29 March 2024 /

See today's Peace Related News

“အစိုးရအနေနဲ့ မတရားအသင်းတို့ အကြမ်းဖက်အဖွဲ့အစည်းတို့ သတ်မှတ်လိုက်တာဟာ ငြိမ်းချမ်းရေးအတွက် အထစ်အငေါ့တွေဖြစ်စေတယ်၊ JICM မှာ ဆုံးဖြတ်ထားတဲ့ကိစ္စ အခုလိုပျက်ပြယ်သွားတာမျိုး မဖြစ်သင့်ဘူး” နိုင်‌အောင်မငေး(NMSP)

NCA-S EAO နှင့် NMSP ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးအား ဆက်သွယ်မေးမြန်းခြင်း

၁၁ ဧပြီ ၂၀၂၀

လက်ရှိ Covid 19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အစိုးရနှင့် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ NCA-S EAO တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ တိုးတက်ဖြစ်ပေါ်နေမှုများကို NCA-S EAO နှင့် NMSP ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေးအား မွန်သတင်းအေဂျင်စီ အယ်ဒီတာ နိုင်ဝဏ္ဏမာန် မွန်ဘာသာဖြင့်ဆက်သွယ်မေးမြန်းချက်ကို ဗညားအောင်က မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုသည်။

မေး- Covid 19 ရောဂါထိန်းချုပ်နေတဲ့ အခုလိုကာလမှာ အစိုးရနဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ NCA-S EAO တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်ဆုံးအခြေအနေလေး သိပါရစေ။

ဖြေ-ကျနော်တို့ နှစ်ဖက်အလုပ်ကော်မတီတွေက အစည်းအဝေးတွေ ဆက်လက်ကျင်းပနေပါတယ်၊ အခု ဧပြီ ၂-၃-၄ မှာ လုပ်ငန်းစဉ်တွေကို ချမှတ်ခဲ့တယ်၊ လာမယ့် ၂၇ (ဧပြီ) မှာ အစည်းအဝေး ဆက်လုပ်သွားဖို့ရှိပါသေးတယ်။

မေး- ဘယ်လိုအစည်းအဝေးမျိုးလဲ ဆရာ။

ဖြေ- NCA အကောင်အထည်ဖော်မှုဆိုင်ရာဆွေးနွေးပွဲ အလုပ်ကော်မတီဆိုပြီး ပြန်ဖွဲ့ထားတာပါ၊ အရင်က အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အလုပ်ကော်မတီကိုပဲ JICM ဆုံးဖြတ်ချက်နဲ့ ပြန်ဖွဲ့တယ်၊ ကျနော်တို့ EAOs ၁၄ ဦးပါတယ်။ အစိုးရဘက်မှာ ၁၀ ဦးပါဝင်တယ်။

မေး- ဒါဆိုရင် ငြိမ်းချမ်းရေးအတွက် အစည်းအဝေးတွေ လုပ်ငန်းစဉ်တွေက သူ့အစီအစဉ်အတိုင်း ပုံမှန်လည်ပတ်နေတယ်လို့ ဆိုနိုင်မလား။

ဖြေ- ပုံမှန်လည်ပတ်နေပါတယ်၊ အခုအပတ်အစည်းအဝေးမှာ KNU နဲ့ ရှမ်းကိုယ်စားလှယ်တွေကိုယ်တိုင် တက်ဖြစ်ပါတယ်၊ ကျနော်ကတော့ Online ကနေ တက်ဖြစ်ပါတယ်။

မေး-ဘာတွေဆွေးနွေးပြီး ဆုံးဖြတ်ချက်တွေ ဘာတွေရခဲ့သလဲ။

ဖြေ- ရှေ့ဆက်သွားနိုင်ဖို့ ညှိနှိုင်းရမယ့်အချက်တွေ အများကြီးကျန်ပါသေးတယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ UPC ကျင်းပတဲ့အခါ ပြည်ထောင်စုသဘောတူညီချက် Union Accord မှာ အများလက်ခံတဲ့ ရလဒ်ကောင်းကောင်းတစ်ခုထွက်လာဖို့၊ အများလက်ခံတဲ့အချက်နဲ့ ကျနော်တို့တိုင်းရင်းသားတွေ ဆန္ဒနဲ့ တစ်ထပ်တည်းဖြစ်လာဖို့ ဆွေးနွေးခဲ့ပါတယ်၊ အရင်က ပြောခဲ့ဖူးတဲ့အတိုင်းပါပဲ NCA အကောင်အထည် ဖေါ်မှုဆိုင်ရာမူဘောင်ကိစ္စ ဆွေးနွေးမယ်၊ ၂၀၂၀ အလွန် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ညှိနှိုင်းမယ်၊ ဖက်ဒရယ် အခြေခံမူဆိုင်ရာတွေကို ညှိမှာပေါ့၊ ဖက်ဒရယ် အခြေခံမူဆိုင်ရာတွေကို UPC မှာအတည်ပြုနိုင်ခဲ့ရင် Union Accord မှာ ပါဝင်သွားမှာဖြစ်တယ်၊ လောလောဆယ် ၂၄ ချက်ကို ညှိနှိုင်းနေဆဲပဲ၊ ဒါပြီးသွားရင် UPDJC ကိုဆက်တင်ပြမယ်၊ UPDJC မှာက နိုင်ငံရေးပါတီတွေလည်း ပါဝင်လာတာပေါ့၊ အဲဒီမှာ UPDJC ချမှတ်ပေးတဲ့အချက်အလက်တွေအပေါ် အခြေခံပြီးတော့ Public Consultant လုပ်ပြီး ပြည်သူကိုချပြမယ်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေလည်း လုပ်မှာပေါ့၊ ဒါပေမယ့် အခုလောလောဆယ် ဒီဟာတွေကို အကောင်အထည်ဖော်နိုင်တဲ့အဆင့်မရောက်သေးပါဘူး၊ အဲဒါ Covid 19 ရောဂါကြောင့်မဟုတ်ဘူး ကျနော်တို့ဆွေးနွေးနေတာ မပြီးသေးလို့ အချက်အလက်တွေမပြည့်စုံသေးလို့ အကောင်အထည်မဖော်နိုင်သေးတာပါ၊ နည်းနည်းတော့ ခြေလှမ်းတွေနှေးကွေးနေတဲ့ သဘောမျိုးဖြစ်နေတယ်၊ အချက်အလက်တွေမှ မပြည့်စုံသေးတာ၊ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာက ကိုယ့်သဘောနဲ့ကို ရရှိလာတဲ့အချက်အလက်တွေကို စုစည်းပြီး လာဆွေးနွေးတဲ့ပုံစံမျိုးမရတော့ဘူး၊ UPDJC ချမှတ်ပေးတဲ့ ဘောင်အတွင်းကနေ ဆွေးနွေးသွားရမယ်၊ အဲဒီဆွေးနွေးမှုတွေမှာ ဘောင်အပြင်ကျော်မထွက်စေဖို့ ဆွေးနွေးမှုရလဒ်ကောင်းတွေ ထွက်ရှိလာဖို့၊ ပြီးခဲ့တဲ့အတွေ့အကြုံတွေအရ ကြိုတင်ညှိနှိုင်းမထားရင် UPC မှာ တစ်ဖက်နဲ့တစ်ဖက် ထပြီး အငြင်းအခုံဖြစ်တော့တာပဲ၊ ဥပမာပြောရရင် ဟိုဘက်က ၂ ချက်တင်ပြလာတယ်၊ ကိုယ့်ဘက်က ၃ ချက်တင်ပြတယ်၊ အဲဒီမှာငြင်းကြခုံကြ ညှိမရဖြစ်ကြပြီးတော့ နောက်ဆုံး ဘာတစ်ခုမှလည်း မရလိုက်ပါဘူး၊ ပြီးခဲ့တဲ့ UPC တွေမှာ ၁၄ ချက်၊ ၃၇ ချက်သာရခဲ့တယ် ဘာအနှစ်သာရမှ မရှိဘူးလို့မြင်ပါတယ်၊ အခုလာမယ့် ငြိမ်းချမ်းရေးညီလာခံမှာတော့ ဖက်ဒရယ်အခြေခံမူကို အစိုးရ၊တပ်မတော်၊ လွှတ်တော်တွေပါဝင်တဲ့ အစိုးရကိုယ်စားလှယ်နဲ့ ကျနော်တို့ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အရင်ညှိထားကြမယ်၊ ပြီးတော့ နိုင်ငံရေးပါတီတွေနဲ့ညှိပြီး UPDJC တင်ပြမယ်၊ UPDJC ချလာပေးတဲ့ အချက်တွေအပေါ် လူမျိုးအလိုက်အမျိုးသား နိုင်ငံရေးဆွေးနွေပွဲတွေ လူထုတွေ့ဆုံပွဲတွေ ကျင်းပသွားမယ်၊ အဲဒီက ရလာတဲ့သဘောတူညီချက်တွေကို အခြေခံပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ လုပ်မယ်၊ လက်ရှိအနေအထားမှာ သဘောတူညီချက်တွေရနိုင်ဖို့ ကြိုးပမ်းနေကြတုန်းပဲ၊ ကျနော်တို့ မလျော့ပါဘူး လုပ်စရာရှိတာ ဆက်လုပ်နေတုန်းပဲ။

မေး-လက်ရှိ ညှိနှိုင်းဆွေးနွေးတဲ့ နေရာမှာ ဘယ်လိုအချက်တွေမှာ အခက်အခဲဖြစ်နေတာလဲ။

ဖြေ-အခက်အခဲဆိုတဲ့နေရာမှာ ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ ရလဒ်ကောင်းတွေ ထွက်လာမှာပဲလေ၊ ဥပမာပြောရင် ၂၀၂၀ အလွန် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ် အဆင့်ဆင့် ဆိုတာမျိုး၊ ပြီးတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ခေါင်းစဉ်အောက်မှာ အစိုးရဘက်က DDR ကိုအဆိုပြုတာမျိုး၊ ကျနော်တို့ဘက်ကလည်း SSR-DDR လို့ ဟောဒီလိုအဓိပ္ပါယ်ရတဲ့အကြောင်း ဒီလိုအချက်တွေနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ ဆွေးနွေးစရာတွေ ကျန်ပါသေးတယ်။

မေး- နောက်ပိုင်းဆွေးနွေးပွဲတွေမှာ အဆင်ပြေ ချောမွေ့လိမ့်မယ်လို့ ဆရာယူဆပါသလား။

ဖြေ- နိုင်ငံတော်အတိုင်ပင်ခံ ချမှတ်ထားတဲ့အဓိက အချက် ၅ ချက်ရှိပါတယ်၊ ဖက်ဒရယ်စနစ်နဲ့အညီ အာဏာခွဲဝေမှုတွေရှိရမယ်၊ သယံဇာတခွဲဝေမှုနဲ့ အခွန်အကောက်ခွဲဝေမှုတွေရှိရမယ်။ ဖက်ဒရယ်ယူနစ်တွေအားလုံးက တန်းတူရည်တူရှိရမယ်၊ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံနိုင်တဲ့ ကိုယ်ပိုင်အခြေခံဥပဒေရှိရမယ်၊ ပြည်နယ်တွေရဲ့ အာဏာကိုခွဲဝေကျင့်သုံးတဲ့အခါမှာ ပြည်သူလူထုကို အခြေခံရမယ် ဆိုတဲ့အခြေခံမူတွေကို အစိုးရလက်ခံထားတယ်၊ ဒီအချက်တွေပါဝင်အောင် ကြိုးစားမယ်၊ ကျနော်တို့နဲ့ တူတာကိုယူမယ်၊ အခုလာမယ်နိုင်ငံရေးဆွေးနွေးပွဲတွေက Top & Down ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ အမျိုးသားအဆင်နိုင်ငံရေးဆွေးနွေးပွဲတွေကနေ အနှစ်သာရရှိတဲ့အချက်တွေကိုလည်း တော်တော်လေးရရှိထားပြီးသားမို့ Top & Down လုပ်တာ အဆင်ပြေပါလိမ့်မယ်။

အဲဒီ ၅ ချက်ထဲမှာဆိုရင် ဖက်ဒရယ် ပြည်ထောင်စု အစား ဒီမိုကရေစီဖက်ဒရယ်စနစ်ကိုအခြေခံသော စကားလုံးကို တပ်မတော်ဘက်က ဖြည့်စွက်တယ်၊ ပြည်နယ်နဲ့တိုင်း ယူနစ်အလိုက် တန်းတူညီမှု ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရေးဆွဲခွင့်ရှိမည်ဆိုတဲ့နေရာမှာ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို မဆန့်ကျင်စေပဲ ပြည်နယ် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ရေးဆွဲစေရန် တပ်မတော်ဘက်က ဒီလိုစကားလုံးတွေပြင်ဆင်ဖြည့်စွက်တာ ရှိပါတယ်။

မေး- နောက်တစ်ချက်မေးလိုတာက AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းလို့ အစိုးရသတ်မှတ်လိုက်တဲ့အတွက် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဘယ်လောက်များ ရိုက်ခတ်လာနိုင်သလဲ။

ဖြေ- အခက်အခဲဖြစ်တာပေါ့၊ JICM အစည်းအဝေးမှာ သဘောတူညီချက်တစ်ခု ရှိခဲ့ပါတယ်၊ ဘာလဲဆိုတော့ အပစ်မရပ်သေးတဲ့အဖွဲ့တွေ အပစ်ရပ်လာဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းကြဖို့ အားထုတ်သွားကြဖို့ တိုက်တွန်းကြဖို့ ပြောဆိုထားကြတာ ရှိတာပေါ့နော်၊ အခုလိုပြောဆိုထားတဲ့အချိန်မှာ အစိုးရဘက်က ဒီလိုတိုက်ရိုက်အမိန့်ထုတ်ပြန်လာတော့ ဒီကိစ္စအပေါ် ကျနော်တို့တတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ ဘယ်အတိုင်းအတာမှာပဲ ရောက်ရှိလို့နေပါစေ ရှေ့ဆက်ပြီးဆောင်ရွက်လို့ မဖြစ်နိုင်တော့ပါဘူး၊ တွေ့ဆုံလို့မရတော့ပါဘူး အဲလိုအနေအထားမှာ ရှိနေတယ်၊ ကျနော်တို့အားလုံး လက်ခံထားတာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်မှ ငြိမ်းချမ်းရေးဟာ ပြည့်စုံကောင်းမွန်မယ်ဆိုတာပေါ့၊ နောက်တစ်ချက်ရှိသေးတာက ဆက်စပ်မှုရှိတတ်တဲ့သဘော၊ AA အခုလိုဖြစ်သွားရင် KIO ပါဝင်လာဖို့ ခက်လာဦးမယ်၊ KIO နယ်မြေထဲမှာ AA စခန်းတွေရှိနေတာ မဟုတ်လား။

KIO မပါဝင်လာဘူးဆိုတာနဲ့ နောက်ဆက်စပ်လာတဲ့ ၃ ဖွဲ ၄ ဖွဲ့ မြောက်ပိုင်းမဟာမိတ်တွေပါဝင်လာဖို့က ပိုပြီးဝေးသွားတာပေါ့၊ အခုလို ဝေးသွားမယ်ဆိုရင်ပဲ ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါမှာ အဖွဲ့အစည်းစုံစုံလင်လင်နဲ့အတူတကွ လိုက်ပါနိုင်ဖို့ဆိုတာ အဝေးကြီးဝေးသွားပြန်ပြီဆိုတော့ အခက်အခဲတွေပဲပေါ့၊ ဒီလိုအမိန့်ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာဆိုရင် မဆွေးနွေးရဲ မတိုက်တွန်းချင် မစည်းရုံးချင်တော့တဲ့ အနေအထားမျိုးဖြစ်လာတာပေါ့။

မေး- လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အစိုးရနဲ့ NCA လက်မှတ်ထိုး ၁၀ ဖွဲ့လောက်ပဲ ပါဝင်နေတယ်၊ မြောက်ပိုင်းမဟာမိတ်လိုအင်အားကြီးတဲ့ အဓိကအဖွဲ့အစည်းတွေလည်း ကျန်နေသေးတယ် ဆိုတော့ ငြိမ်းချမ်းရေးမှာ ဒီလိုအဖွဲ့အစည်းတွေ ပါဝင်လာဖို့ကို ဆရာတို့တိုင်းရင်းသားအဖွဲ့တွေထဲမှာ ဘယ်လိုအစီအစဉ်တွေရှိပါသလဲ။

ဖြေ- ကျနော်တို့ PPST အနေနဲ့ ကြေငြာချက်ထုတ်ဖို့ရှိတယ်၊ လောလောဆယ်မထုတ်ဖြစ်သေးဘူး၊ အချက်အလက်တွေကို လေ့လာနေဆဲ၊ ပြီးရင် ကြေငြာချက်ထုတ်သင့်သလား ဆိုတာမျိုးကိုလည်း စဉ်းစားရတာပေါ့၊ ကျနော်ခုနက ပြောခဲ့တဲ့အတိုင်းပါပဲ အစိုးရအနေနဲ့ ဒီလို မတရားအသင်းတို့ အကြမ်းဖက်အဖွဲ့အစည်းတို့ သတ်မှတ်လိုက်တာဟာ ငြိမ်းချမ်းရေးအတွက် အထစ်အငေါ့တွေဖြစ်စေတယ်၊ JICM မှာ ဆုံးဖြတ်ထားတဲ့ကိစ္စ အခုလိုပျက်ပြယ်သွားတာမျိုး မဖြစ်သင့်ဘူးလို့ ကျနော်တို့ပါတီ (NMSP) သဘောထား အဲဒီလိုရှိပါတယ်။

မေး- ဒါဆိုရင် လာမယ့် ငြိမ်းချမ်းရေးညီလာခံမှာ မြောက်ပိုင်းမဟာမိတ်တွေ တက်ရောက်လာဖို့ဟာ အခက်အခဲတွေ ရှိလာမှာပေါ့နော်။

ဖြေ- ညီလာခံတက်မယ့်ကိစ္စ အခက်အခဲတွေရှိလာနိုင်တယ်လို့ ကျနော်မြင်တယ်၊ ဒါပေမယ့် ဘာအသံမှလည်း ထွက်မလာသေးဘူးပေါ့၊ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့က ခုနကပြောတဲ့ အချက် ၂၄ အပေါ်မှာဆွေးနွေးပြောဆိုထားပြီးဖြစ်တဲ့အတွက် သူတို့ ညီလာခံတက်တာ မတက်တာ အဓိကမဟုတ်တော့ဘူး။( ညီလာခံမှာ အဲဒီ ၂၄ ချက်ကို ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့အဓိကပါ)

မေး-နောက်ဆုံးအနေနဲ့မေးချင်တာက ငြိမ်းချမ်းရေးညီလာခံမှာ သူတို့မပါဝင်လို့ Union Accord မှာ သူတို့သဘောတူညီချက် မပါဝင်ခဲ့ဘူးဆိုပြီး ပြောဆိုလာရင်ကော။

ဖြေ-အဲဒီ ၂၄ ချက်ကို မလွတ်သွားဖို့ပဲ၊ ဒီအချက်တွေအပါ်မှာ နားလည်မှုရှိကြရမှာကတော့ မိမိတို့လိုလားချက်တွေအားလုံး ၁၀၀% ပြည့်ပြည့်ဝဝရဖို့ မဖြစ်နိုင်ဘူးဆိုတာ လက်ခံထားဖို့လိုတယ်၊ ရနိုင်သလောက်ရမှာပေါ့၊ အဲလိုမျိုး နားလည်မှုတွေမရှိနိုင်ဘူးဆိုရင်တော့ မလွယ်ဘူးပေါ့၊ မိမိဒေသနဲ့ မိမိလူမျိုးအခြေအနေ၊ ပကတိမြေပြင်အနေအထားမှာ အခက်အခဲအမျိုးမျိုးနဲ့ ထိတွေ့ဆက်ဆံနေရတဲ့အပေါ် အခြေခံပြီး မိမိတို့ပါတီရပ်တည်နေတာဖြစ်တဲ့အတွက် အဖွဲ့အစည်းအားလုံးတပြေးညီ တူညီဖို့ဆိုတာကလည်း မလွယ်ပါဘူး၊ အချို့အဖွဲ့အစည်းတွေအနေနဲ့ အင်အားတောင့်တင်းတယ် ပြည့်စုံတာရှိသလို အချို့အဖွဲ့အစည်းတွေမှာက ရပ်တည်နိုင်ဖို့တောင် အနိုင်နိုင်ဖြစ်နေတာမျိုးရှိနေပါတယ်။ ဆိုတော့ အားလုံး သဘောထားတစ်ခုတည်းရနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့ ဆိုချင်ပါတယ်။