“မဟုတ်မဟတ်သတင်းတွေပါ။ မြန်မာတပ်မတော်နဲ့ ပူးပေါင်းဖို့ဆိုတာ ပေါ်လစီမရှိပါဘူး”

0
254

ဆလိုင်းထက်နီ (CNF ပြောခွင့်ရှိသူ)

ချင်းအမျိူးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် အင်တာဗျူး

၁၄ ဧပြီ ၂၀၂၀။

ချင်းပြည်နယ်၊ ပလက်၀မြို့နယ်ရဲ့ စစ်ရေးပဋိပက္ခအခြေအနေ၊ စစ်ဘေးရှောင်ပြည်သူများကူညီပံ့ပိုးရေး၊ စားနပ်ရိက္ခာသယ်ယူရေး၊ လက်ရှိ Covid-19 ရောဂါ ကာကွယ်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး ချင်းအမျိူးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အထွေထွေအတွင်းရေးမှူး-၂ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ Covid-19 နဲ့ပတ်သက်ပြီးတော့ CNF ဗဟိုဌာနချူပ်မှာဖြစ်ဖြစ်၊ တပ်စခန်းတွေမှာဖြစ်ဖြစ် ကြိုတင်ကာကွယ်မှုတွေ ဘယ်လိုဆောင်ရွက်ထားတာရှိပါသလဲ။

ဖြေ။ ။ Covid 19 နဲ့ပတ်သက်ပြီး ကျနော်တို့အခြေစိုက်တဲ့ နယ်မြေအားလုံးမှာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ လူငယ်ခေါင်းဆောင်၊ ဘာသာရေးအသင်းအဖွဲတွေနဲ့ပူးပေါင်းပြီး လူ၀င်/လူထွက် စိစစ်မှုတွေ၊ စာရင်းကောက်တာတွေလုပ်တယ်၊ အဓိက ခရီးသွားလာမှုတွေ နည်းနိုင်သမျှနည်းအောင်လုပ်တယ်၊ ကြိုတင်ကာကွယ်မှု နည်းနာတွေ တတ်နိုင်သမျှတော့ လုပ်တာပေါ့။ ကိုယ့်စခန်းတွင်းမှာလည်း ကြိုတင်ကာကွယ်မှုတွေ အတတ်နိုင်ဆုံးတော့ လုပ်ပါတယ်။

မေး။ ။ ဗဟိုဌာနချူပ်မှာနေတဲ့ တပ်သားတွေဖြစ်ဖြစ်၊ အနီးပတ်၀န်းကျင်ကျေးရွာမှာ နေထိုင်တဲ့လူတွေအတွက် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ကြပြီလား။

ဖြေ။ ။ ကျတော်တို့ဌာနချုပ်မှာကျတော့ ထန်တလန်မြို့နယ် ကျန်းမာရေးဌာနက ဆရာ၀န်မတစ်ဦးနှင့် Nurse နှစ်ဦး (၃) ရက်လောက် ကျန်းမာရေးစောင့်ရှောက်မှု လာလုပ်ပေးတယ်၊ သူတို့ပြန်သွားတာကြာပြီ၊ ခုတော့ ကိုယ့်ဟာကိုယ်ပဲ Lockdown လုပ်တယ်၊ နေ့နေ့ညည လူ၀င်လူထွက်စစ်တယ်။

မေး။ ။ ချင်းပြည်နယ်အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရှိလား။ ဒါမှမဟုတ် အစိုးရဘက်ကနေ လိုအပ်တဲ့ ဆေးဝါးထောက်ပံ့မှုတွေရှိလား။

ဖြေ။ ။ အစိုးရဖက်က ဆေးဝါးထောက်ပံ့တာတို့၊ ဆရာ၀န်တွေ တာ၀န်လာချပေးတာမျိုးမရှိဘူး၊ အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အင်မတန် အားနည်းတယ်လို့ပြောရမှာပဲ၊ ဆရာ၀န်၊ ဆေးဆရာ အင်အားကိုက မလုံလောက်တာပဲ။ ချင်းပြည်နယ်အစိုးရက အစာရေစာ ထောက်ပံ့တယ်ကြားလို့ ဝမ်းသာတယ်။

မေး။ ။ ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ မြန်မာ့တပ်မတော်ပူပေါင်းပြီး ပလက်၀မြို့နယ်မှာ ခြေကုပ်ယူလှုပ်ရှားနေတဲ့ ရက္ခိုင့်တပ်တော် (AA) ကို တိုက်ထုတ်မယ်ဆိုပြီး လူမှုကွန်ယက် (Social Media) တွေမှာ ပြန့်နှံ့နေတာတွေ့ရ တယ်။ ပြည်သူလူထုတွေကလည်း တကယ်ဟုတ်မဟုတ်သိချင်နေကြတယ်၊ ဘာများတုန့်ပြန်လိုပါသလဲ။

ဖြေ။ ။ မဟုတ်ပါဘူး။ အဲဒီကိစ္စက မဟုတ်မဟတ်သတင်းတွေပါ။ မြန်မာတပ်မတော်နဲ့ ပူးပေါင်းဖို့ဆိုတာ ပေါ်လစီမရှိပါဘူး။

မေး။ ။ ခုဆိုရင် ကျနော်တို့သိတဲ့အတိုင်းပါပဲ ပလက်၀မြို့နယ်မှာ တပ်မတော်နဲ့ AA တပ်ဖွဲ့အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေ တစ်နေ့ထက်တစ်နေ့တိုးလာတယ်၊ စားနပ်ရိက္ခာပြတ်လပ်မှုတွေ ရင်ဆိုင်နေကြရတယ်၊ ဒီအပေါ်မှာ CNF အနေနဲ့ ပြည်သူလူထုအတွက် ဘာတွေ လုပ်ဆောင်ပေးဖို့ရှိပါသလဲ။

ဖြေ။ ။ CNF အနေနဲ့ နည်းလမ်းပေါင်းစုံအသုံးပြုပြီး ကမကထပြု ဆောင်ရွက်သွားဖို့ရှိပါတယ်၊ ချင်းစစ်ဘေးရှောင်တွေအတွက် Chin IDPs Support Committee ကို ဖွဲ့ပြီး Committee မှတဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီပေးဖို့ စတင်နေပါပြီ။ တိုက်ပွဲကြောင့် လူမှုဒုက္ခခံစားနေကြရတဲ့ ဒေသခံ ချင်းပြည်သူများအတွက် လိုအပ်တဲ့ လူမှုကူညီထောက်ပံ့မှုနဲ့ ပြန်လည်နေရာချထားနိုင်ရေးတွေကို ချင်းပြည်နယ်အစိုးရ၊ ပြည်တွင်း/ပြည်ပရှိ ချင်းအမျိုးသားများ၊ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့များအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ဆက်လက် တာ၀န်ယူဆောင်ရွက်ပေးကြဖို့မေတ္တာရပ်ခံလိုပါတယ်။

မေး။ ။ ပလက်၀မြို့နယ်အတွင်းမှာ စားနပ်ရိက္ခာသယ်ယူရေးပတ်သက်ပြီး တပ်မတော်က တားဆီးပိတ်ပင်တာတွေရှိတယ်။ နောက်တစ်ခုက လုံခြုံရေးစိုးရိမ်ရတဲ့အခြေအနေကြောင့်ဆိုပြီး စားနပ်ရိက္ခာမသယ်နိုင်ကြဘူး၊ တပ်မတော်ကိုလည်း ကြောက်ရတယ်၊ AA ကိုလည်း ကြောက်နေကြတဲ့ အခြေအနေဖြစ်နေပါတယ်၊ ဒီကိစ္စအပေါ် CNF အနေနဲ့ ပြည်သူလူထုရဲ့အခက်အခဲကို ဘယ်လိုမျိူး ကူညီဖြေရှင်းပေးနိုင်မလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ မိမိတို့အနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေထံ လူမှုအကူအညီများ လုံလုံခြုံခြုံရောက်ရှိနိုင်အောင် ဆောင်ရွက်သွားမယ်။ ခုချိန်မှာ ငါတို့အစိုးရိမ်ဆုံးကတော့ စုပြုံနေတဲ့ စစ်ဘေးရှောင်တွေအကြား Covid – 19 ကူးစက်မှာကိုပဲ။ ဒီတော့ တပ်မတော်ဖြစ်ဖြစ်၊ AA ဖြစ်ဖြစ် မိမိစစ်ရေးလုံခြုံဖို့ထက် ဒေသခံပြည်သူရဲ့ လူမှုဒုက္ခကို အလေးထားဖို့ ပြောချင်တယ်။

မေး။ ။ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ခတ်စိတ်စိတ်ပြုလုပ်လာတဲ့အပေါ် CNF ရဲ့ သဘောထားက ဘယ်လိုရှိလဲ။

ဖြေ။ ။ မလုပ်သင့်ဘူး၊ လုပ်ချင်းလုပ်ရင် အရပ်ဖက်ပြည်သူတွေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လုပ်သင့်တယ်။ ပြီးတော့ Geneva Convention အရ ပြည်သူတွေကိုလည်း လူသားဒိုင်းအဖြစ် အသုံးမချသင့်ဘူး။

မေး။ ။ နိုင်ငံတော်အစိုးရမှ AA ကို အကြမ်းဖက်အဖွဲ့၊ မတရားအသင်းအဖွဲ့လို့ ကြေညာလိုက်တဲ့အပေါ် CNF ရဲ့ သဘောထားကို သိချင်ပါတယ်။

ဖြေ။ ။ နိုင်ငံတော်အစိုးရရဲ့ အကြမ်းဖက်အဖွဲ့ဆိုင်ရာ၊ မတရားအသင်းဆိုင်ရာ သတ်မှတ်စံနဲ့ ဥပဒေကို ကျနော် သိပ်မသိဘူးခင်ဗျ၊ ဆရာတို့ သတင်းသမားတွေ ပိုသိမယ်နော်။

မေး။ ။ သတင်းမီဒီယာမှာ လုပ်ကိုင်နေကြတဲ့ အယ်ဒီတာချူပ် (၃) ဦးကို AA တပ်ဖွဲ့နဲ့ အင်တာဗျူးလုပ်တာကြောင့်ဆိုပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဖမ်းဆီးတဲ့အပေါ်မှာ CNF ရဲ့ သဘောထားသိချင်ပါတယ်။

ဖြေ။ ။ NLD အစိုးရလက်ထက်မှာ မတရားအသင်းဆက်သွယ်မှု၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ငြိတယ်ဆိုပြီး သတင်းသမားတွေဖမ်းဆီးတာ၊ တရားစွဲတာတွေ များနေသလိုပဲ။ ပြောနိုင်တာကတော့ ဒီအစိုးရလက်ထက်မှာ မီဒီယာလွတ်လပ်ခွင့် ပိုမိုအားနည်းလာတယ်ဆိုတာပါပဲ။

ခိုနူမ်းသုန် -ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here