19 March 2024 /

See today's Peace Related News

မြန်မာ့တပ်မတော် NCA ချိုးဖောက်ခဲ့ကြောင်း JMC-S သို့ KNU ကန့်ကွက်စာပို့

၇ ဧပြီ ၂၀၂၀

မြန်မာ့တပ်မတော်အနေဖြင့် ကရင်ပြည်နယ်၊ ဖာပွန်ဒေသရှိ ကရင်ကျေးရွာများတွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)ပါအချက်များကို ချိုးဖောက်ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး-KNU တပ်မဟာ(၅)မှ ဧပြီလ (၅)ရက်ပါ နေ့စွဲဖြင့် ပဲခူတိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာပူတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC-S)သို့ ကန့်ကွက်စာတစ်စောင်ပေးပို့ခဲ့သည်။

အဆိုပါ ကန့်ကွက်စာ၌ ပြီးခဲ့သည့် မတ်လ ၂၃ရက်နေ့ကမော်ဖူး(ယွန်းစလင်း)နှင့် ကော်သွေးခို အခြေစိုက် မြန်မာ့ တပ်မတော် တာဝန်ရှိသူများအနေဖြင့် တောမီးရှို့ခြင်းကြောင့် ခုတ်ပြီးကာစ လေးဂေါ် ဒေသခံရွာသားများ၏ တောင်ယာ (၇)ခင်း မီးလောင်ပျက်စီးသွားကြောင်းနှင့် မီးလောင်ပျက်စီးခဲ့သည် ဒေသခံရွာသားများ၏ နာမည်ပါ ကနဦး ထည့်သွင်းဖော်ပြထားသည်။

ထို့အပြင် အဆိုပါမတ်လ ၂၃ရက်နေ့တွင်ပင် ကဲဒဲစို နှင့် ကူခို စခန်းရှိ မြန်မာစစ်တပ်တာဝန်ရှိသူ များသည် ကူဒေးနှင့် တာကူဒဲ ကျေးရွာများတည်ရှိရာ နေရာအနီးတစ်ဝိုက်သို့ လက်နက်ကြီး(၉)လုံး ပစ်ချခဲ့ပြီး ၎င်းဒေသရှိ ကျေးရွာသားများ အသစ်တဖန် ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း အဆိုပါ ကန့်ကွက်စာ၌ ပါရှိသည်။

ထို့ကြောင့် ဘောစဲခို၊ ဖလပ်ခို၊မော်ဖူး၊လယ်မူပလော၊စောမူပလော၊ခေးပူနှင့် ထိုဒေသအတွင်းရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ တပ်စခန်းအားလုံးမှ မြန်မာစစ်တပ်တာဝန်ရှိသူများအနေဖြင့် ဒေသခံ ကရင်တိုင်း ရင်းသားများ၏ အခွင့်အရေးချိုးဖောက်မှုများပြုလုပ်နေသလို NCAပါ အခန်း(၂)၊ အပိုဒ်(၇)၏ အပိုဒ်ခွဲ (က၊ဂ၊စ၊ တ၊ထ)စသည့်အချက်တွေကို ချိုးဖောက်နေကြောင်းနှင့် ၎င်းလုပ်ရပ်များအပေါ် အပြန်အထန် ကန့်ကွက် ကြောင်းလည်း KNU တပ်မဟာ (၅)ဘက်မှ ဆိုသည်။

သို့သော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားချက်အရ ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်နှင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအထောက်အကူပြုလမ်းများနှင့် တပ်ရိက္ခာပို့ လမ်းကြောင်း များအတွက် ဆိုင်ရာ အဖွဲ့အစည်းများနှင့် ကြိုတင်ညှိနှိုင်း၍ လမ်းဖောက်လုပ်လျက်ရှိပြီး တပ်မတော်စစ်ကြောင်းမှ လိုအပ်သည့် လမ်းလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေစဉ် ကေအဲန်ယူဘက်မှ ပြီးခဲ့သည့်လများ အတွင်း နှောက်ယှက်ပစ်ခတ်မှု၊ မိုင်းခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဧပြီလ ၂ရက်နေ့က သတင်းထုတ်ပြန် ထားသည်။

အဆိုပါ တိုက်ခိုက်မှုများတွင် ပြီးခဲ့သည့်နှစ် ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလမှစ၍ ယနေ့အချိန်ထိ ထိတွေ့မှု အကြိမ် (၄၀)၊မိုင်းနင်းမိုင်းကွဲမှု (၂၃)ကြိမ်၊မိုင်းထောင်တိုက်ခိုက်မှု ၃ကြိမ်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဒေသန္တရလုပ်မိုင်း ဖော် ထုတ်ရရှိမှု ၁၈ကြိမ် (၂၅လုံး) ရှိကြောင်း နှင့် အဆိုပါ နှောက်ယှက်ပစ်ခတ်မှု၊ မိုင်းခွဲတိုက်ခိုက်မှုများအတွက် သက်ဆိုင်ရာ တိုင်းစစ်ဌာချုပ်၊ JMC-S ၊လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့မှ ကေအဲန်ယူ ဗဟိုနှင့်သက် ဆိုင်ရာသို့ သတိပေးကန့်ကွက်စာ အကြောင်းကြားစာ ၉၄ကြိမ်ပေးပို့ခဲ့ပြီးဖြစ်ကြောင်းနှင့် လိုအပ်သည့် လုပ်ငန်း များကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟု လည်း ဖော်ပြပါရှိသည်။

ထိုသို့လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေစဉ်အတွင်း ပြီးခဲ့သည့် ဧပြီလ ၁ရက်နေ့က ဘော်စဲခို-လွယ်မူ ပလောတွင် လမ်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းကို ဘော်စဲခို၏ အနောက်မြောက် မီတာ ၈၀၀၀ အကွာမှ အင်းအား (၇)ဦးရှိသည့် KNUတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် လာရောက် နှောက်ယှက်ပစ်ခတ်ခဲ့ကြောင်း၊ တပ်မတော်စစ်ကြောင်းမှ ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း နှင့် ပစ်ခတ်မှုအပြီး ရှင်းလင်းမှုပြုလုပ်စဉ် အရပ်ဝတ် ကေအဲန်ယူ တပ်ဖွဲ့ဝင်တစ်ဦးနှင့်အတူ လက်နက်ခဲဖမ်းများ သိမ်းဆည်းရမိခဲ့ ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်က ဆိုသည်။

သို့သော် ဧပြီလ ၁ရက်နေ့က ထုတ်ပြန်သည့် ကေအဲန်ယူ၏ ထုတ်ပြန်ချက်၌ ရိက္ခာသွားဝယ်အပြီး အပြန်တွင် လမ်းဖြတ်ကူးသော ဒေသခံရွာသားများကို တပ်မတော်ဘက်မှ ပစ်ခတ်မှုပြုလုပ်ရာ စောသက်မီးခေါ် ဒေသခံ လူထုခေါင်းဆောင် တစ်ဦးထိမှန်သေဆုံးသွားကြောင်း ထုတ်ပြန်ပြောဆိုခဲ့သည်။

အလားတူ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်-KPSNမှ အဆိုပါ အပစ်ခံရသူမှာ စစ်ပြေးရှောင် IDPများအတွက် လိုအပ်သည့် စားနပ်ရိက္ခာများသွားဝယ်အပြီး အပြန်တွင် အပစ်ခတ်ခံခဲ့ရကြောင်းနှင့် သေဆုံးသွားသူ စောသက်မီးသည် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် အတွင်း ကျေးရွာပိုင်ဘုံ သစ်တော တစ်ခု၏ ကော်မတီဝင်ခေါင်းဆောင်တစ်ဦးဖြစ်သလို ကော်သေးဂူ ခေါ် ဒေသတစ်ခု၏ တရားစီရင်ရေး ကော်မ တီ ၏ ဒုတိယ တရားသူကြီး တစ်ဦးလည်းဖြစ်ကြောင်း သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်က ပြီးခဲ့သည့် ဧပြီလ ၃ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကေအဲန်ယူ ဗဟိုမှ တပ်ပိုင်းဆိုင်ရာတွေ့ဆုံမှုများတွင် ရှင်းလင်း သွားရန်အပြင် လတ်တလောတွင် တေ့ွဆုံညှိနှိုင်းမှုမပြုနိုင်သေးသည့် အခြေအနေတွင် အကြောင်းကြား ကန့်ကွက်စာများပေးပို့သွားမည်ဖြစ်ကြောင်းပြောဆိုထားသည်။

NCAစာချုပ်ပါ နှစ်ဖက်တပ်များ လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်း ကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၏ အခန်း(၂) အရပ်သားပြည်သူနှင့် ပတ်သက်၍ စောင့်ထိန်းလိုက် နာရမည့် ကျင့်ဝတ်စည်းကမ်းများပါ အပိုဒ် (၇) အပိုဒ်ခွဲ (က၊ဂ၊စ၊တ၊ထ)အရ ပြည်သူလူထု၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ပညာရေး နှင့် ဒေသန္တရဖွံ့ဖြိုးတိုးတက်တို့အတွက် လိုအပ်သောပံ့ပိုးကူညီမှုများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရန်၊ ဒေသခံများကို အဓမ္မနေရပ်စွန့်ခွာစေခြင်း၊ ရွှေ့ပြောင်းစေခြင်း မပြုလုပ်ရ၊ ဒေသခံများ၏ မြေယာများကို အဓမ္မသိမ်းပိုက်ခြင်း၊လွဲပြောင်းခြင်းမပြုရတို့ပါရှိသည်။

ထို့အပြင် အပစ်ရပ်နယ်မြေအတွင်းရှိ ပြည်သူလူထု၏ လူမှုဘဝ လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင် ရွက်ပေးရေးနှင့် အရပ်သားပြည်သူများ စိုးရိမ်ကြောင့်ကျမှုမရှိဘဲ အပစ်ရပ်နယ်မြေများအတွင်း လွတ်လပ်စွာ သွားလာခွင့်ပေးရန်တို့လည်း ပါရှိသည်။

စအိုင်ဆူး(ကေအိုင်စီ)-ရေးသည်။