ပုဏ္ဏားကျွန်း လက်ဝဲစာတိုက်ရွာအနီး လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရ

0
231

ပုံစာ-ကျည်ထိမှန်ဒဏ်ရာရရှိသွားသည့် ဦးစောနိုင်ဝင်းကို စစ်တွေဆေးရုံကြီးသို့ယူဆောင် လာစဉ်၊ ဓာတ်ပုံ-အောင်ထိန်

၃ ဧပြီ ၂၀၂၀

ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့နယ်၊လက်ဝဲစာတိုက်ကျေးရွာအနီးသို့ ဧပြီလ ၃ ရက်၊နံနက် ၇ နာရီခန့်က လက်နက်ကြီးကျည်ကျရောက်သောကြောင့် အမျိုးသားတစ်ဦးဒဏ်ရာရရှိသွားသည်ဟု မိသားစုဝင်များထံက သိ ရသည်။

အသက် (၃၅)နှစ်အရွယ် ဦးစောနိုင်ဝင်းသည် ကျေးရွာအပြင်ဘက် လယ်ကွင်းသို့နွားကျောင်းရန်သွားစဉ် လက် နက်ကြီးကျည်ကျရောက်ပေါက်ကွဲလာသောကြောင့် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ဖခင်ဖြစ်သူ ဦးမောင်စံခင် က ပြောသည်။

“သူကမနက်စောစောပိုင်းကလယ်ကွင်းကိုသွားတယ်။အဲ့မှာလက်နက်ကြီးက ကားလမ်းဘေးမှာ လာပြီး ကျတယ်။ ကျတဲ့အခါ ကျနော့်သားလေးက ကားဘေးမှာ သွားနေတာ။ လက်နက်ကြီးကျတဲ့ နေရာနဲ့ ကျနော့် သားသွားနေတဲ့ နေရာနဲ့ အကြမ်းအားဖြင့် မီတာ၅၀ လောက်ဝေးတဲ့နေရာက ကျည်စလာပြီးကျသွားတယ်”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် ဦးစောနိုင်ဝင်းမှာ ဘယ်ဖက်ပုခုံးမှာ ဒဏ်ရာရရှိသွားသဖြင့် ပုဏ္ဏားကျွန်းဆေးရုံမှတစ်ဆင့် စစ်တွေ ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေသည်။

ယင်းကျေးရွာအနီးတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိခဲ့ဟုဒေသခံများကဆိုသည်။ထိုလက်နက်ကြီးကျည် မှာ ပုဏ္ဏားကျွန်းမြို့မြောက်ဘက်ရှိ ၅၅၀ တပ်ရင်းဘက်မှ ပစ်ခတ်သည့်ကျည်ဖြစ်သည်ဟု မိသားစုဝင်များက ဆို ကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်တုန့်ပြန်ချက်ရရှိနိုင်ရန်အတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ် မှူးကြီး ဝင်းဇော်ဦးနှင့်တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော် လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ယမန်နေ့ညနေပိုင်းက လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံများကို ပုဏ္ဏားကျွန်းမြို့ထဲကပင် အနီးကပ်ကြား ခဲ့ရသည်ဟု မြို့သစ်ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

“အဲဒီအချိန်က ကျွန်တော်လက်ဖက်ရည်ဆိုင်ရောက်နေတယ်။အသံက နည်းနည်းလေးမဟုတ်ဘူး။အဲဒါကြောင့် အိမ်ပြန်ကြတယ်။ည ၁၁ နာရီကျော် ၁၂ နာရီအထိ မိုးကြိုးပစ်သံလိုကြားရတယ်။ဒီမနက်လည်း ပစ်သေးတယ် ”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး အရပ် သား၊ထိခိုက်သေဆုံးမှုအရေအတွက်လည်း တဖြည်းဖြည်းမြင့်တက်လာသည်။

DMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here