အိန္ဒိယရောက် ချင်းဒုက္ခသည်များအား စားနပ်ရိက္ခာတစ်ချိူ့ UNHCR ထောက်ပံ့

0
100

၆ ဧပြီ ၂၀၂၀။

အိနိ္ဒယတစ်နိုင်ငံလုံး Lockdown ချထားခြင်းကြောင့် စားဝတ်နေရေးအခက်အခဲရင်ဆိုင်နေကြရသည့် အိနိ္ဒယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည်များကို ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က စားနပ်ရိက္ခာတစ်ချိူ့ ထောက်ပ့ံပေးနေကြောင်းသိရသည်။

နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည်များအနက် ပထမသုတ်အနေဖြင့် အိမ်ခြေ (၅၀၀) ကို ဧပြီလ ၂ ရက်နေ့ကစ၍ ဆန်၊ ဆီ၊ ပဲ စသည်တို့ကို (UNHCR) မှ တာ၀န်ရှိသူများက ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည်များအားလုံးကို ထောက်ပံ့ပေးနိုင်ရန်အတွက် နောက်ထပ်စာရင်းများ ကောက်ခံလျက်ရှိကြောင်း နယူးဒေလီမြို့မှ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တာ၀န်ခံ Salai Cung Dawt ကပြောသည်။

“အရင်က ကျနော်တို့ ချင်းဒုက္ခသည်ခေါင်းဆောင်တွေကို UN က စာရင်းကောက်ခိုင်းထားတာရှိတယ်။ ဒီရက်ပိုင်း အတွင်းမှာ တကယ်စားဝတ်နေရေးမှာ အခက်ရှိတဲ့စာရင်းကို ကောက်ခံကြတယ်။ စာရင်းပေးထားတဲ့အိမ်ခြေ ၅၀၀ နီးပါးရှိတယ်၊ အဲဒီ မိသားစု ၅၀၀ နီးပါးကို UN က ဧပြီလ ၂ ရက်နေ့ညနေပိုင်းကစပြီး ရိက္ခာတွေစပေးတယ်” ဟု ပြောသည်။

UNHCR အနေဖြင့် ချင်းဒုက္ခသည်များကို တစ်အိမ်လျင် ဆန် ၁၅ ကေဂျီ၊ ကုလားပဲ ၁ ကေဂျီ၊ ဆီ ၂ ထုတ်နှုန်းဖြင့် ထောက်ပံ့ပေးခြင်းဖြစ်သည်။

ချင်းဒုက္ခသည်များသည် တစ်နေရာ၊ တစ်ရပ်ကွက်တည်းတွင် နေထိုင်ကြသူများမဟုတ်သည့်အတွက် ရိက္ခာပေးဝေရာတွင် အချိန်ကြန့်ကြာမှုများရှိနေကြောင်းနှင့် အရင်စာရင်းတွင် မပါဝင်သေးသော မိသားစုများကိုလည်း ပြန်လည်ပြုစုပြီး UN ကို တင်ပြသွားမည်ဖြစ်ကြောင်း Salai Cung Dawt ကပြောသည်။

“စာရင်းပေးထားတဲ့ အိမ်ခြေ ၅၀၀ နီးပါးကို အရင်ကူညီပြီး နောက်မှ စာရင်းမပေးသေးတဲ့ မိသားစုတွေကိုလည်း ပြန်လည်ပြုစုပြီး UN ကို တင်ပြသွားမှာဖြစ်တယ်” ဟု ၎င်းကဆက်ပြောသည်။

ကမ္ဘာတစ်လွှားဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါပြန့်ပွားမှုမှ တားဆီးကာကွယ်နိုင်ရန်အတွက် အိနိ္ဒယတစ်နိုင်ငံလုံးကို မတ်လ ၂၄ ရက်နေ့ ညကစပြီး ရက်ပေါင်း ၂၁ ရက်အထိ အိနိ္ဒယအစိုးရက Lockdown ချမှတ်ထားခြင်းဖြစ်သည်။

UNHCR ၏ စာရင်းမှတ်တမ်းအရ နယူးဒေလီတွင် ချင်းဒုက္ခသည်စုစုပေါင်း ၃၀၀၀ ခန့်ရှိပြီး ယင်းအနက် ၂၉၀၀ ခန့်သည် ဒုက္ခသည်အသိအမှတ်ပြုကဒ် ရရှိထားပြီးသူများဖြစ်ကြသည်။

ခိုနှုမ်းသုန်-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here