19 March 2024 /

See today's Peace Related News

“ဖက်ဒရယ်ဆိုတဲ့ဝေါဟာရ တစ်လုံးကိုတောင်မှ ပြုပြင်ပြောင်လဲခြင်း မရှိပါဘူး။ ဒါကြောင့်မို့ ဒီလိုမျိုးနိုင်ငံရေးအရ အခြေခံတဲ့ ပြဿနာတွေကို မဖြေရှင်းဘဲနဲ့ လတ်တလောအခြေအနေကို ကြည့်ပြီး ဆောင်ရွက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်တည်ဆောက်မယ့် အနာဂတ်ဟာ ဖြစ်ထွန်းလာစရာအကြောင်း မရှိပါဘူး”

AA ကို အကြမ်းဖက်အုပ်စုနဲ့ မတရားအသင်းအဖြစ် အစိုးရကြေငြာလိုက်မှုအပေါ် ဘယ်လိုမြင်ကြလဲ

၆ ဧပြီ ၂၀၂၀

မတ်လ ၂၃ ရက်နေ့တွင် ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အစိုးရက ကြေငြာခဲ့သည်။ ထိုကြေငြာချက်နှင့်ပတ်သက်ပြီး နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် ဥပဒေပညာရှင်များ၏ အမြင်များကို မေးမြန်းထားသည်။

စောမြရာဇာလင်း (ထိပ်ပိုင်းခေါင်းဆောင် ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)

စောမြရာဇာလင်း (ထိပ်ပိုင်းခေါင်းဆောင် ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)

အရင်ကဆိုလို့ရှိရင် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့စည်းအသီးသီးကိုတော့ မတရားအသင်းအဖြစ် သတ်မှတ်ခဲ့တာရှိပါတယ်။ နောက်ပိုင်း ၂၀၁၅ မှာ လက်နက်မှတ်ထိုးပြီးတဲ့ အခါမှာတော့ အပစ်ရပ်ထားတဲ့ အဖွဲ့တွေကို မတရားအသင်းက ပယ်ဖျက်ခဲ့တာရှိခဲ့တယ်။ ဒါပေမယ့် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းအသီးသီးကတော့ ရှိနေသေးတယ်။ ဒီလူတွေနဲ့ စေ့စပ်ဆွေးနွေးဖို့ကိုလည်း ကျမတို့ အမြဲတမ်း တွန်းအားပေးတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာနိုင်ငံမှာ စေ့စပ်ဆွေးနွေးပွဲနဲ့ အဖြေရှာနိုင်ရေးကို သွားရောက်ဖို့အတွက် ဖြစ်ပါတယ်။ အဓိကအားဖြင့် စစ်မက်ရေးရာအဖြေကို ထိန်းချုပ်ပြီးမှ စားပွဲခုံမှာ ဖြေရှင်းနိုင်တဲ့ အဆင့်ကို အားလုံးရောက်စေချင်ပါတယ်။ AA ကိုလည်း စားပွဲခုံကို ရောက်စေချင်တဲ့ ဆန္ဒတွေရှိတယ်။ ဒါကြောင့်မို့လို့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တယ် ဆိုလို့ရှိရင် စားပွဲခုံနဲ့ ဝေးသွားမှာကို ပိုပြီးစိုးရိမ်ပါတယ်။

စာရေးဆရာ မောင်မောင်စိုး (တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ)

စာရေးဆရာ မောင်မောင်စိုး (တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ)

မတရားအသင်း ၁၇(၁) ကြေငြာတာနဲ့ ပတ်သက်လို့ပြောရရင်တော့ အစိုးရကို ပုန်ကန်တိုက်ခိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ကြေငြာလေ့ရှိပါတယ်။ သိပ်ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အခု NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေဆိုရင်လည်းပဲ လက်မှတ်ထိုးပြီးမှသာ မတရားအသင်းက ရုပ်သိမ်းတာတို့ လုပ်လေ့ရှိတယ်။ ဒါက ပြဿနာတစ်ခုပေါ့နော်။ နောက်တစ်ခုက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာတာကတော့ ဘယ်လိုဖြစ်မလဲလို့ဆိုရင် နည်းနည်းတော့ ပြောရခက်ပါတယ်။ အကြမ်းဖက်အဖွဲ့အစည်း ဆိုရင်တော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဆက်စပ်ပြီးတော့ ဒီအဖွဲ့တွေရဲ့ ငွေရေးကြေးရေးလမ်းကြောင်းတို့ ထိန်းချုပ်တာတို့ ဘာတို့လုပ်နိုင်တယ်ဆိုတော့ ဒီအတွက် ရည်ရွယ်သလားဆိုတာကို ကျွန်တော်တို့ စဉ်းစားရပါမယ်။ ဒါပေမယ့် တပ်မတော်နဲ့ AA ကြားမှာ တိုက်ပွဲတွေပြင်းထန်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်း ဝေးသွားတာကတော့ စိတ်မကောင်းစရာဖြစ်ပါတယ်။ ဒီလိုကြေငြာချက်ကြောင့် ကျွန်တော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပိုပြီးတော့ ဝေးကွာသွားရင်တော့ ခက်ပါတယ်။ အခုဆိုရင် COVID – 19 ပေါ့ မြန်မာပြည်မှာ စတွေ့တယ်။ ဒီရောဂါရဲ့ လက္ခဏာကလည်း ပိုမိုကျယ်ပြန့်လာပြီးတော့ ဒီအန္တရာယ်ကို ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာ ဒီတိုင်းပြည်မှာ ဒီလိုကြေငြာချက်တွေနဲ့ ပေါ်လာတာကတော့ စိတ်မကောင်းစရာဖြစ်တယ်ပေါ့။

ဒေါ်ထုမေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ် )

ဒေါ်ထုမေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ် )

ကျွန်မတို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ လက်နက်ကိုင်ရတဲ့ အကြောင်းအရင်းက ဆိုလို့ရှိရင် တန်းတူညီမျှ ရဖို့၊ လွတ်လပ်ရေးရပြီးကတည်းက ဖက်ဒရယ်စနစ်ကို ကျင့်ကြံအားထုတ်တဲ့အခါမှာ မြန်မာနိုင်ငံမှာနေပြီးတော့ တိုင်းရင်းသားတွေရဲ့ရပိုင်ခွင့်ေတွ ဆုံးရှုံးခဲ့လို့ တိုင်းရင်းသားတစ်ချို့ဟာ လက်နက်ကိုင်ကြတယ်ဆိုတဲ့ သမိုင်းအထောက်ထားလည်း ရှိပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစစ်စစ် မဟုတ်သေးပါဘူး။ ဒီလိုအချိန်မျိုးမှာ တိုင်းရင်းသားတွေရဲ့ရပိုင်ခွင့်ကို အခုမှပဲ၂၀၁၀ တုန်းကသာ ပါတီတွေ ထူထောင်ခွင့်ရတယ်။ လွှတ်တော်ဆိုတာလည်း ပေါ်ပေါက်လာတာပါ။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အဓိက အခြေခံ အကြောင်းရင်းကတော့ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်ဖြစ်ပါတယ်။ ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး ဖြစ်ပါတယ်။ ဒီအရေးကို ဆောင်ရွက်ကြတဲ့ အခါမှာတော့ ပါတီထူထောင်ခွင့် မရှိတုန်းကဆိုရင် တိုင်းရင်းသားတစ်ချို့ဟာ လက်နက်ကိုင်ပြီးတော့မှ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆိုလာတဲ့ အထောက် ထားတွေရှိပါတယ်။ သမိုင်းကြောင်းတွေရှိပါတယ်။

ဒါကြောင့်မို့လို့ ကျွန်မတို့ဒီကိစ္စကို ဖြေရှင်းမယ်ဆိုလို့ရှိရင် ပြဿနာရဲ့ အခြေခံအကျဆုံးကို မဖြေရှင်းဘဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို နာမည်မျိုးစုံတပ်မယ် ဆိုရင်တော့ မြန်မာနိုင်ငံအတွက် ရှေ့မှာ အလားအလာကောင်းတွေ မရှိပါဘူး။ ဒါကြောင့်မို့လို့ လက်ရှိအချိန်ထိ ကျွန်မတို့ ဒီဖက်ဒရယ်နဲ့ ပတ်သက်ပြီး ပြဌာန်းဖို့ လွှတ်တော်ထဲမှာ ကြိုးစားကြပေမယ့် မြင်ခဲ့ကြတဲ့အတိုင်းပဲ ဖက်ဒရယ်ဆိုတဲ့ဝေါဟာရ တစ်လုံးကိုတောင်မှ ပြုပြင်ပြောင်လဲခြင်း မရှိပါဘူး။ ဒါကြောင့်မို့လို့ ဒီလိုမျိုးနိုင်ငံရေးအရ အခြေခံတဲ့ ပြဿနာတွေကို မဖြေရှင်းဘဲနဲ့ လတ်တလောအခြေအနေကို ကြည့်ပြီးတော့မှ ဆောင်ရွက်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ ဖက်ဒရယ်တည်ဆောက်မယ့် အနာဂတ်ဟာ ဖြစ်ထွန်းလာစရာအကြောင်း မရှိပါဘူး။ ဒါကြောင့်မို့လို့ တိုင်းရင်းသားတွေ လက်နက်ကိုင်ရတဲ့ အခြေခံအကြောင်းအရာတွေကို မဖြေရှင်းဘဲနဲ့ လတ်တလောဖြစ်ပွားနေတဲ့ အရာတွေက အဖြေမဟုတ်ဘူးလို့ ကျွန်မက သုံးသပ်ပါတယ်။

ဦးမြအေး (ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစုခေါင်းဆောင်)

ဦးမြအေး (ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစုခေါင်းဆောင်)

အခုအချိန်မှာ ကျွန်တော်တို့နိုင်ငံက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့လည်း အလှမ်းဝေးနေတယ်။ နောက်တစ်ခုက ရခိုင်မှာ တိုက်ပွဲတွေဖြစ်နေတဲ့ အချိန်လည်းဖြစ်တယ်။ (covid-19) ကမ္ဘာ့ကပ်ရောဂါကြီးနဲ့လည်း ရင်ဆိုင်နေရတဲ့ အခြေနေလည်းဖြစ်တယ်။ ဒီအခြေနေမှာ အရေးကြီးဆုံးအချက်က အမျိုးသားစည်းလုံး ညီညွတ်ရေးပဲလို့ ကျွန်တော်မြင်တယ်။ အမျိုးသားစည်းလုံး ညီညွတ်ရေးကို ဖော်ဆောင်ရမယ့်အချိန်မှာ အဲလိုမျိုး ကြေငြာလိုက်ခြင်းအားဖြင့် အကျိုးသက်ရောက်မှုအရ ကြည့်မယ်ဆိုရင် ပိုပြီးတော့ ဝေးကွာသွားစေမယ်။ AA ကလည်း ရခိုင်ပြည်သူလူထုရဲ့ထောက်ခံမှုကို ရထားတယ်။

ကျွန်တော်တို့မြင်တာက နှစ်ဘက်လုံးကို တိုက်ပွဲတွေလျှော့ကြဖို့ နည်းလမ်းကိုပဲ ရှာသင့်တယ်။ တစ်ဘက်နဲ့ တစ်ဘက် မင်းအဖွဲ့က အကြမ်းဖက်အဖွဲ့ဖြစ်တယ်။ မင်းကတော့ ဘာဖြစ်တယ်ဆိုတဲ့ ကြေငြာချက်တွေက ဒီအချိန်မှာ သိပ်ပြီးတော့ အလုပ်မဖြစ်ဘူး။ ကျွန်တော်ကတော့ သဘောသိပ်မတွေ့လှဘူးပေါ့ဗျာ။ ဖြစ်နိုင်ရင် ညှိနှိုင်းစေချင်တယ်။ ဘာလို့လဲဆိုတော့ ဒီအချိန်က သိပ်အရေးကြီးတဲ့ အချိန်ဖြစ်နေလို့။

ဒေါ်အေးနုစိန် (တရားလွှတ်တော်ရှေ့နေ)

ဒေါ်အေးနုစိန် (တရားလွှတ်တော်ရှေ့နေ)

ပထမတစ်ချက်က ULA/ AA နဲ့ ပတ်သက်တဲ့အမှုတွေဟာ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းကပင် စွဲထားတာတွေရှိတယ်။ အဲဒီအချိန်တုန်းက AA ဟာ မတရားအသင်း သတ်မှတ်ထားခြင်းမရှိတဲ့ သဘောကို ရှောင်ချင်တဲ့သဘောနဲ့ KIA ၏ လက်အောက်ခံဖြစ်သော စကားလုံးတွေနဲ့ ထည့်ပြီးတော့ (အမှု) စွဲထားတယ်။ ဒါပေမယ့်လည်း အဲဒီတုန်းကလည်း ၁၇ (၁)(၂) ပုဒ်မတွေနဲ့ အပြစ်ဒဏ်ပေးတယ်။ လွတ်တဲ့လူ ရှားပါးတယ်။ နောက်ပိုင်းမှာတော့ ၂၀၁၈ နှစ်ဦးပိုင်းလောက်ကလည်း ၁၇(၁)(၂) တွေနဲ့ စွဲခဲ့သေးတယ်။ သူတို့ဟာ များသောအားဖြင့် စွဲချက်မတင်မီ လွတ်မြောက်သွားတတ်တယ်။ အဲဒီနောက်ပိုင်းမှာ အကြမ်းဖက်ဥပဒေနဲ့ပဲ တရားစွဲတယ်။ ဆိုတော့ အကြမ်းဖက်ဥပဒေဟာ ၂၀၁၄ ခုနှစ်ကမှ ပြဌာန်းတဲ့ ဥပဒေဖြစ်တယ်။ AA ရဲ့စေခိုင်းချက်အရ၊ AA ကိုထောက်ပံ့ကူ ညီသော AA ၏ ဆောင်ရွက်ချက်ထဲတွင် စသည်ဖြင့် အားလုံးအကြမ်းဖက် ပုဒ်မတွေနဲ့ တရားစွဲဆိုခွင့် အမိန့်တွေနဲ့ ထည့်ပြီးတော့ စွဲတယ်။ ဒီလိုအမှုမျိုးက ရခိုင်ပြည်တဝှမ်းလုံးမှာ ရှိကြတယ်။ အထူးသဖြင့် စစ်တွေ၊ မြောက်ဦး၊ မောင်တောခရိုင်တို့မှာ ရှိတယ်။ အခုဆိုရင် မန္တလေးခရိုင်မှာတောင် တစ်မှုရှိတယ်။ အဲဒါကို မနေ့က(မတ်လ ၂၃ ရက်)မှ အကြမ်းဖက်အဖွဲ့ အဖြစ်သတ်မှတ်တယ်။ မတရားအသင်းလို့ သတ်မှတ်တယ်ဆိုရင်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဥပဒေတွေဟာ နောက်ကြောင်းပြန် သက်ရောက်ခြင်းမရှိစေရ ဆိုတဲ့အတွက်ကြောင့် ရှေ့မှာ စွဲပြီးတော့ ထောင်ကျခဲ့တာတွေကို ထားလိုက်အုံး၊ လွတ်မြောက်ခဲ့တာတွေကို ထားလိုက်တော့။ အခုလောလောဆယ် အမှုရင်ဆိုင်နေဆဲ ဖြစ်တဲ့သူတွေဟာ ဒီ AA / ULA ကို မတရားအသင်း အကြမ်းဖက်အဖွဲ့လို့ မသတ်မှတ်ကတည်းက ဒီအဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ တိုင်တန်းထားချက်တွေဟာ ဒီအကြမ်းဖက်ဥပဒေနဲ့ အကျုံးဝင်မှာလားဆိုတဲ့ ပြဿနာဟာ အကြီးအကျယ် သုံးသပ်စဉ်းစားရဖို့ အချက်ဖြစ်လာတယ်။

အမြစ်ပြတ် ချေမှုန်းဆိုတဲ့ ကြွေးကြော်သံအောက်မှာ အားလုံးက သေကြ၊ ရွာတွေမီးရှို့ခံရ အဲဒီလိုဖြစ်နေတဲ့ အချိန်မှာ စစ်ပွဲပြင်းထန်လာမလားဆိုတော့ ကျမတို့က စစ်ရေးအမြင်မရှိရင်တောင်မှ လက်တွေ့မှာ ပြင်းထန်နေဆဲ။ စစ်ပွဲရပ်တန့်လာအောင် လုပ်လို့ရတဲ့ အဖွဲ့အစည်းတွေက မလုပ်သမျှ ဘယ်အခါမှ ရပ်တန့်မှာ မဟုတ်ဘူး။

ဦးလှမြင့် (ပြန်ကြားရေးတာဝန်ခံ)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)

ဦးလှမြင့် (ပြန်ကြားရေးတာဝန်ခံ)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)

ဒီဟာက အခုရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲတွေကို အခုဖြစ်နေတာထက် ပိုမိုပြင်းထန်လာဖို့၊ ပြင်းပြင်း ထန်ထန်တိုက်ခိုက်ဖို့၊ ပိုမိုဖိနှိပ်ဖို့ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်တယ်လို့ မြင်တယ်။ အစိုးရဘက်ကတော့ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ဒီပွဲဟာ သူတို့ထင်ထားတာလောက် မလွယ်ဆိုတဲ့မျိုးကို မြင်တဲ့အတွက်ကြောင့် နည်းမျိုးစုံနဲ့ ဝိုင်းရံတယ်ဆိုတဲ့ သဘောဖြစ်တယ်။ ဒီပွဲက အခုဖြစ်နေတဲ့ စစ်ပွဲကြောင့် အဲဒီနေရာမှာ ရှိနေတဲ့ ဒေသတွေဟာ ပိုပြီးတော့ စစ်မက်ပြင်းထန်လာဖို့ အခုတိုက်ခိုက်နေတာထက် အဆပေါင်းများစွာ ပြင်းထန်လာမယ့်အတွက်ကြောင့် ပြည်သူတွေဟာ ပိုပြီးဒုက္ခရောက်မယ်၊ အခက်ခဲနဲ့ ကြုံရမယ်ဆိုတာကိုလည်း သတိပေးလိုက်တာ။ ဒီပုံစံအရဆိုရင် (လက်နက်ကိုင်) နှစ်ဘက်အဖွဲ့စည်းတွေက ညှိနှိုင်းလို့ မဖြစ်ဆိုတဲ့ သင်္ကေတတစ်ခုကို ထုတ်ပြန်လိုက်တာ။ မညှိနှိုင်းတော့ဘူး။ ညှိနှိုင်းလို့မရဘူးဆိုတဲ့ သဘောမျိုး ထုတ်ပြန်တာ။ အဲဒါကို ဖြစ်စေချင်ရင် အဲဒီကြားထဲမှာ ဒီနှစ်ဖွဲ့စလုံးထက် အင်အားကြီးတဲ့(အဖွဲ့) တစ်ခုက ဝင်ရောက်ထိန်းကျောင်းပေးမှပဲ ဒီအခြေနေက လျော့ကျသွားမယ်။

အမှန်မှာတော့ မြန်မာနိုင်ငံအပြင် အဲဒီဒေသ(စစ်ပွဲ) မှာ နေတဲ့ပြည်သူတွေလည်း လူတွေပါ။ လူ့စိတ်ဆန္ဒရှိလို့၊ လူ့သဘောအရဆိုရင် လူတွေဒုက္ခရောက်တာကို လူတွေကပဲ ခံစားတတ်တယ်။ ဒါကြောင့် လူတွေက အကြင်နာစိတ်မျိုးနဲ့ ရှိတယ်ဆိုတဲ့ လက္ခဏာတွေကို ပြသဖို့လိုအပ်တယ်။ မဟုတ်ရင် အနာဂတ် ပြည်ထောင်စုဟာ လုံးဝလှပမှု ဖြစ်မှာမဟုတ်။ လက်ရှိဖြစ်နေတဲ့ ဖြစ်ရပ်တွေကို ကြည့်ခြင်းအားဖြင့် ဟိုတုန်းကတွေ့ဆုံသလိုမျိုးပွဲေတွဟာ လက်ရှိမှာ ဖြစ်နိုင်ဖို့မဟုတ်တော့ဘူးဆိုတဲ့ဘက်ကို ရောက်သွားတယ်။ ဒါပေမယ့် သူတို့တွေဘက်က အခုဖြူ၊ အခုမည်းတယ်ဆိုတဲ့ စိတ်ကူးမျိုးတွေ ပြောင်းလဲသွားပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ အာဏာချိန်ခွင် အပြောင်းလဲပေါ်လိုက်ပြီး ပြောင်းလဲမှသာ အဆင်ပြေတော့မယ်။

ခိုင်ရိုးလ(DMG) – စုစည်းတင်ပြသည်။