28 March 2024 /

See today's Peace Related News

AA နှင့် ဆက်နွယ်သည်ဟုဆိုကာ ပလက်ဝဒေသခံ နှစ်ဦး တပ်မတော် ဖမ်းဆီး

၆ ဧပြီ ၂၀၂၀

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ထရွန်အိုင်ကျေးရွာမှ အမျိုးသားတစ်ဦးနှင့် ကျောက်တန်းကျေးရွာမှ အမျိုးသမီး တစ်ဦးတို့ကို ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ တပ်မတော်က ဖမ်းဆီးထားသည်။

ထရွန်အိုင်ကျေးရွာမှ ဦးအောင်သိန်းမင်း ၃၅ နှစ်နှင့် ကျောက်တန်းကျေးရွာမှ မမိုးစန္ဒာ(ခ) ဗိုလ်မချေ ၂၁ နှစ်တို့ နှစ်ဦးကို ဖမ်းဆီးထားကြောင်း မတ်လ ၄ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့သည်။

ဦးအောင်သိန်းမင်းမှာ မတ်လ ၂၀ ရက်နေ့ နေ့လည်ပိုင်းက ထင်းခုတ်ပြီးကျေးရွာသို့ပြန်လာစဉ် တပ်မတော် စစ်ကြောင်းတစ်ခုကဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဇနီးဖြစ်သူ ဒေါ်ယုယုက ပြောသည်။

“ကျမယောက်ျား ထင်းခုတ်ပြီးပြန်လာတဲ့အခါ ရွာဘုတ်ဆိပ်ကို ခဏလိုက်ခဲ့ဆိုပြီးခေါ်ဆောင်သွားတာ။ အခုထိ သတင်းမရသေးဘူး။ ကျမယောက်ျား တစ်ခုခုဖြစ်သွားမှာကိုစိုးရိမ်တယ်။ ကျမတို့တစ်ခါမှလည်း ဒီလိုမကြုံ ဖူးဘူး။ ကျမတို့ဆင်းရဲတယ်၊ စက်လှေမောင်းပြီးတော့ လုပ်ကိုင်းစားသောက်နေရတာ” ဟု ဒေါ်ယုယုက ပြောသည်။

ဖမ်းဆီးခံထားရသူ နောက်ထပ်တစ်ဦးဖြစ်သည့် မမိုးစန္ဒာမှာလည်း ကျောက်တန်းကျေးရွာတွင် တိုင်းရင်းသား စာပေသင်ကြားရေးဆရာမတစ်ဦးအဖြစ်လုပ်ကိုင်နေသူဖြစ်ပြီး နွေရာသီကျောင်းပိတ်ချိန် ထရွန်အိုင်ကျေးရွာသို့ အလည်အပတ်ရောက်ရှိနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

သို့သော် ဦးအောင်သိန်းမင်းမှာ ၂၀၁၄ ခုနှစ်မှစတင်၍ AA အတွက် ရိက္ခာတာဝန်ခံအဖြစ်ဆောင်ရွက်နေသူ ဖြစ်ကြောင်းနှင့် မမိုးစန္နာ(ခ)ဗိုလ်မချေမှာလည်း မတ်လဆန်းပိုင်းတွင် ထရွန်အိုင်ကျေးရွာသို့ရောက်ရှိလာပြီး ရွာသူအသွင်ဖြင့်နေထိုင်ကာ တပ်မတော်စစ်သည်တစ်ဦးအား သမီးရည်းစားအဖြစ်ဖြားယောင်းသွေးေဆာင်၍ AA သို့ ဝင်ရောက်ရန်နှင့် တပ်မတော်စစ်ကြောင်းသတင်းများကို ကြိုတင်ရရှိအောင်စည်းရုံးသည်ဟု တပ်မတော်က စွပ်စွဲထားသည်။

ယခုကဲ့သို့ AA နှင့်ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးထားသူနှစ်ဦးအား တရားဥပဒေအရ အရေးယူဆောင်ရွက် နိုင်ရေးအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

ဧပြီလ ၄ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်တွင်လည်း ထရွန်အိုင်ကျေးရွာတွင်နေထိုင်သည့် ဦးအောင်မြင့်ဆွေကို နေအိမ်တွင်မိသားစုနှင့်ထမင်းစားနေစဉ် တပ်မတော် တပ်မ ၇၇ က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဇနီး ဖြစ်သူ ဒေါ်ခင်နွယ်သိန်းက ဆိုသည်။

“ဘာလုပ်ဖို့ခေါ်တာလည်းလို့ ဗိုလ်ကြီးကိုကျမမေးတယ်။ စက်လှေတွေဘာတွေအကြောင်း မေးဖို့ခေါ်တယ် ဆိုပြီး ပြောသွားတယ်။ ကျမလည်းလိုက်သွားပေမယ့် ကျမကို ကျန်ခဲဖို့ပြောတယ်။ မေးမြန်းပြီးရင် မနက်ဖြန် လွှတ်ပေး မယ်လို့ပြောတယ်။ ကျနော်တို့ ကတိတည်ပါတယ်လို့ပြောတယ်။ အခုထိပြန်မရောက်သေးဘူး” ဟု ဒေါ်ခင်နွယ်သိန်းက ပြောသည်။

ထရွန်အိုင်ကျေးရွာမှ ဦးအောင်မြင့်ဆွေကို ဖမ်းဆီးခေါ်ဆောင်သွားသည့်ကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။

ဧပြီလ ၁ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာအတွင်းကို တပ်မတော်က ဝင်ရောက် စစ်ဆေးကာ ဦးအောင်စံလှ ၅၆ နှစ် ၊ ဦးစိုးရွှေမောင် ၅၂ နှစ်နှင့် ဦးတင်တင်မောင် ၄၀ နှစ်တို့ကိုလည်း AA နှင့် ပတ်သက်ဆက်သွယ်သည်ဟုဆိုကာ တပ်မတော်က ဖမ်းဆီးခဲ့သည်။

DMG – ပေးပို့သည်။