“NCA လက်မှတ်ထိုးထားတဲ့အဖွဲ့က နိုင်ငံရေးဆွေးနွေးမူပိုမိုလုပ်ဆောင်ခွင့်ရှိပြီး မထိုးထားသေးတဲ့အဖွဲ့က နိုင်ငံရေရးလုပ်ဆောင်ခွင့်အပိုင်းမှာ အခွင့်အလမ်းနည်းတယ်” မာတီးယာ(ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်သုံးသပ်သူ)

0
315

ကယားပြည်နယ် ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်သုံးသပ်သူ မာတီးယာနှင့် တွေ့ဆုံမေးမြန်းခြင်း

၁၄ ဧပြီ ၂၀၂၀

ကယားပြည်နယ်အတွင်းက ကရင်နီအမျိုးသားတိုက်တက်ရေးပါတီ(KNPP)ဟာ အစိုးရနဲ့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးနိုင်ရန် အတွက်လည်း အစိုးရငြိမ်းချမ်းရေး‌ကော်မရှင်နဲ့ ဆွေး‌နွေးလျက်ရှိသလို တစ်ဖက်မှာလည်း လစဉ်ဆိုသလို ပြည်နယ် အစိုးရအဖွဲ့နဲ့လည်း တွေ့ဆုံဆွေး‌နွေးမှုတွေ ရှိနေခဲ့ပါတယ်။ ကယားပြည်နယ် ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်နေသူတစ်ဦးအတွက် အစိုးရ၊ တပ်မတော်နဲ့ KNPP တို့ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုအပေါ် ဘယ်လိုရှုမြင်နိုင်ပါသလဲ၊ NCA ဟာ ငြိမ်းချမ်းရေးအတွက် ဘယ်လိုအားနည်းချက် အားသာချက်တွေရှိနေသလဲ၊ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ သဘောထားဟာ ဘယ်လောက်အရေးပါနေသလဲ စတဲ့ တွေးဆချင်စရာများကို ကယားပြည်နယ် ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်သုံးသပ်သူ မာတီးယာနှင့် တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ အခု မြန်မာအစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ မြန်မာနိုင်ငံအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား လက်ရှိဖော်ဆောင်နေသော မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရမှ ကောင်းမွန်သောဦးဆောင်မူဖြင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကို လက်တွေ့ကျကျဖော်ဆောင်နိုင်မှုအားနည်တယ်လို့ဘဲမြင်ပါတယ်။

မေး ။ ။ ကယားပြည်နယ်မှာ KNPP အဖွဲ့အစည်းမှ NCA စာချုပ်တွင် ပါဝင်လက်မှတ် မရေးထိုးနိုင်သေးတာ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ ။ ။ ခုနက ပြောခဲ့သလိုပါဘဲ ပြည်ထောင်စုအစိုးရက ကောင်းမွန်သော ဦးဆောင်မူဖြင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကို လက်တွေ့ကျကျမဦးဆောင်နိုင်တာကတစ်ခု နောက်တစ်ခုက ပြည်နယ်အတွင်းဖြစ်ပွားနေသော ပဋိပက္ခ/ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတဲ့အတွက် KNPP အနေဖြင့် NCA အပေါ်ယုံကြည်မှု လျော့ကျစေပြီး ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် အခက်အခဲဖြစ်စေတယ်လို့ မြင်ပါတယ်။

မေး ။ ။ NCA လမ်းကြောင်းပေါ် သွားနေတဲ့ EAO နဲ့ မသွားနိုင်သေးတဲ့ EAO တို့ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေကရော ဘာတွေ ကွာခြားနေလဲ။

ဖြေ ။ ။ ကွာခြားမှုကတော့ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့က နိုင်ငံရေးဆွေးနွေးမှုပိုမိုလုပ်ဆောင်ခွင့်ရှိပြီး မထိုးထားသေးတဲ့အဖွဲ့က နိုင်ငံရေးအရ လုပ်ဆောင်ခွင့်အပိုင်းမှာ အခွင့်အလမ်းနည်းတယ်။ နောက်တစ်ခုကတော့ ထိုးထားတဲ့အဖွဲ့တွေက အနည်းနှင့်အများ စီးပွားရေးလုပ်ကိုင်သည့်အခွင့်အလမ်းနှင့် လူထုတွေနဲ့ ထိတွေ့ဆက်ဆံခွင့်မှာ ကွာတယ်လို့မြင်မိပါတယ်။ မထိုးထားသေးတဲ့ အဖွဲ့အနေနဲ့ကတော့ နိုင်ငံရေးအရ ဖော်ဆောင်နိုင်မှုမှာ တရားဝင်တွေ့ဆုံဆွေးနွေးနိုင်ခွင့်အတွက် အကန့်အသတ်တစ်ခုအဖြင့် ရှိနေကြတယ် သို့သော်လည်း သူတို့အဖွဲ့အအစည်းရဲ့ကနဦးနိုင်ငံရေးဆိုင်ရာ မူဝါဒရပ်တည်ချက်နှင့် ပြည်သူလူထု၏ ထောက်ခံအားပေးမူမှာ လျော့မကျသွားတာကို သွားမြင်ရတယ် ဒါကတော့ ထိုးထားတဲ့အဖွဲ့နှင့် မထိုးထားတဲ့အဖွဲ့တွေကြားမှာ ရှိနေတဲ့ အားသာချက်လို့ပဲ ပြောရမှာ။

မေး ။ ။ NCA ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရ၊ တပ်မတော်တို့ရဲ့ လက်ရှိ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် ကျေနပ်အားရမှုရှိသလား။

ဖြေ ။ ။ ကျေနပ်အားရမူရှိလားဆိုတော့ သူ့အားသာချက်နဲ့သူရှိကြတယ်လို့မြင်တယ်။ ဘာလို့လဲဆိုတော့ ထိုးထားတဲ့အဖွဲ့အ‌နေနဲ့ကတော့ ဒီလမ်းကြောင်းပေါ်မှာ ဖြစ်နေတဲ့ ပြဿနာ/ပဋိပက္ခကို အနည်းနှင့်အများ လျော့ချနိုင်မလားဆိုတဲ့ မျော်လင့်ချက်ရှိကြတယ် နောက်တစ်ခုဖြစ်နိုင်တာက သူတို့ဖော်ဆောင်လိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက် အစိုးရနှင့် တရားဝင် တွေ့ဆုံညှိနှိုင်းဆောင်ရွက်မှု အခွင့်အလမ်းရှိတယ်လို့ မြင်ပါတယ်။

မေး ။ ။ အစိုးရ၊ တပ်မတော်နဲ့ KNPP တို့ကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်များအပေါ် ကျေးနပ်အားရမှု ရှိပါသလား။ နှစ်ဖက် လိုက်နာဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ အစိုးရနှင့် KNPP တို့ကြား ပြည်နယ်/ပြည်ထောင်စုအဆင့်သဘောတူညီချက်နှင့်ပတ်သက်ပြီး ကျေနပ်အားရမူပြောရရင် သဘောတူညီချက်ကို ချုံပြီးကြည့်ရရင် ‌ယေဘုရဆန်သလိုလိုရှိပေမယ့် အချို့သောအချက်တွေမှာ သေသေချာချာ ဆွေးနွေးသဘောတူညီထားတဲ့အချက်တွေလည်းရှိတယ် သဘောတူညီချက်ကို သေချာလေ့လာကြည့်ရင် အစိုးရနှင့် KNPP တို့ကြား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးနိုင်သည့် လမ်းကြောင်းပုံစံတစ်ခုကို ဖော်ထားတာတွေ့ရတယ်။

ဥပမာ – ပြည်ထောင်စုအဆင့် ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲသဘောတူညီချက်(ဂ) အပိုဒ်(၃)မှာဆိုရင် အစိုးရနှင့်ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)အကြား အပစ်အခတ်ရပ်စဲရေးခိုင်မာစွာ တည်ဆောက််နိုင်ရန်နှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန်အတွက် ဒေသကြီးကြပ်စောင့်ကြည့်ရေးအဖွဲ့(LocalMonitor)အား ဖွဲ့စည်းသွားရန်သဘောတူသည်။ ဒေသကြီးကြပ်စောင့်ကြည့်ရေးအဖွဲ့၀င်အဖြစ် ထားရှိမည့်လူပုဂ္ဂိုလ်စာရင်းကို အပြန်အလှန် ညှိနှိုင်းအတည်ပြုရန် သဘောတူသည်ဆိုပြီး ၂၀၁၃ခုနှစ်တွင် တစ်ဖက်စီ၏ ကိုယ်စားလှယ်(၅)ဦးစီဖြင့် JMC ကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ကြပြီး အခုအဲ့ဒီရဲ့ နောက်ဆက်တွဲအနေဖြင့်ဆိုရင် လက်ရှိ ပြည်နယ်အစိုးရနှင့် KNPP တို့ကြား လစဉ်ပုံမှန်တွေ့ဆုံနိုင်တဲ့ အစည်းအဝေးဖြစ်စဉ်ဆိုတာ ဆက်ရှိတာပေါ့နော။ ဒါကတော့ ကောင်းမွန်တဲ့ နှစ်ဖက်အဖွဲ့အစည်းကြား နိုင်ငံရေးတွေ့ဆုံဆွေးနွေးမူပုံစံတစ်ရပ်ကို တည်ဆောက်နိုင်မှုနှင့် နှစ်ဖက်အဖွဲ့အစည်းကြား အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးအတွက် ကောင်းမွန်တဲ့အချက် လို့ပဲ မြင်ပါတယ်။ နောက်တစ်ခုကတော့ နိုင်ငံရေးအခန်းကဏ္ဍတွေမှာ ပြည်သူလူထုပါဝင်လာနိုင်မှုအတွက် အနည်းနှင့်အများ လမ်းဖွင့်ပေးထားတဲ့ အချက်တွေရှိတာပေါ့နော။ ဥပမာ – ပြည်ထောင်စုအဆင့် ပထမအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက် (ဆ) အပိုဒ်(၇) မှာဆိုရင် ကယားပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မူများ မရှိစေရန်အတွက် အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူသည်။ (Local Monitoring Group)အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် သဘောတူသည် ဆိုသည့်အချက်နှင့် ပြည်ထောင်စုအဆင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက် (ဂ) အပိုဒ်(၃)မှာဆိုရင်လည်း စောင့်ကြည့်လေ့လာသည့် သတင်းပို့သူလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့ကို နှစ်ဖက်လုံးက ရန်ပြုခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဥပဒေမဲ့အရေးယူအပြစ်ပေးခြင်းများ မပြုလုပ်ရန် စသောကြားကာလမှာ ဖော်ဆောင်ရသည့် IDP၊ ဒုက္ခသည်ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သဘောတူညီချက်တွေ အခိုင်အမာရှိနေတာပေါ့နော။ အဲ့တော့ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး နှစ်ဖက်လက်နာဆောင်ရွက်မူအပိုင်းမှာ ပြန်ကြည့်ရင်အစိုးရက အကောင်အထည်ဖော်ဆောင်တဲ့နေရာမှာ ကောင်းမွန်သော ဦးဆောင်မူဖြင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်ကို လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်ဘူးလို့မြင်တယ်လေးနော အဲ့တောပြည်နယ်အတွင်းမှာ ပဋိပက္ခ/ပြဿနာတွေကို ဖြေလျော့သင့်သလောက် မဖြေရှင်းနိုင်သေးတဲ့ ပုံစံဖြစ်မြင်တွေ့ရတယ်။

မေး ။ ။ ကယားပြည်နယ်အတွင်းမှာ တပ်စခန်း တိုးချဲ့ ထားတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ဒေသခံလူထုထံပြောတာကတော့ ယာယီတပ်စခန်းလို့ ပြောကြတယ်၊ ဒေသခံလူထုက စခန်းအတည်ဖြစ်လာမှာကိုဘဲ အနည်းနှင့်အများ စိုးရိမ်မှုတော့ရှိကြတာပေါ့နော။ အဲ့တော့ တပ်စခန်းတည်ရှိမှုနှင့် ပတ်သက်ပြီး ဘယ်လောက်ဧရိယာအကျယ်အဝန်းနဲ့ ဘယ်လောက်တပ်အင်အားနဲ့ရှိမှ တပ်စခန်းအဖြစ် သတ်မှတ်တယ်ဆိုတာ မသိတော့ တပ်စခန်းအတည် ဖြစ်တယ်မဖြစ်ဘူးဆိုတာ ပြောရခက်ပါတယ်။

မေး ။ ။ ကပ်ရောဂါနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ လက်နက်ကိုင်တွေ အားလုံးကို ဘယ်လို အကြံပြု ပြောဆိုချင်ပါသလဲ။

ဖြေ ။ ။ အဲ့ဒါကတော့ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ရေး တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းကို ဆောင်ရွက်နိုင်ရန်နှင့် COVID 19 ရောဂါကို စုပေါင်းရင်ဆိုင် ကျော်ဖြတ်နိုင်ရန်ဆိုပြီး လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ ထုတ်ပြန်ချက်ရှိကြတာ ဖြစ်တဲ့အတွက် ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ အားလုံးက ရောဂါအတွက် စိုးရိမ်မှုရှိနေကြတယ်ဆိုတော့ ပြည်သူလူထုအတွက် စိုးရိမ်စရာတစ်ခု လျော့ကျတာပေါ့နော။ ဒါကလည်း အားသာချက်တစ်ခုလို့ပဲ မြင်ပါတယ်။

မေး ။ ။ ဒီကပ်ရောဂါကြောင့် ပြုလုပ်မဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတချို့ကို ရပ်တန့်ထားရတယ်လို့ ကြားသိရတယ်။ ( ဥပမာ… ကယားပြည်နယ်မှာဆိုရင် ပြည်နယ်အစိုးရနဲ့ KNPP လစဉ် အစည်းအဝေးကို ရပ်နားလိုက်ရတယ်.. စသည်ဖြင့်ပေါ့) ဆိုတော့ ဒီလို ရပ်တန့်ထားလိုက်ရတဲ့အတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှုကို ဘယ်လောက်ထိ ထိခိုက်နိုင်မလဲ။

ဖြေ ။ ။ လက်ရှိ အခြေအနေမှာ လူသားအရေးကိစ္စနှင့်ပတ်သက်ပြီး အရေးကြီးကာလ ဖြစ်တဲ့အတွက် ကမ္ဘာ့ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်အသုံးစာရိတ်ကို လျော့ချဖို့နဲ့ စစ်ပွဲရပ်ဖို့ ဖော်ပြထားပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားတာကြောင့် အာရှတိုက်မှာရှိတဲ့ နိုင်ငံအတော်များများက lock down ဖို့ကြိုးစားလာပြီဖြစ်တဲ့အတွက် ဒီချိန်မှာ အစိုးရပဲ ဖြစ်ဖြစ် ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ကာကွယ်ထိန်းချုပ်ရမယ့် လူသားအရေးကိစ္စကို အရေးကြီး ဦးစားပေးလုပ်ရမှာဖြစ်ပါတယ် အဲ့တော့ ငြိမ်းချမ်းရေးလုပ်ငန်းကို မဖြစ်မနေရပ်နားထားသင့်တယ်လို့ပဲ မြင်ပါတယ်။

မေး ။ ။ ၂၁ ပင်လုံကရော ကယား( ကရင်နီ) ပြည်သူ၊ ပြည်သားတွေအတွက် ဘယ်လောက်ထိ အရေးပါသလဲ။

ဖြေ ။ ။ နိုင်ငံရေးအရပြောရရင်တော့ အရေးပါမှုကတော့ ရှိပါတယ်။ သို့သော် လက်ရှိဖော်ဆောင်နေသော ၂၁ ပင်လုံက အရင်က ပင်လုံပုံစံမျိုး အကောင်အထည်ဖော်ဆောင်မှုက မရှိရင် နောက်တစ်ခုက တိုင်းရင်းသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရေးကို ဘယ်လောက်ထိ မျော်မှန်းထားလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပြီး အကျိုးတက်ရောက်မှုက အဲ့အပေါ်မှာပဲ အခြေခံမယ်လို့ပဲ မြင်ပါတယ်။

မေး ။ ။ KNPP က NCA မရေးထိုးရသေးတဲ့အတွက် ၂၁ ပင်လုံမှာ ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ဖို့ လိုအပ်သလဲ။

ဖြေ ။ ။ အခုအနေအထားအရဆိုရင် NCA မရေးထိုးရင် ပါဝင်နိုင်မည့်လမ်းကြောင်းက မရှိသလောက်ဖြစ်တယ်။ အရင်ကတော့ လေ့လာသူတို့ဘာတို့ ခေါင်းစဉ်အမျိုးမျိုးနဲ့ တက်ရောက်သူအဖြစ်ပဲ သူတို့ တက်ရောက်ကြရတယ်။ ဝင်ရောက်ဆွေးနွေးခွင့် မရှိဘူး။ ထူးခြားတာတစ်ခုက ဒီလာမယ့်ရှေ့တွင် ကျင်းပမယ်လို့ လျာထားတဲ့ ၂၁ ပင်လုံအတွက်က ထိုးပြီးသားအဖွဲ့တွေမှာ အကြိုနိုင်ငံရေးဆွေးနွေးပွဲ မရှိသလောက်ဖြစ်နေတော့ ဘာတွေဆွေးနွေးဖို့ ကျင်းပလဲပေါ့၊ ဒါကလည်း မထိုးသေးတဲ့ အဖွဲ့ပါဝင်နိုင်မည့် နည်းလမ်းအသစ်တစ်ခုများ သူတို့မှာ စဉ်းစားချက်ရှိသလားဆိုတာလည်း မေးခွန်းပဲ။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

မော်ဦးမြာ(ကန္တာရဝတီတိုင်းမ်)-တွေ့မေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here