအခြေစိုက်တဲ့ စစ်တပ်တွေက စီးပွားရေးလုပ်တာလေ၊ ဒါကြောင့် ကျနော်တို့ လိုင်လင်းပီကဆန်တွေ ၀ယ်သွားရင်တော့ သူတို့စီးပွားရေးထိခိုက်တော့မှာလေ၊ သူတို့ (စစ်တပ်) ရောင်းတဲ့ဆန်က သူများတွေ၀ယ်ကြတော့မှာမဟုတ်ဘူး၊ အဲဒါကြောင့် သူတို့ခွင့်မပြုတာ’’ ဟု လိုင်လင်းပီမြို့သို့ ဆန်၀ယ်ရန် သွားရောက်သည့်အဖွဲ့တွင်ပါ၀င်သော နောက်ထပ်ဒေသခံတစ်ဦးကပြောသည်။

ရှင်းလက်၀ကျေးရွာတွင် အခြေစိုက်သည့် စစ်တပ်သည် ဆန်၊ ဆီ၊ ဆား အပြင် လောင်စာဆီများကိုလည်း စီးပွားဖြစ် ရောင်းချနေသည်ဟု အမည်မဖော်လိုသူ ရှင်းလက်၀ရွာသားတစ်ဦးကပြောသည်။

“အဲဒီမှာရှိတဲ့ တပ်က ဓာတ်ဆီတို့၊ ဆန်တို့၊ ဆီတို့ရောင်းတယ်၊ ဆန်ဆိုရင်လည်း တစ်အိတ်ကို ကျပ် (၆၂၀၀၀) နဲ့ရောင်း တယ်၊ ဓါတ်ဆီဆိုရင်လည်း တစ်ဂါလံကို ကျပ် ၈ ထောင်၊ တစ်သောင်း အဲလိုရောင်းတယ် တချိူ့ဆိုင်တွေက ၆ ထောင် လောက်နဲ့ရောင်းရင်တောင် မရောင်းနဲ့ဆိုပြီးပြောတယ်၊ အဲဒါကျနော်တို့တော်တော်ဒုက္ခရောက်တယ်၊ စစ်တပ်ဆိုတာ စီးပွားရေးလုပ်ဖို့လာတာမဟုတ်ဘူး၊ စစ်တိုက်ဖို့ ပြည်သူလူထုကို ကာကွယ်ဖို့လာတာမဟုတ်ဘူးလား၊ အေအေက နှိပ်စက်လိုက်၊ စစ်တပ်ကနှိပ်စက်လိုက်၊ ပြည်သူတွေက ဒုက္ခရောက်နေပြီ’’ ဟု ရှင်းလက်၀ဒေသခံကပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်၀န်ကြီးဦးစိုးထက်ကတော့ တပ်အနေဖြင့် ဆန်သယ်ခွင့်ပိတ်ပင်ရခြင်းသည် ရက္ခိုင့်တပ်တော် (AA) လက်ထဲဆန်ရောက်သွားမှာကို စိုးရိမ်မှုရှိသည်ကတစ်ပိုင်း၊ လိုင်လင်းပီ၊ ပခုက္ကူဘက်တွင် ဈေးနှုန်းသက်သက်သာသာနှင့် ဒေသခံများက ဆန်၀ယ်ယူကာ သယ်ယူသော်လည်း ဈေးနှုန်းအဆမတန်မြှင့်တင်ပြီး ပြန်လည်ရောင်းချမှုများရှိနေသည့်အတွက်ကြောင့်ဖြစ်သည်ဟု ပြောသည်။

“တပ်ကတော့ နှစ်ပိုင်းရှိတာပေါ့နော်၊ ဆန်သယ်လို့ရှိရင် အဲဒီဆန်တွေက AA ဆီရောက်သွားမှာဆိုတာတစ်ပိုင်း၊ လိုင်းလင်ပီမှာဖြစ်ဖြစ် ပခုက္ကူမှာဖြစ်ဖြစ် ဈေးသက်သက်သာသာနဲ့ရတယ်ဆိုပေမယ့် သူတို့လည်း ကျပ် ၇ သောင်း/၈ သောင်းနဲ့ ပြန်ရောင်းတယ်၊ အဲလိုဖြစ်နေတာ၊ တကယ့်ဒေသခံတွေ စားဖို့အတွက်ကိုရည်စူးတာမဟုတ်ဘူး၊ အမြတ်နဲ့ရောင်းစားဖို့ ရည်စူးချက်တွေ ရှိတယ်၊ အဲဒါကို တပ်ကလည်းသိတော့ တားတာ၊ တပ်ကလည်း ၆ သောင်းနဲ့ရောင်းတာ၊ တကယ်က တပ်ကလည်း အဲလောက်မတင်သင့်ဘူး၊ ဒေသခံလူကြီးတွေက ကိုယ့်ဒေသကလူတွေ စားဖို့အတွက်ကို တကယ်ကိုသယ်တာဆိုရင်တော့ ကျနော်တို့ပြောပေးမယ် အဲဒီတပ်ကို အဲလိုမဟုတ်ဘဲနဲ့ သူတို့ကိုယ်တိုင်လည်း စီးပွားရေးအရ ရောင်းစားဖို့လုပ်နေတယ်ဆိုပြီး တပ်ကလည်းစွပ်စွဲတယ်၊ တပ်ကလည်း သူတို့ရဲ့ရိက္ခာအပိုအလျှံကို ရောင်းစားချင်တယ်၊ တစ်အိတ် ၆ သောင်းနဲ့ သူတို့ကလည်း ဈေးသက်သာသာနဲ့ယူပြီးတော့မှ ၇ သောင်း၊ ၈ သောင်းနဲ့ရောင်းနေကြတယ်၊ ဒီလိုတွေရှုတ်ထွေးနေတာ’’ ဟု ပြောသည်။

ယခုလက်ရှိတွင် ကျောက်တော်-ပလက်၀ ရေလမ်း/ကုန်းလမ်းပြတ်တောက်နေသည့်အတွက် မတူပီ-ဆမီး-ပလက်၀ လမ်းကိုအသုံးပြု၍ ပလက်၀မြို့နယ်သို့ ရိက္ခာများပို့ဆောင်ရန်စီစဉ်နေသော်လည်း ဆမီးအထိသာ ရောက်နိုင်ပြီး ဆမီးမှ ပလက်၀အထိ အရောက်ပို့ရန် လုံခြုံရေးအရ အခက်အခဲဖြစ်နေသည်ဟု ၀န်ကြီးကဆက်ပြောသည်။

ထို့ကြောင့် ချင်းပြည်နယ်အစိုးရအနေဖြင့် လိုင်လင်းပီနှင့် ရှင်းလက်၀ကျေးရွာအကြား လမ်းကြောင်းကို ကုန်တင်ကားသွားနိုင်ရန် အရေးပေါ်ဖေါက်လုပ်ကာ ယခုအခါ ကားသွားနိုင်ပြီဖြစ်သည်။

ပလက်၀မြို့နယ်အတွင်းရှိ ဒေသခံပြ ည်သူများအတွက် သီတဂူဆရာတော်မှ လှူဒါန်းသည့် ဆန်အိတ် ၆၇၀ အနက် အိတ် ၂၇၀ သည်လည်း လိုင်လင်းပီ မှတဆင့် ရှင်းလက်၀သို့ရောက်ရှိပြီဖြစ်ကြောင်း၊ ကုလားတန်မြစ်အထက်ပိုင်းတွင်ရှိသည့် ဒေသခံပြည်သူများအား အခမဲ့ဖြင့် ခွဲေ၀ပေးမည်ဖြစ်ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။

ခိုနူမ်းသုန်-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here