“ကျနော်တို့ဒေသမှာ မြေမြှုပ်မိုင်းတွေ ဆက်ပြီးမပေါက်ကွဲဖို့ အားလုံး အကူညီပေးပါလို့ ကျနော်မေတ္တာရပ်ခံပါတယ်” အုပ်ချုပ်ရေးမှူး နိုင်တင်စန်း (ရေဖြူမြို့နယ် အလယ်စခန်းစခန်းကျေးရွာ)

0
228

Photo- တွေ့ဆုံမေးမြန်းသူနှင့် နိုင်တင်စန်း (MNA)

မြေမြှုပ်မိုင်းမကြာခဏပေါက်ကွဲခဲ့သည့်ဒေသမှ ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်တင်စန်း နှင့်တွေ့ဆုံမေးမြန်ခြင်း

၆ ဧပြီ ၂၀၂၀

မွန်ပြည်နယ်တောင်ဘက်အစွန်း ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအစပ် ရေဖြူမြို့နယ်တို့တွင် မွန်၊ ကရင်၊ ထားဝယ်နှင့် ဗမာတိုင်းရင်းသားများနေထိုင်ကြပြီး မွန်တိုင်းရင်းသားအများစုမှာ ရာဘာ၊ ကွမ်းသီး၊ ဒူးရင်းနှင့် သစ်သီးဝလံခြံလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းမှုပြုကြသည်။ တဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သော မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့တို့သည်လည်း နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့ရာဒေသဖြစ်သည့်အလျောက် အစိုးရအုပ်ချုပ်ရေးလက်လှမ်းမမီသေးသည့်ဒေသတစ်ခုလည်း ဖြစ်ပါသည်။

ရေဖြူမြို့နယ်အတွင်း ၂၀၁၇-၁၈ ခုနှစ်အလွန်မှစတင်၍ လက်ရှိုကာလအထိ လက်သည်မပေါ်သည့် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ် ၁၀ ကြိမ်ထက်မနည်းဖြစ်ပေါ်ခဲ့ရာတွင် ဒေသခံများထိခိုက်ဒဏ်ရရှိခဲ့သည့်အနက် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားခြံသမား မွန်လူမျိုး ၆ ဦး ခြေထောက်ဖြတ်တောက်ခံလိုက်ရသည်။ (https://bit.ly/2V3Tgnt ) သီးနှံထွက်ပေါ်ချိန်တွင် ဒေသခံများ ခြံထဲမသွားရဲအောင် အဓိကပစ်မှတ်ထား၍ လူတစ်စု (သို့မဟုတ်) အဖွဲ့အစည်းတရပ်ရပ်က မြေမြှုပ်မိုင်းထောင်နေသည်ဟု ယူဆစရာရှိသော်လည်း ယနေ့အထိ လက်သည်ဖော်နိုင်ခဲ့ခြင်းမရှိသေးပေ။ ယင်းသို့မြေမြှုပ်မိုင်းပေါက်ကွဲခဲ့မှုအတွက် တာဝန်ယူဖြေရှင်းပေးမည့် အဖွဲ့အစည်းများကို မတွေ့ရှိရသေးပေ။ ထို့ကြောင့် မြေမြှုပ်မိုင်းဒဏ်ခံရသည့်ရွာသားများအား ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့် အလယ်စခန်းစခန်းကျေးရွာ အုပ်ချုပ်ရေးမှူး (ဒေသအခေါ် ဥက္ကဌ) ၏ အတွေ့အကြုံများကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ။ ဥက္ကဌတို့ ကျေးရွာအနီးတဝိုက်မှာ မြေမြှုပ်မိုင်းတွေ ဘယ်နှစ်ကြိမ်လောက် ပေါက်ကွဲခဲ့ပါသလဲ၊ ပေါက်ကွဲမှုဖြစ်စဉ်တွေကိုလည်း ကျေးဇူးပြု၍ ရှင်းပြစေလိုပါတယ်။

ဖြေ။ ။ မင်္ဂလာပါ- အခု ကျနော်လက်ရှိကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်နေတဲ့ကာလမှာပဲ ကျနော်တို့ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာပတ်ဝန်းကျင်နဲ့ ဆက်စပ်တဲ့နေရာတဝိုက်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုတွေ ဆက်တိုက်လိုလို ဖြစ်ပွားခဲ့တယ်၊ ၂၀၁၇ ကနေ စဖြစ်ခဲ့တာပေါ့နော်၊ တခါတလေ တစ်နေ့ ၂ နေရာ၊ ၃ နေရာ ပေါက်ကွဲမှုဖြစ်ခဲ့တာလည်း ရှိပါတယ်၊ ကျနော်တို့ဒေသက ဒီဥယျာဉ်ခြံတွေမှာ ကျနော်တို့နေထိုင်ခဲ့ စိုက်ပျိုးခဲ့တာနှစ်ပေါင်း မနည်းတော့ဘူး၊ ခုလိုမိုင်းတွေပေါက်ကွဲတာ အရင်ကမရှိခဲ့ပါဘူး၊ ဒီ ၂၀၁၇ ခုနှစ်မှာ မြေမြှုပ်မိုင်း စပြီးပေါက်ကွဲတယ်၊ ဖြစ်လာတာနဲ့ ပထမဆုံး တစ်ကြိမ် ဒီဒေသမှာရှိတဲ့ KNU နဲ့ မွန်ပြည်သစ်ပါတီကို ကျနော်တို့ သွားရောက်ပြီး အနူးအညွန့်တောင်းပန်တယ်၊ မြေမြှုပ်မိုင်းတွေ မပေါက်ကွဲအောင် လုံခြုံရေးတွေ ဆောင်ရွက်ပေးပါ၊ လက်သည်ကို ဖော်ထုတ်ပေးပါဆိုပြီး သွားရောက်တင်ပြပါတယ်၊ ဒါနဲ့ နောက်တစ်ခါ မြေမြှုပ်မိုင်း ထပ်ပြီးပေါက်ပြန်တယ်၊ ဖြစ်သွားခဲ့တာ အခုဆိုရင် ၁၀ ကြိမ်ထက်မနည်းတော့ဘူး၊ ကျနော်မှတ်မိသလောက်တော့ ဖြစ်ပြီးဒဏ်ရာရရှိသွားတဲ့ခြံသမားတွေ ခြေထောက်ဖြတ်ပစ်လိုက်ရတာ ၆ ယောက်လောက်ရှိခဲ့တယ်။

မေး-ဒီလိုမြေမြှုပ်မိုင်းတွေပေါက်ကွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး အစိုးရ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုများဆက်သွယ်ဆောင်ရွက်ခဲ့တာ ရှိပါသလဲ။

ဖြေ- နယ်မြေခံ တပ်မတော်ကိုလည်း အကြောင်းကြားတယ်၊ ဒါကို ဘယ်လိုဖြေရှင်းပေးမလဲလို့ ကျနော်က သွားပြီးတော့ အကြောင်းကြားတယ်၊ သတင်းပို့တယ်၊ နောက်ပြီး တနင်္သာတိုင်းမှာရှိတဲ့ သတင်းဌာနတွေကိုလည်း ကျနော်တို့ အကြောင်းကြားတယ်၊ မြိတ်မှာရှိတဲ့ JMC ကိုလည်း ကျနော် အကြောင်ကြားတယ်၊ ဒါပေမယ့်် ဘာမှထူးမလာဘူး၊ ကျနော်တို့ကို ဘာမှ အကြောင်းပြန်တာ မရှိဘူး၊ သတင်းပို့ပြီးရင် ဒီအတိုင်းပဲ တိတ်ဆိတ်သွားတယ်၊ ဒါပေမယ့် ပေါက်ကွဲမှုတွေက ဆက်ဖြစ်နေတာပဲ၊ ဘယ်အဖွဲ့အစည်းကမှ ကိုင်တွယ်ဖြေရှင်းပေးတာ မရှိသေးဘူး၊ နောက်ပြီး ဝန်ကြီးချုပ်(တနင်္သာရီတိုင်း) ကိုလည်း ခဏခဏ၊ တပ်မတော်ဘက်က တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကို ကျနော် ခဏခဏပြောဘူးတယ်၊ ကျနော်ပွင့်ပွင့်လင်းလင်း ပြောပြတယ်၊ အခု ခံစားနေရတာက ကျနော်တို့ရွာသားတွေ ဖြစ်တယ်၊ ဒေသခံ မွန်တိုင်းရင်းသားတွေဖြစ်တယ်၊ ကျနော်တို့ အားကိုးရာမဲ့နေတဲ့ အချိန်မှာ နိုင်ငံတော် အစိုးရကို ကျနော်တို့ အကူညီတောင်းတာပဲ၊ ဒီမြေမြှုပ်မိုင်းလက်သည် ဘယ်သူဖြစ်တာကို ရိပ်မိပေမယ့် ဘယ်အဖွဲ့အစည်းကိုမှ နာမည်တပ်ပြီး မစွပ်စွဲခဲ့ပါဘူး၊ ဘယ်သူ့ကိုမှလည်း အပုပ်မချခဲ့ဘူး၊ ဖြစ်ပျက်ခဲ့တဲ့အဖြစ်မှန်ကို ပြောပြရင်းနဲ့ ကျနော်တို့ မေတ္တာရပ်ခံတာပဲရှိတယ်၊ ကျနော်တို့ဒေသမှာ မြေမြှုပ်မိုင်းတွေ ဆက်ပြီးမပေါက်ကွဲဖို့ အားလုံး အကူညီပေးပါလို့ ကျနော်မေတ္တာရပ်ခံပါတယ်။

မေး။ ။ အခု ခြံသွားတဲ့အခါမှာ ဘယ်လိုအနေအထားမျိုးရှိလဲ။

ဖြေ။ ။ အခုလက်ရှိ မိုင်းပေါက်ကွဲခဲ့ဖူးတဲ့နေရာတဝိုက်ကို ဘယ်သူမှလည်းမသွားရဲဘူး၊ ခြံတွေကို ဒီအတိုင်းပဲ စွန့်ပစ်ထားရတာပေါ့၊ ကွမ်းသီးဆွတ်ခူးတဲ့အချိန်ဆိုရင် ကြောက်စိတ်နဲ့ သွားနေရတာပေါ့၊ တချို့ဆိုရင် ခြံကိုလုံးဝမသွားတော့ဘဲ ဒီအတိုင်း စွန့်ပစ်ထားကြတာပေါ့၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးကို ကျနော်တို့ အကူညီတောင်းခဲ့တာ အကြိမ်ပေါင်း မနည်းတော့ဘူး၊ ဘာဖြစ်လဲဆိုတော့ ဒါကို ဘယ်သူမှမဖြေရှင်းပေးတဲ့အတွက် ကျနော်တို့ စိတ်အားငယ်မိတယ်၊ ကျနော်တို့ ဒီကြောင်လျှာကွင်း မြေမြှုပ်မိုင်းပေါက်ကွဲခဲ့တဲ့နေရာတဝိုက်မှာ ဥယာဉ်ခြံ ရာဘာခြံစိုက်ပျိုးတဲ့ မွန်တိုင်းရင်းသားတွေပဲ အများဆုံးရှိနေကြတာပါ၊ အခြားတိုင်းရင်းသားတွေ မရှိသလောက်ပဲ၊ ခြံပေါင်း ၄ ရာကျော်ရှိပါတယ်။ အခုဟာက တစ်ယောက်ပြီးတစ်ယောက် မြေမြှုပ်မိုင်းဒဏ် ခံနေရတယ်ဆိုတော့ သူတို့လည်း အထိတ်တလန့်ဖြစ်မှာပေါ့နော်၊ မသွားရဲ မလာရဲတဲ့ အခြေအနေမှာ သူတို့စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေတယ်လို့ ကျနော်မြင်တယ်။ ခြံသမားတွေ ခြံမထွက်ရဲကြတော့ဘူး၊ ခြံရှင်ခြံမသွားရဲတော့ ခြံထွက်သီးနှံတွေကိုလည်း သူများတွေ အကုန်ခူးယူသွားကြတယ်။

မေး-အခုမြေမြှုပ်မိုင်းပေါက်ကွဲတဲ့နေရာတွေက ဘယ်လိုနေရာမျိုးလဲ- နည်းနည်းပါးပါး ရှင်းပြပေးပါဦး။

ဖြေ- အဲဒီနေရာတွေကို ၁၄ နှစ်အရွယ်ကတည်းက ကျနော် ရောက်ခဲ့ဖူးတယ်၊ တောင်တန်းတွေရှိတယ်၊ တောအုပ်တွေလည်းရှိတယ်၊ သစ်ပင်တွေများတယ်၊ သစ်တွေများတယ်ဆိုတော့ ကုမ္ပဏီတွေ ဝင်လာတယ်၊ သစ်ထုတ်ကုမ္ပဏီက လက်နက်ကိုင် အဖွဲ့အစည်းတွေကို ငှားတယ်၊ လုံခြုံရေးအတွက်ပေါ့၊ မွန်ပြည်သစ်ပါတီ (အစိုးရနှင့် အပစ်ရပ်သဘောတူညီမှုအရ NMSP တပ်တည်ခွင့်ရနယ်မြေ) စိုးမိုးထားတဲ့နေရာဖြစ်တယ်၊ KNU နယ်မြေလည်းဖြစ်တယ်လို့လည်း ဆိုပြန်တယ်၊ သစ်ထုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မွန်ပြည်သစ်နဲ့ KNU မဟာမိတ်အချင်းချင်း ပဋိပက္ခဖြစ်ကြရော၊ တိုက်ခိုက်ကြ ပစ်ခတ်ကြတယ်၊ အဲဒီသူတို့ဖြစ်တဲအချိန်မှာ KNU ဘက်က ကျနော်တို့ရွာသားတွေတစ်ချို့ကို ရိုက်ပုတ်တာ ရှိခဲ့တယ်၊ အနူးအညွန့်ပဲ သွားတောင်းပန်တယ်၊ နောင်ဆိုရင် ကျနော့်ရွာသားအပေါ် အမြင်မတော်လို့ရှိရင် ကျနော်ကိုအပ်ပါ၊ ဒီနေရာကို မလာစေချင်ရင် ကျနော်တားပေးမယ်၊ တစ်ရွာလုံးကို ကျနော်တားပေးမယ်လို့ အဲဒီလို ကျနော်မေတ္တာရပ်ခံပြီးတော့ သူတို့ကို အကူညီတောင်းထားတာရှိတယ်၊ ဒါကြောင့် ဒီနေရာကို မွန်ပြည်သစ်ပါတီက မွန်တိုင်းရင်းသားတွေကို သစ်မလုပ်ရဘူး သစ်မခုတ်ရဘူး သစ်မလှဲရဘူးလို့ ကျနော်တို့ကို အမိန့်စာထုတ်ထားတာရှိတယ်၊ ဒါပေမယ့် တဲတွေ အိမ်တွေ ဆောက်ဖို့ဆိုရင် အခွင့်ရေးတစ်ခုတော့ ပေးထားတယ်၊ တကယ်လို့ရွာသားတစ်ယောက် အိမ်ဆောက်မယ်ဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူးကနေ ထောက်ခံချက်ထုတ်ပေးပါလို့ ကျနော်ကိုပြောထားတယ်၊ ဒါပေမယ့် ကျနော်က မင်းတို့ အဟုတ်ပဲ အိမ်ဆောက်မလား စီစစ် ကြီးကြပ် ပြီးတော့ ကျနော်က အိမ်ဆောက်ခွင့်ပြုပါဆိုပြီးတော့ သစ်တစ်ပင် နှစ်ပင်လောက်လှဲ ခွင့်ပြုပါဆိုပြီးတော့ ထောက်ခံပေးလိုက်တယ်၊ သစ်တွေရောင်းမယ် ပြုမယ်ဆိုရင် သူတို့ခွင့်မပြုဘူး။ မွန်ပြည်သစ်ပါတီက သစ်မခုတ်ရဆိုပြီး တောပိတ်ထားတယ်။ အဲဒီမှာ မြို့ဘက်က သစ်ကုန်သည်တွေနဲ့ အချို့လက်နက်ကိုင်တွေပေါင်းပြီး သစ်ခုတ် သစ်ထုတ်တာရှိပြီး မွန်ပြည်သစ်နဲ့ ပစ်ကြခတ်ကြတာရှိခဲ့တယ်။

မေး- ဒီမြေမြှုပ်မိုင်းကိစ္စ ရှေ့ဆက်ပြီး ဘယ်လိုနည်းလမ်းတွေနဲ့ ဖြေရှင်းသွားမှာလဲ။

ဖြေ- ခြံသွားတဲ့လမ်းတွေမှာ မိုင်းထောင်တာ ရွာသားတွေပဲ မိုင်းဒဏ်ခံရပါတယ်၊ အခုခြံမသွားရဲကြတော့ဘူး၊ မိုင်းမထောင်ကြဖို့ ရွာသားတွေကိုယ်စား ကျနော်ပန်ကြားပါတယ်၊ JMC အပစ်ရပ်စောင့်ကြည့်အဖွဲ့တွေ မီဒီယာတွေလည်း ကျနော်တို့ရွာကို တစ်ခါလောက် လာရောက်ကြည့်ရှုကြပါဦးလို့ ပြောချင်ပါတယ်၊ ရွာသားတွေတောင်းဆိုတာက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်လိုတယ်၊ မွန်ပြည်သစ်နဲ့ ကရင်အဖွဲ့တွေ ဒီနေရာမှာ ပဋိပက္ခဖြစ်တာကိုလည်း မလိုလားဘူး၊ ကျနော်တို့ ရွာသားတွေ အေးအေးချမ်းချမ်းပဲ ဖြစ်စေချင်တယ်၊ အခုလိုမိုင်းတွေရှိနေရင် ခြံမသွားရဲကြတော့ဘူး သံဃာတော်တွေက ကျနော်တို့ကို တိုက်တွန်းတယ်၊ မင်းတို့သွားပြောပါ ဒါကိုဘယ်လို ဖြေရှင်းမလဲ၊ ကျနော်ကတော့ ကြားထဲမှာ ခေါင်းစား ခေါင်းခဲနေရတယ်၊ ဘယ်ဌာနကို ကျနော်သွားပြောရမလဲ၊ JMC ဆိုတာကိုတော့ ကျနော် သတင်းထဲမှာ ကြားထားတယ်၊ JMC ဆိုတာ အပစ်အခတ်ရပ်စဲရေးမှာ သူတို့က စောင့်ကြည့်ရေးကော်မတီ ဒါကို ကျနော် တပ်အပ်သိတယ်၊ ကျနော် သူတို့ကိုဖုန်းဆက်ရင် သူတို့က မရှိဘူးတဲ့၊ အပေါ်မှာရှိနေတယ်တဲ့၊ မသိဘူးတဲ့၊ ရုံးကိုလှမ်းပြောပါတဲ့၊ ရုံးကိုလှမ်းပြောတော့ တစ်ချို့က ဖုန်းမကိုင်ဘူး၊ ဒီကိစ္စကို ကျနော်တို့က အဖြေရှာရမယ်၊ မွန်ပြည်သစ်ပါတီကလည်းတစ်ဖွဲ့ရှိတယ်၊ KNU ကလည်း တစ်ဖွဲ့ရှိတယ်၊ သူတို့လက်နက်ကိုင်အဖွဲ့နှစ်ခု ကြားထဲမှာ ကျနော်တို့ပြည်သူတွေ လုပ်ကိုင်စားသောက်နေရတာပါ။ သူတို့ဆီလည်း ကျနော်သွားပြောခဲ့တာပဲ၊ သွားပြီးတောင်းပန်တယ်၊ လမ်းညွှန်မှုခံယူတယ်၊ ဒါပေမယ့် ကျနော်တို့ဒေသမှာက မြေမြှုပ်မိုင်းတွေက ခဏခဏပေါက်ကွဲနေဆဲပဲ။ ကျနော်ဘာများ တတ်နိုင်မှာလဲ?။ ကျနော်ပြောချင်တာက ဒါလောက်ပါပဲ။

မေး-ဟုတ်ကဲ့ ကျေးဇူးအထူးတင်ပါတယ်။

ဗညားအောင် – တွေ့မေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here