ဆမီးမြို့ စစ်ဘေးရှောင်များအတွက် ယာယီရွက်ဖျင်တဲအလုံး ၁၀၀ ကျော်ချပေး

0
225

၆ ဧပြီ ၂၀၂၀။

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ ဆမီးမြို့ပေါ်သို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီရွက်ဖျင်တဲအလုံး (၁၀၀) ကျော်ကို ချင်းပြည်နယ်အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် တည်ဆောက်ပေးလျက်ရှိသည်ဟု သိရသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွါပြီး ဆမီးမြို့သို့ရောက်ရှိလာကြ သည့် စစ်ဘေးရှောင်ပြည်သူများသည် အစုလိုက်ဖြင့်နေထိုင်ကြသည့်အတွက် ကမ္ဘာ့ကပ်ရောဂါ Covid-19 မှ ကြိုတင်ကာကွယ် နိုင်ရန် ရွက်ဖျင်တဲများတည်ဆောက်ပေးကာ နေရာချပေးမည်ဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်၀န်ကြီးဦးစိုးထက်ကပြောသည်။

“မနေ့ကတည်းက ရွာအစပ်ချောင်းဘေးရေရနိုင်တဲ့နေရာမှာ နေရာချထားတယ်၊ ယာယီတဲအလုံး (၈၀) ဆောက်ပေးပြီ နောက်ထပ် အလုံး (၇၀) ကျန်သေးတယ်၊ စစ်ဘေးရှောင်ပြည်သူတွေက အစုအဖွဲ့နဲ့နေလို့ရှိရင် ကြာလာရင် အန္တရာယ်ရှိလာနိုင်တယ် ဒါကြောင့် ခုလိုစီစဉ်ပေးတာ’’ ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။

ယခုလက်ရှိ ဆမီးမြို့ပေါ်တွင် စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု (၆၃၀) လူဦးရေ(၂၆၁၂) ဦးရှိသည်ဟုသိရပြီး အမှတ် (၁) ရပ်ကွက် ဘုန်းကြီးကျောင်း၊ အမှတ် (၂) အ.လ.က လိပ်ကုန်းစာသင်ကျောင်း၊ အမှတ် (၃) ရပ်ကွက် ခန်းမဆောင်နှင့် ဘုရားကျောင်း၊ လူနေအိမ်များစသည်တို့တွင် အဆင်ပြေသလို နေရာချထားဆဲဖြစ်ကြောင်းသိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်(WFP)၊ ချင်းပြည်နယ်အစိုးရအဖွဲ့ နှင့် စေတနာအလှူရှင်များ၏ ကူညီထောက်ပံ့မှု ကြောင့် စစ်ဘေးရှောင်ပြည်သူများစားသောက်ရန် တစ်လစာဖူလုံမှုရှိနေသော်လည်း အ၀တ်အစား လိုအပ်မှုများရှိေ နသည်ဟု စစ်ဘေးရှောင်ပြည်သူများအား အနီးကပ်ကူညီမှုပေးနေသည့် ပြည်သူ့မျှော်လင့်ချက်လူမှုအဖွဲ့အစည်း (People Hope Organization) မှ ညွန်ကြား ရေးမှူး ဦးဇော်လီအောင်က ပြောသည်။

“ခုလောလောဆယ် စစ်ဘေးရှောင်တွေအတွက် တစ်လစာ စားဖို့အတွက်တော့လုံလောက်တယ်၊ WFP ကနေ ဆန်အိတ် ၁၀၀၀ ချပေးပါတယ် ဆီ၊ ဆား၊ ကုလားပဲချပေးပါတယ်၊ ချင်းပြည်နယ်အစိုးရမှ အလုံး ၁၅၀ ယာယီတဲ ချပေးပါတယ် ပြီးတော့ ပေ ၁၀၀ မိုးကာ သုံးလုံးလေးလုံးလောက်ချပေးထားပါတယ်၊ စားတာအဆင်ပြေတယ် ၀တ်တာအဆင်မပြေဘူး နေတာအဆင်မပြေဘူး အခုလောလောဆယ် ေ၀ဋ္ဌုကျော်ဖောင်ဒင်းရှင်းကနေ အ၀တ်အစား ၂၆၀၀ ကူညီတယ်၊ အခုကျနော်တို့အခုဖြန့်နေပါတယ်” ဟု ဦးဇော်လီအောင်ကပြောသည်။

Relief & Rehabilitation Committee for Chin IDPs ၏ စာရင်းအရ ယခုလက်ရှိ ချင်းပြည်နယ် ပလက်၀မြို့ပေါ်တွင် စစ်ဘေးရှောင်အိမ်ထောင်စု (၄၃၇)စု၊ လူဦးရေ (၁၉၈၆)၊ ဆမီးမြို့ပေါ်တွင် အိမ်ထောင်စု (၆၃၀)စု၊ လူဦးရေ (၂၆၁၂) စုစုပေါင်း ၄၅၉၈ ဦးရှိပြီး ရခိုင်ပြည်နယ် ၆ မြို့နယ်တွင် ချင်းစစ်ဘေးရှောင် လူဦးရေ ၆၁၈၅ ဦးရှိသည်ဟု သိရသည်။

လားနွန်(ခိုနူမ်းသုန်)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here