29 March 2024 /

See today's Peace Related News

“နေ့စားတွေလည်း အားလုံးရပ်ထားရတယ်ဆိုတော့ ရက်ရှည်လာမယ်ဆိုရင် စစ်ရှောင်စခန်းက လူတွေ စားဝတ်နေရေး ပိုပြီး ခက်ခဲသွားမယ်။ ကျန်းမာရေးလည်း ခက်ခဲသွားမယ်” ဇီးလွန် စစ်ရှောင်စခန်း တာဝန်ခံ

မြစ်ကြီးနားမြို့ ဇီးလွန်စစ်ရှောင် စခန်းတာဝန်ခံနှင့် ဆက်သွယ်မေးမြန်းချက်

၁၇ ဧပြီ ၂၀၂၀

Covid-19 ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံတွင် ကူးစက်အတည်ပြုလူနာစတင်တွေ့ရှိပြီးနောက် ကချင်ပြည်နယ်ရှိ စစ်ရှောင်စခန်းများတွင်လည်း အဝင်အထွက် စတင်ပိတ်ပင်ခဲ့သည်။

ထိုအထဲ မြစ်ကြီးနားမြို့ရှိ အိမ်ထောင်စု ၁၄၀ ခန့်နှင့် လူဦးရေ စုစုပေါင်း (၇၁၂) ဦး ခိုလှုံနေသော ဇီးလွန် စစ်ရှောင်စခန်း၏အခြေအနေအကြောင်း စခန်းတာဝန်ခံ ဒေါ်လုဆန်ကို ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ IDP Camp အတွင်း Covid-19 ရောဂါနဲ့ ပက်သက်ပြီး ဘယ်လို စီစစ်ဆောင်ရွက်နေလဲ။

ဖြေ။ ။ ကျမတို့ တံခါးပိတ်သော့ခတ်ထားတာ တစ်ပတ်ရှိပြီ။ နေစား လုပ်တာတွေကိုလည်း မထွက်ခိုင်းတော့ဘူး။ လူစုလူဝေးလည်း မသွားခိုင်းတော့ဘူး။ အဖွဲ့အစည်းတွေလာရင်လည်း အထဲမဝင်ခိုင်းတော့ဘူး။ ကူညီရေးတွေလာရင်လည်း စခန်းအပြင်ဘက်ကနေပဲ လက်ခံတယ်။ ခြေလက်ဆေးဖို့အတွက်ကိုလည်း အပြင်ဘက်မှာပဲ လုပ်ထားတယ်။ ဒါကြောင့် ကျမတို့ စခန်းကလူတွေလည်း အပြင်ဘက်ကို ထွက်ဒါတွေမရှိဘူး။ ဖျားနာတာနဲ့ အရေးပေါ်ကိုပဲ ထွက်ခွင့်ပြုထားတယ်။

မေး။ ။ Camp အပြင်ဘက်ကို ညအိပ်ထွက်တာတွေရှိနေသေးလား။

ဖြေ။ ။ မရှိပါဘူး။ Camp အပြင်ဘက်ကို ညထွက်အိပ်တဲ့သူ လုံးဝမရှိတော့ပါဘူး။

မေး။ ။ ဇီးလွန်စစ်ရှောင်စခန်းမှာ Covid-19 ရောဂါနဲ့ ပတ်သက်ပြီး အသိပညာပေးတာတွေ ရှိလား။

ဖြေ။ ။ကျန်းမာရေးဌာနနဲ့ KBC ဘက်က ထုတ်ပြန်ထားတဲ့ စာဒီကိုရောက်လာခဲ့ရင် ဒီမှာ မိုက်ကနေအော်ပေးတာရှိတယ်။

မေး။ ။ Camp စခန်းကလူတွေအနေနဲ့ လက်တွေ့လိုက်နာကြရဲ့လား။

ဖြေ။ ။ တစ်နိုင်ငံလုံးကူးစက်ပြန့်ပွားနေတဲ့ ရောဂါကာကွယ်ဖို့ မနက် ၊ ည ဒီကနေ အော်ပြီးသတိပေးနေတော့ အားလုံးကြောက်နေကြတယ်။ ရေစင်မှာ လက်ဆေးဆပ်ပြာနဲ့ ဆေးပြီး လိုက်နာကြပါတယ်။

မေး။ ။ Camp စခန်းအတွင်း အဝင်အထွက်လုပ်တဲ့သူတွေကို စခန်းကနေ ဘယ်လိုတာဝန်ယူစစ်ဆေးမှုတွေ လုပ်နေလဲ။

ဖြေ။ ။ ဧပြီလ ကုန်တဲ့အထိ အပြင်မှာနေပြီး အလုပ်လုပ်မယ်ဆိုတဲ့သူတွေကို ကျမတို့ ပေးထွက်လိုက်ပြီး မှတ်တမ်းရေးမှတ်ထားတယ်။ Camp ကလူတော့ဟုတ်တယ် အဝေးကနေပြီး ပြန်လာမယ်ဆိုတဲ့သူတွေကို ကျမတို့က စောင့်ကြည့်လူနာအဖြစ်ထားတယ် အစိုးရတွေနဲ့ တွဲပြီး။ သူတို့ အမျိုးအိမ်တွေမှာထားပြီး ၁၄ ရက်ကြာပြီးနောက် ကျမတို့ပြန်စစ်ဆေးပြီးမှ စခန်းအတွင်းကို ဝင်ခွင့်ပေးဖို့ စီစဉ်ထားကြတယ်။

မေး။ ။ Camp ကို တံခါးပိတ်သော့ခတ်လိုက်ပြီဆိုတော့ ကူညီရေးအဖွဲ့အစည်းတွေ ၊ အစိုးအနေနဲ့ ဆန် ၊ ဆီ ၊ ဆား ထောက်ပံ့မယ်ဆိုရင် ဘယ်လိုလက်ခံသွားဖို့ရှိလဲ။

ဖြေ။ ။ တံခါးပိတ်ထားတယ်ဆိုပေမဲ့ ကူညီရေးအဖွဲ့နဲ့ ကျမတို့ အမြဲတမ်းဖုန်းနဲ့ အဆက်အသွယ်လုပ်တယ်။ အရမ်းကြီးလာကူညီတာတွေမရှိဘူး။ ကူညီမဲ့သူတွေလာရင်တော့ ကျမတို့ အပြင်ကနေလက်ခံတာတွေရှိတယ်။

မေး။ ။ အစိုးရအနေနဲ့ ဆန် ၊ ဆီ ၊ ဆား ၊ ပဲ တွေ ထောက်ပံ့မယ်ဆိုတာကို ဘယ်လိုကြားထားလဲ။

ဖြေ။ ။ ဆန်တော့ လာပေးထားပြီး။ ဆန်ပဲလာပေးထားသေးတယ် တစ်ခြားတော့ ကူညီမယ့်အကြောင်း ဘာမှမပြောဘူး။ အစိုးရအဖွဲ့လို့ပြောပြီး လာပေးသွားတယ်။ လူဦးရေနဲ့ဆိုရင် ကျမတို့ တွက်ကြည့်တာ ၃ ပြည်နဲ့ ၄ လုံး ကျတယ်။ အားလုံးကို ဝေပြီးပြီ။ ဆန်ပဲရောက်တယ်။ နောက်ပြီး ပြန်လာလှူမယ်လို့လည်း ပြောသွားဒါမရှိဘူး။ သူတို့ပြောသွားတာက နှစ်ပတ်လောက်ကျမတို့ အပြင်ကိုမထွက်ပဲနေနေဖို့တော့ ပြောသွားတယ်။

မေး။ ။ Camp အတွင်းမှာ လူများတော့ Covid-19 ရောဂါနဲပတ်သက်ပြီး လက်တလောလိုအပ်နေတာတွေက ဘာဖြစ်မလဲ။

ဖြေ။ ။ စားနပ်ရိတ်ခါနဲ့ ငွေရေးကြေးရေး ၊ ဆေးဝါးတွေက ပိုပြီးလိုအပ်လာမယ်လို့ ထင်တယ်။

မေး။ ။ အခုက နေ့စားတွေ မသွားလုပ်ရတော့ ဘယ်လောက်အတိုင်းအတာထိ အခက်အခဲကြုံတွေ့နေရလဲ။

ဖြေ။ ။ ကျမတို့က နေ့စားပဲလုပ်ပြီး စားနေရတာလေ။ နေ့စားတွေလည်းမသွားရတော့ အများစုကတော့ ခက်ခဲနေကြတယ်။ အခုတော့ သူတို့ပေးထားတဲ့ ဆန်ကလည်း လမကုန်ခင် ကုန်သွားမှာပဲလေ။ ကုန်သွားရင်တော့ ကျမတို့ ပိုတောင်ခက်ခဲသွားတော့မယ်။

မေး။ ။ Camp ထဲမှာ လက်မှုတစ်ခုခုနဲ့ ဝမ်းစာရှာနေကြတဲ့သူတွေရောရှိလား။

ဖြေ။ ။ ရှိတော့ရှိတယ်။ သူတို့ကလည်း အပြင်ဘက်မထွက်ရ ဖောက်သည်သွင်းတဲ့ ဆိုင်တွေကလည်း ပိတ်ကုန်ပြီဆိုတော့ အလုပ်လက်မဲ့ဖြစ်ကုန်တယ်။

မေး။ ။ အစိုးရ နဲ့ NGO အဖွဲ့အစည်းတွေ Camp ထဲကိုလာပြီး ပညာပေးတာတွေ ၊ အခြေအနေ လာရောက်ကြည့်ရှုတာတွေရှိလား။

ဖြေ။ ။ လာလည်း သူတို့အရမ်းကြောက်တယ်ထင်တယ်။ အထဲကိုလည်းမဝင်ရဲကြဘူး။ ကျမတို့ကလည်း မဝင်ခိုင်းဘူး။ ဝင်ခိုင်မယ်ဆိုရင်လည်း အရမ်းကြောက်ကြတယ်။ ဒီရောဂါနဲ့ ပက်သက်ပြီး အသိပညာပေးတာတွေကို အပြင်ဘက်နေပဲ။ လူကယ်ပြန်အဖွဲ့တွေ ဘယ်လိုကနေ ဘယ်လိုကူးတယ် ၊ ဘယ်လို ကာကွယ်ရမယ်ဆိုတာကို အပြင်ကနေ မိုက်နဲ့ အော်ပေးတယ်။ ပြီးတော့ လက်ဆေး ဆပ်ပြာတွေလည်း ပေးသွားတယ်။

မေး။ ။ Covid-19 ရောဂါမဟုတ်ဘဲ တခြား ရိုးရိုးဖျားနာတာတွေရှိလား။

ဖြေ။ ။ ရိုးရိုး ရာသီတုပ်ကွေး ဖျားနာနေတဲ့သူတွေရှိတယ်။ တစ်ချို့က ဆေးရုံတက်နေတဲ့သူတွေရှိတယ်။

မေး။ ။ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက် ရောဂါကာကွယ်ရေး သီးသန့်လုပ်ပေးတဲ့ အစီစဉ်တွေရှိလား။

ဖြေ။ ။ ကလေးနဲ့ သက်ကြီးရွယ်အိုတွေအတွက် သီးသန့်လုပ်ပေးတာ မရှိဘူး။ ကျမတို့ ကော်မတီက ငွေကြေးလည်းမတတ်နိုင်ဘူး။ ဘယ်အဖွဲ့အစည်းကနေမှ ဒီလိုလုပ်ပါဆိုပြီးတော့ ကူညီထောက်ပံ့ပေးတာလည်း မလုပ်ပါဘူး။

မေး။ ။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါ။

ဖြေ။ ။ အစိုးရကနေ သတ်မှတ်ထားတဲ့ ဒီလ ၃၀ ရက်ထိလို့ပြောတယ်။ ပြန်ပြီးတိုးလာမလား အလျော့အတင်းဖြစ်နေတော့ နေ့စားတွေလည်း အားလုံးရပ်ထားရတယ်ဆိုတော့ နောက်ထပ်ပိုပြီး ရက်ရှည်လာမယ်ဆိုရင် စစ်ရှောင်စခန်းက လူတွေ စားဝတ်နေရေး ပိုပြီး ခက်ခဲသွားမယ်။ ကျန်းမာရေးလည်း ခက်ခဲသွားမယ်လို့ထင်တယ်။

နောနော်(KNG)-မေးမြန်းသည်။