19 March 2024 /

See today's Peace Related News

ကချင်စစ်ရှောင်စခန်းများ ကိုရိုနာကာကွယ်ရေး လက်ဆေးရန်ပင် ရေ မလုံလောက်ဟုဆို

၇ ဧပြီ ၂၀၂၀

Covid-19 ကူးစက်ရောဂါကာကွယ်ရန် လက်ဆေးခြင်းသည် အဓိကဖြစ်သော်လည်း ကချင်ပြည်နယ်တွင်းရှိ စစ်ရှောင်စခန်းတချို့တွင် လက်ဆေးရန် ရေအလုံအလောက်မရှိသည့်အပြင် အခြားကာကွယ်ရေးပစ္စည်းများ ပြတ်လတ်မှုရှိနေကြောင်း သိရသည်။

“ကျနော်တို့စစ်ရှောင်စခန်းမှာ လက်ဆေးဖို့ ရေမပြောနဲ့ ရေသောက်ဖို့တောင်အနိုင်နိုင် ဖြစ်နေတယ်။ အိမ်ခြေစုစုပေါင်း တစ်ရာကျော်မှာ Karuna Mission Social Solidarity (Catholic KMSS)ကနေ တူးပေးထားတဲ့ ရေတွင်းက တစ်တွင်းဘဲရှိတယ်။ အဲရေတွင်းကလဲ ၂နာရီလောက်စုပ်လိုက်ရင် ခမ်းသွားပြီ။ အဝင်စိတွင်းတူးဖို့ အရင်ကတော့ ၃ဖွဲ့လောက်တူးပေးဖူးသေးတယ်။ ဒါပေမယ့် မအောင်ဘူး” ဟု မြစ်ကြီးနား Trinity (တြီနီတီ)စစ်ရှောင်စခန်းတာဝန်ခံ ဆရာ N’lam Kying ပြောသည်။

ကူးစက်မှု နူန်းမြန်သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါအား ကာကွယ်ရန်အတွက် လုပ်ဆောင်ရမည့်အရာများမှာ လက်ဆေးရမည်ဟု ပါဝင်သော်လည်း ရေလုံလောက်မှု မရှိသည့် စစ်ရှောင်စခန်းအချို့တွင် ခက်ခဲ စိုးရိမ်မူများစွာ ရှိနေကြောင်း ၎င်းကဆက်ပြောသည်။

စစ်ရှောင်စခန်းများတွင် ပြင်ပ လူဝင်ရောက်မှုကို ပိတ်ပင်ထားပြီး စခန်းအဝင်တံခါးတွင် လက်ဆေးရန် စဉ်များ ထားရှိပေးထားသည်။

“လက်ဆေးဖို့တော့ အရမ်းပြောနေကြတယ်။ ဒါပေမယ့် ရေကတော့လောက်မယ့်အခြေနေမရှိဘူး။ ခုဒီစခန်း အဝင်ပေါက်မှာလည်း လက်ဆေးရေက အချိန်ပြည့်ထားရတဲ့ချိန်ကျတော့ ရေလုံလောက်မှု မရှိဘူး။ နောက် ဧပြီလဆိုရင် ရေတွင်းတွေက ပိုပြီးတော့ ရေခမ်းခြောက်သွားနိုင်တယ်။ နောက်လဆိုရင် သောက်ရေတောင်ခက်လာမယ့် အနေထားမှာရှိနေတယ်” Mung Na (Maina) ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) စစ်ရှောင်စခန်းမှ စစ်ရှောင်တစ်ဦး ဆိုသည်။

ကချင်ပြည်နယ်တွင် နှာခေါင်းစည်း၊ လက်ဆေးရည် (Hand Gel) များ ဝယ်ယူရန်ပင် ခက်ခဲဖြစ်နေသည့်အပြင် ဈေးနှုန်းမြင့်မားနေသည့်အတွက် စစ်ရှောင်ပြည်များ ဝယ်ယူသုံးနိုင်ခြင်းမရှိကြောင်း မိုင်းနားစစ်ရှောင်စခန်းတာဝန်ခံ Slg. Brang Mai က ယခုလိုပြောသည်။

“ကျနော်တို့ဆီမှာ သက်ဆိုင်ရာအစိုးရဌာနကနေပြီးတော့ ဒီ Covid-19 ရောဂါပိုးကာကွယ်နိုင်ဖို့တွက် ထောက်ပံ့တာတွေ ဘာမှမရှိဘူး။ ခုအဝင်ပေါက်မှာထားတဲ့ လက်ဆေးရည်တောင်မှ ကျနော်တို့တက်နိုင်သလောက်ဝယ်ထားတာဖြစ်တယ်။ ဒါပေမယ့် အိမ်ထောင်စုတိုင်းမှာ သုံးဖို့တွက်တော့ ခုဝယ်ထားတဲ့ဟာ ကုန်လို့ရှိရင် ဝယ်ဖို့ကလည်း အဆင်မပြေလောက်တော့ဘူး။ ခုကြားနေရသလောက်ဆိုရင် အပြင်မှာဒီလက်ဆေးရည် ဆပ်ပြာတွေတောင်မှ ဝယ်ယူဖို့ ခက်ခဲနေတယ်ဆိုတဲ့ သတင်းတွေကြားနေရတော့ ကျနော်တို့စစ်ရှောင်တွေတွက် ဒီလက်ဆေးရည်သုံး ဆပ်ပြာတွေအပြင် စားသောက်များပါ ရမ်းကိုခက်ခဲသွားနိုင်တယ်” ဟု Mung Na စစ်ရှောင်တာဝန်ခံ ပြောသည်။

စစ်ရှောင်စခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာကွယ်နိုင်ရန် တောင်ယာစိုက်ခင်းတွင် အလုပ်လုပ်ကိုင်နေသူများအား မတ်လကုန် နောက်ဆုံးထား ပြန်လာရန်ညွန်ကြားထားပြီး နောက်ကျသောသူများကို (၁၄)ရက် quarantine လုပ်ထားပြီးမှသာ စခန်းကို ပြန်လည်ဝင်ခွင့်ပေးမည်ဟု စခန်းတာဝန်ခံများမှ သိရသည်။

သို့သော်လည်း နေ့လုပ်နေ့စားဖြင့် အသက်မွေးနေရသော စစ်ရှောင်ပြည်သူများအဖို့ အပြင်မထွက်ရ သတ်မှတ်လိုက်ပြီးနောက် ဝမ်းရေးအတွက်ပင် ခက်ခဲလာမည့်အခြေအနေကြောင့် quarantine လုပ်ရန် ခက်ခဲနေကြောင်း ဆက်လက်ပြောဆိုသည်။

ထို့အပြင် စစ်ရှောင်စခန်းများတွင် ကိုရိုနားဗိုင်းရပ်စ်နဲ့ပတ်သက်သည့် ပညာပေးအစီစဉ်များ၊ ကာကွယ်ရေးပစ္စည်းများ လိုအပ်နေကြောင်း စခန်းတာဝန်ခံများက ပြောသည်။

“လောလောဆယ်တော့ စခန်းတာဝန်ခံတွေပြောတဲ့တိုင်း အပြင်မထွက်ကြနဲ့ဆိုတော့ စခန်းမှာဘဲအတတ်နိုင်ဆုံးနေတယ်။ အရေးကြီးလိုအပ်မှ အပြင်ခနထွက်တယ်။ ဖြစ်နိုင်ရင်တော့ ကျမတို့စစ်ရှောင်စခန်းတွေမှာ ရောဂါပိုးနဲ့ပတ်သက်တဲ့ဆေးတွေ လာဖြန်းပေးစေချင်တယ်။ ပြီးတော့ ရောဂါကာကွယ်ရေးပစ္စည်းတွေလည်း ထောက်ပံ့ပေးပါလို့တောင်းဆိုချင်တယ်။ ကျမတို့အနေနဲ့အပြင်မှာဝယ်ဖို့လည်း မဖြစ်နိုင်တဲ့အခြေနေမှာရှိနေတယ်” ဟု ပလနရပ်ကွက်၊ Trinity Camp မှ စစ်ရှောင်တစ်ဦး ဆိုသည်။

ကချင်ပြည်နယ်တွင်ရှိ စစ်ရှောင်စခန်းများမှာ အစိုးရထိန်းချုပ်နယ်မြေတွင် စခန်းပေါင်း ၁၁၉ ခုရှိကာ အစိုးရထိန်းချုပ်မှု မရှိသည့်နယ်မြေတွင် စခန်းပေါင်း ၂၀ ရှိပြီး လူဦးရေအားဖြင့် စုစုပေါင်း ၁သိန်းကျော်ရှိနေဆဲဖြစ်သည်။

နောနော် (ကေအန်ဂျီ)- ရေးသည်။