29 March 2024 /

See today's Peace Related News

“လူ့အသက်ကယ်တဲ့ လုပ်ရပ်မျိုးတွေက ဒီ အပစ်ရပ် သဘောတူညီမှုကို ဘယ်လိုနည်းနဲ့မှ ချိုးဖောက်နေတယ်လို့မမြင်ဘူး” နော်ဝါးခူရှီး(KPSN ပြောရေးဆိုခွင့်ရှိသူ)

KPSN ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးနှင့် အင်တာဗျူး

၂၂ ဧပြီ ၂၀၂၀

ကိုရိုနာဗိုင်းရပ်စ်ပိုး(Covid-19) ထိန်းချုပ်ကာကွယ်ရေးအတွက် KNU ရဲ့ ဆောင်ရွက်ချက်တွေကို ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ကန့်ကွက်ခဲ့တယ်။ KNU ဟာ အစိုးရ၊ တပ်မတော်နဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ပြည်နယ်အတွင်းရှိ KNU အပါအဝင် DKBAနဲ့ BGF တို့ရဲ့ ကိုရိုနာကာကွယ်ရေးလုပ်ဆောင်မှုတွေကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် အသိအမှတ်ပြုမှတ်တမ်းလွှာပေးပို့ခဲ့ပါတယ်။

ဆိုတော့ ကရင်ပြည်နယ်မှာ စစ်ငွေ့စစ်ရိပ်တွေ ရစ်သန်းလာနေသလား၊ ငြိမ်းချမ်းရေးပန်းတွေ ပွင့်လန်းလာနေမလားဆိုတာ စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။ ကရင်ပြည်နယ်အတွင်း အရေးအရာတွေနဲ့ ငြိမ်းရေးဖြစ်စဉ်ကို မျှော်တွေးကြည့်နိုင်ဖို့အတွက် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN) ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- KPSNအနေနဲ့ မူတရော်(ဖာပွန်)ဒေသမှာ စစ်တပ်ရဲ့အသစ်တဖန် ထိုးစစ်ဆင်မှုအတွက် ရပ်တန့်ပေး ဖို့တောင်းဆိုထားတဲ့အပေါ် ဘာကြောင့် တောင်းဆိုရသလဲဆိုတာ ရှင်းပြပေးပါ။

ဖြေ။ ပြီးခဲ့တဲ့ ဇန်နဝါရီကနေ မတ်လအထိက စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေက များလာတယ်။ အဲ့မှာ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ဒေသခံလူထုတွေရဲ့ နေထိုင်စားသောက်နေရာတွေကို ဖျက်ဆီးတာတွေ ဒေသခံလူ ထုတွေကို ပစ်သတ်တာတွေ ဒါတွေက များလာတာတွေ့ရတယ်။ ဘာဖြစ်လဲဆိုတော့ မူတရော်(ဖာပွန်) လိုဒေသ က ဖက်ဒရယ် တည်ဆောက်မှုရဲ့ စံပြနေရာတစ်ခုဖြစ်တယ်။ ကိုယ်ပိုင်တည်နေရာ ဖွဲ့စည်းတည်ဆောက်မှုတွေ၊ ကျောင်းဝန်းတွေ၊ ဓလေ့ရိုးရာ ယဉ်ကျေးမှု ထိန်းသိမ်းထားတဲ့ ကျောင်းတွေ၊ သံလွင် ငြိမ်းချမ်းရေး ဥယျာဉ် လိုမျိုးရှိတယ်။ ကရင်တွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်မှုပုံစံနဲ့ပြည့်စုံတဲ့ နေရာတစ်ခုဖြစ်နေတာပေါ့။ ဖာပွန်ဒေသရဲ့ အခြေအနေက တခြားနေရာနဲ့ ပိုထူးခြားတာပေါ့။ ဒီအပေါ် သူတို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်မှု ပုံစံတွေကို စစ်တပ်က ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ချက်ရှိတဲ့သဘောတွေတွေ့နေရတယ်။ အခု လာပြီး တိုက်ခိုက်တာတွေကို ကြည့်မယ်ဆိုရင် ဇန်နဝါရီလ ကစ ပြီး ဒီ ဧပြီလအထိက လက်နက်ကြီးပစ်ခတ်မှုက တစ်ရက် တစ်ရက်ကို ဆယ်နဲ့ချီပြီးပစ်ခတ်နေတာကိုတွေ့ရ တယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သူတွေလည်းရှိနေတာပေါ့။ အခုလတ်တလောအခြေအနေအရ ကမ္ဘာ့ ကပ်ရောဂါးကို အတူတကွ တိုက်ဖျက်နေတဲ့အချိန်မှာ တိုင်းရင်းသား ဒေသတွေမှာ ဒီ ထိုးစစ်ဆင်တာတွေကို ရပ်ဖို့ ကျမတို့က အရင် ထုတ်ပြန်ချက်တွေထုတ်တိုင်း အမြဲ တောင်းဆိုခဲ့တယ်။

မေး- မူတရော်ဒေသမှာ တပ်မတော်ရဲ့ တပ်ရေး လှုပ်ရှားမှုတွေက အခုလက်ရှိ ဘယ်လို အခြေအ နေမှာရှိ နေလဲလို့ သိရလဲ။

ဖြေ။ ဒေသခံတွေရဲ့ ပြောပြချက်အရဆိုရင် အရင် ဖြတ်လေးဖြတ် ခေတ်တုန်းကလိုပဲ သူတို့မှာ လွယ်လွယ် ကူကူ သွားလာလို့မရဘူး။ သူတို့ရဲ့ လုပ်ကိုင်စားသောက်တဲ့ နေရာတွေကို ဖျက်ဆီးတာတွေ၊ လက်နက်ကြီး နဲ့ပစ်ခတ် တာတွေ၊ ဆက်သွယ်သွားလာတာတွေကို ပိတ်ပင်တာ တွေက ဖြတ်လေးဖြတ်ပုံစံလိုဖြစ်နေတာပေါ့။ ကျေးရွာ အနီးအနားတွေမှာ လက်နက်ကြီးတွေ ပစ်ချတာတွေ လုပ်တော့ဒေသခံတွေမှာ မနေရဲတော့ တိမ်းရှောင်နေရ တာတွေရှိတာပေါ့။ မတ်လ ၃၁ရက်နေ့တုန်းကဆိုလည်း စားနပ်ရိက္ခာသွားဝယ်ပြီး ပြန်လာတဲ့ ဒေသခံတစ် ယောက်ကို ပစ်သတ်တာတွေ ဘာဖြစ်လဲဆိုတော့ အဲ့နေရာဒေသတွေက စစ်တပ်ရဲ့ တပ်ရေး လှုပ်ရှားမှု တွေ ကြောင့် ဒေသခံတွေမှာသွားဖို့လာဖို့ ခတ်တာပေါ့။ လမ်းတွေ တိုးချဲ့ဖောက်လာပြီး သူတို့ရဲ့ အုပ်ချုပ်ရေးနယ် မြေတွေကို တိုးခဲျ့လာတယ်။ ဒီလမ်းတွေက တကယ်ကောင်းလာပြီးဆိုရင် စစ်ဆင်ရေးအတွက်ပဲ အသုံးပြုမှာပဲ။ ဘာဖြစ်လဲဆိုတော့ ဒေသခံ လူထုတွေအတွက်မဟုတ်သလို ဒေသခံတွေကလည်း တောင်းဆိုထားတာလည်း မဟုတ် ဘူး။ ဒီလို လမ်းတွေ တိုးချဲ့ ဖောက်လုပ်လာတာနဲ့အမျှ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာတွေ ထိခိုက် သေဆုံးရတာတွေ ရှိလာတယ်။ ဒါကြောင့်ဒီလမ်းတွေကို သူတို့မလိုလားဘူး။ တိုင်းပြည်မှာ ငြိမ်းချမ်းရေး ရပြီး တည်ငြိမ်သွားမှာ ဒါတွေကို သူတို့က စဉ်းစားထားတာတယ်။ တိုင်းရင်းသားတွေအတွက် ပြီးပြည့်စုံတဲ့ နိုင်ငံရေး အခွင့်အရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှု သဘောတူညီချက်တွေရမှပဲ ဒီလမ်းကို အစိုးရနဲ့ ကေအဲန်ယူ အကြား သဘောတူညီမှုနဲ့အညီ အဲ့အချိန်ကျမှ ဆုံးဖြတ်ကြရမှာဖြစ်တယ်။

မေး- နှစ်ဖက်တပ်အကြား ထိတွေ့မှုတွေ ဘယ်လောက်ထိ ဖြစ်ခဲ့လဲလို့သိရလဲ။

ဖြေ။ နှစ်ဖက်တပ်တွေ အကြား ပစ်ခတ် ထိတွေ့မှုတွေကတော့ ဘယ်အကြိမ်ထိရှိလဲဆိုတာ ကျမတို့သေချာမမှတ်မိ ဘူး။ ဒါပေမဲ့ စာရင်းထဲမှာတော့ အများကြီးရှိတာတော့ တွေ့တယ်။ ကျမတို့ဆီမှာတော့ စာရင်းအတိအကျမရှိ ဘူး။ ကေအဲန်ယူ ခရိုင်ရုံးမှာတော့ ရှိလိမ့်မယ်။ သတ်မှတ်နယ်မြေကျော်လွန်တာတွေ ကြောင့် ပစ်တာခတ်တာ တွေရှိတယ်။ နောက်ပြီး လမ်းဖောက်လုပ်နယ်မြေကျော်ပြီး လာတဲ့အတွက် ထိတွေ့မှုဖြစ်တာတွေ ရှိတာပေါ့။ ဒီ ထိတွေ့ပစ်ခတ်မှုက တပ်မဟာ(၅)နယ်မြေထဲမှာပဲမဟုတ်ဘူး။ ကျမတို့ရရှိတဲ့ သတင်းတွေအရတော့ တပ်မဟာ (၃)၊ တပ်မဟာ(၂)လို နေရာမျိုးမှာလည်း ဖြစ်တာပဲ။ ဘာဖြစ်လဲဆိုတော့ သူတို့ဖောက်လုပ်တဲ့ လမ်းက အဲ့ကနေ စပြီး သံလွင်မြစ်အထိကို စီစဉ်ထားတာကိုတွေ့ရတယ်။

မေး- မူတရော်ဒေသမှာ ယခင် စစ်ပြေးရှောင်နေရတဲ့သူတွေက လတ်တလောအခြေအနေကကော ဘယ်လို ရှိနေလဲ။ ရှောင်တိမ်းနေရဆဲလား ဘယ်လိုတွေရှိနေလဲ။

ဖြေ။ ကျမတို့ ပြန်ကြည့်မယ်ဆိုရင် ကျွေးရွာ ၁၅ရွာက စိုးရိမ်ရတဲ့ နယ်မြေအနေအထားမှာရှိနေရတယ်။ တိမ်းရှောင်ရဖို့ အမြဲတမ်း အဆင်သင့် ပြင်ထားရတဲ့သူတွေဖြစ်တယ်။ ဘာဖြစ်လဲဆိုတော့ အရင် ထွက်ပြေးတိမ်းရှောင် နေရတဲ့ ကူဒေးကျေးရွာဘက်က ဒေသတွေမှာဆိုရင် ပြန်သွားတဲ့သူတချို့ရှိတယ်။ အရင်ကလို ရှောင်ပြေးနေရတဲ့ ပုံစံနဲ့ မတူဘူး။ သူတို့က ဟိုတစ်နေရာမှာ တစ်စု ဒီတနေရာမှာ တစ်စု နဲ့ လိုက်နေတာ။ အရင်တုန်းကလို အတူစုပြီး နေတာမျိုးမဟုတ်ဘူး။ တချို့က သေနတ်သံတွေ လက်နက်ကြီးသံတွေ တိတ်ရင် ရွာထဲ ပြန်ဝင်နေ ကြတာ တွေရှိတယ်။ ကျင်းတွေလည်း တူးထားကြတယ်။ တကယ်လို့ အသံကြားပြီးဆိုတာနဲ့ ကျင်းထဲဝင်ပြေးဖို့ ရအောင် အဆင်သင့်လုပ်ထားကြတယ်။ ဒီထက် အခြေအနေဆိုးရင်လည်း ထွက်ပြေးရဖို့ ရှိမှာပဲ။ အခုလက်ရှိ အခြေအနေက အဲ့လိုရှိတယ်။

မေး- ဒီ စစ်ပြေးရှောင်တွေရဲ့ နေထိုင်စားသောက်နေရတဲ့ အခြေအနေနဲ့ ကျန်းမာရေး အခြေအနေတွေက ဘယ်လိုတွေရှိနေလဲ။

ဖြေ။ သူတို့အတွက် ဒေသဆိုင်ရာ ကေအဲန်ယူ ခရိုင် တာဝန်ရှိသူတွေနဲ့ FBR(Free Burma Ranger) အဖွဲ့တို့က တတ်နိုင်သလောက်တော့ ကူညီပေးနေကြတာပေါ့။ ဒါပေမဲ့ သူတို့နေတဲ့ နေရာတွေက ဝေလံခေါင်ဖျားတယ်။ ထိုင်းနယ်စပ်ကို လာမယ်ဆိုလည်း အဝေးကြီးပဲ၊ မြန်မာပြည်ဘက်ခြမ်းမြို့ပေါ်နေရာတွေကို လာဖို့ဆိုလည်း စစ်တပ်က ကိုယ်ဝယ်လာတဲ့ စားနပ်ရိက္ခာပစ္စည်းတွေကို သိမ်းတာတွေ ပြုတာတွေ လုပ်တော့ သွားဖို့ လာဖို့ ခတ်တယ်။ သူတို့ဆီကို အကူအညီအထောက်အပံ့ရောက်နိုင်ဖို့ကလည်း သူတို့ဆီကို သွားရင် ဖြတ်သွားရမဲ့ ကားလမ်းတွေရှိတယ်။ အခုက အဲ့လမ်းတွေကလည်း ဖြတ်သွားဖြတ်လာဖို့က မလွယ်ကူတော့ဘူး။ ဘာကြောင့် လဲဆိုတော့ အဲ့လမ်းတွေမှာစစ်တပ်က လုံခြုံရေးတွေ အပြည့်ယူထားတဲ့အပေါ် KNLA(ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်)က လုံခြုံရေး ပေးမှာသာ ဒေသခံတွေက သွားလို့လာလို့ လုံခြုံမှုရှိတာပေါ့။ သူတို့အတွက် ကူညီထောက်ပံ့မှုကလည်း အလုံအလောက်မရှိဘူး။ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ နိုင်ငံတကာကို ကျမတို့ အကူ အညီတောင်းခံတာက အစားအသောက်ကူညီထောက်ပံ့ဖြစ်စေ အခြား အကူ အညီတွေဖြစ်စေ ကျမတို့ ဒီနယ်စပ်မှာအခြေစိုက်တဲ့ အဖွဲ့အစည်းတွေဆီကို တိုက်ရိုက်ပေးသွားဖို့ တောင်းဆို ရတာပေါ့။

မေး- ပြီးခဲ့တဲ့ ရက်တွေတုန်းက KPSNရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်ကနေပြီး အရပ်သားတွေအပေါ် ပစ်ခတ်သတ်ဖြတ်တာမျိုးတွေ လုပ်ဆောင်တယ်၊သေဆုံးတဲ့သူလည်းရှိတယ် ဒေသခံတောင်ယာတွေကို မီးရှို့တာတွေလည်း လုပ်တယ်လို့ ဆိုထားတယ်။ ဒီလိုဖြစ်စဉ်တွေ ဘာကြောင့် ဖြစ်နေရလဲလို့ ယူဆမိသလဲ။

ဖြေ။ တစ်ဖက်မှာကြည့်မယ်ဆိုရင် ကေအဲန်ယူနဲ့ သူတို့အကြား အပစ်ရပ်လက်မှတ်ရေးထိုးတာတွေလည်းရှိနေတယ်။ ဒါပေမဲ့ ဒီ တစ်နိုင်ငံလုံးအပစ်ရပ် လက်မှတ်ကို သူတို့(စစ်တပ်)က ဘယ်လိုမှ သဘောမထားကြဘူး။ လက်မှတ် ရေးထိုး ထားတာဖြစ်ပေမဲ့လည်း ကျမတို့မြင်တာက ဒီ သဘောတူညီချက်တွေက ပျက်စီးသွားပြီး။ ဘာဖြစ်လဲ ဆိုတော့ ဒီအပစ်ရပ်ကာလမှာပဲ တပ်မတော်က သူတို့ တပ်နယ်မြေတိုးချဲ့တာတွေ အင်အားဖြည့် တင်းတာတွေ တပ်စခန်း အခိုင်အမာတည်ဆောက်တာတွေနဲ့ ဆက်သွယ်သွားလာမှု ပိုမိုကောင်း မွန်အောင် လုပ်ဆောင် လာတာ တွေရှိတဲ့အပေါ် သူတို့မှာ ရည်ရွယ်ချက်ရှိပြီးသားလို့ မြင်တယ်။ ကျမပြောခဲ့သလိုပဲ မူတရော်(ဖာပွန်) လို ဒေသမျိုးက သူတို့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်မှုပုံစံစနစ်နဲ့ ရှိနေတာတွေကို ဖျက်ဆီးပစ်ဖို့အတွက် ရည်ရွယ်ထားတယ် လို့မြင်တယ်။ နယ်မြေစိုးမိုးမှုနဲ့ အမျိုးသားရေး ဖျက်ဆီးမှုတွေ လုပ်ဖို့လို့ပဲလို့ ကျမတို့ မြင်တယ်။ သူတို့မှာ ငြိမ်းချမ်းရေးကို လိုလားတဲ့ သဘောထားမရှိဘူးလို့မြင်တယ်။ ဘာကြောင့်လဲဆိုရင် သူတို့မှာ တကယ် ငြိမ်းချမ်းလိုတဲ့ဆန္ဒရှိရင် ဒါတွေကို အတူတကွ ဝိုင်းဝန်းကူညီပံ့ပိုးပေးရမှာပဲလေး။ လာရောက်ဖျက်ဆီး ဖို့မဟုတ် ဘူးလေး။

မေး- တဖက်မှာစစ်တပ်ဘက်ကလည်း သူတို့က အရပ်သားတွေမဟုတ်ပါဘူး။ သူတို့ကို အရင်လာပစ်လို့ ပြန်ပစ် ခတ်ရတာမျိုးဖြစ်တယ်ဆိုပြီး ပြန်လည်းတုံ့ပြန်ပြောဆိုထားတာမျိုးရှိတဲ့အပေါ်မှာကော ဘာပြောချင်လဲ။

ဖြေ။ အဲ့လို သွားလာနေတဲ့သူတွေက ဒေသခံရွာသားတွေပဲဖြစ်တယ်။ ဒီ စားနပ်ရိက္ခာ သွားဝယ်ယူတဲ့ သူတွေမှာ အမျိုးသမီး ကလေးတွေပါ ပါတယ်။ အပစ်သတ်ခံလိုက်ရတဲ့ သူ(စောသက်မီး)ကလည်း ဒေသခံ ခေါင်းဆောင် တစ်ဦးပဲဖြစ်တယ်။ ဒီ တပ်မတော်ရဲ့တုန့်ပြန်ချက်အရတော့ မဟုတ်ပါဘူး။ သူတို့က ဒေသခံတွေပါပဲ။ သူတို့(စစ်တပ်)ရဲ့ အစဉ်အလာအရ ထိုးစစ်ဆင် တိုက်ခိုက်တာတွေ လုပ်ပြီးဆိုရင် ဒေသခံတွေကိုပဲ ပစ်မှတ်ထား တယ်။ အခုလတ်တလော ရခိုင်နဲ့ ချင်းပြည်နယ်မှာလိုပဲ အစုအလိုက်အပြုံလိုက် သေနေရတာက ဒေသခံ အရပ်သားတွေ ပဲဖြစ်တယ်။ တပ်ကမဟုတ်ဘူး။ အရင်ကာလတွေတုန်းကလည်း ကျမတို့ ဒေသဘက်မှာ အလားတူ သေဆုံးခဲ့ရတာတွေ အများကြီးရှိတယ်။ ဒါကလည်း စစ်တပ်ဘက်က သူတို့ကို အရေးယူ ဆောင်ရွက်တာမျိုးမလုပ်နိုင်အောင် အကြောင်းပြချက်တွေ ပေးတတ်တဲ့ သူတို့ရဲ့ အစဉ်အလာ လုပ်ထုံး လုပ် နည်းတွေပါပဲ။

မေး- လတ်တလော ကိုဗစ်ကပ်ရောဂါနဲ့ပတ်သက်ပြီး မူတရော်ဘက်မှာ ကေအဲန်ယူဘက်က ပညာပေး လုပ်ဆောင် နေတာ တွေကို စစ်တပ်ဘက် က မလိုလားတဲ့ ပုံစံနဲ့ နှောက်ယှက်တာ တွေရှိတယ် လို့သိရတယ်၊ အလားတူ နယ်လုံဝန်ကြီးကလည်း NCAစာချုပ်အတိုင်းလုပ်ဆောင်ဖို့ မနေ့ တစ်နေ့က ကန့်ကွက်စာထုတ် တာမျိုး လည်းတွေ့ရတယ်။ ဒီလို လုပ်ဆောင်တာက တကယ်ပဲ NCAစာချုပ်ပါ အချက်တွေကို ချိုးဖောက်နေတာလား၊ သွေဖယ်နေတယ်လို့မြင်လား။

ဖြေ။ ဒီ ကပ်ရောဂါကို အတူတကွ ကာကွယ် တားဆီးဖို့ဆိုရင် လူတိုင်း ပြည်သူလူထုတိုင်းမှာ တာဝန်ရှိကြပါတယ်။ အတူတကွ ပူးပေါင်းလုပ်ဆောင်ရမယ်၊ အတူတကွ တားဆီးကာကွယ်ရမယ်။ အဲ့အတွက် ကေအဲန်ယူ အနေနဲ့ လည်း သူတို့ နယ်မြေတွင်းမှာ တတ်နိုင်သလောက် တားဆီးကာကွယ်မှုတွေ လုပ်နေတာပါ။ အသိပညာ ပေးမှုတွေ ဝင်ထွက်သွားလာမှုတွေကို ကန့်သတ် တာမျိုး၊ စည်းမျဉ်း စည်းကမ်းတွေ ထုတ်ပြန်တာမျိုး၊ အပူချိန် တိုင်းတာမျိုးတွေက ဘယ်စည်းမျဉ်းဥပဒေကိုမှ ချိုးဖောက်တယ်လို့ မမြင်ဘူး။ ကျမမြင်တာက သူတို့ တတ်စွမ်းသလောက် သူတို့ လုပ်နိုင်စွမ်းအား လုပ်နိုင်တဲ့အင်အားလေးနဲ့ အကောင်းဆုံး ကြိုးစားလုပ်တဲ့အပေါ် မှာ ဒါကကောင်းတာလုပ်တာပဲ။ သူ့အသက်ကို လေးစားတန်ဖိုးထားတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်တဲ့အတွက် ကျမအနေနဲ့ အကောင်းလို့ပဲမြင်တယ်။ ပြည်သူလူထုတွေရဲ့ အသက်ကိုကယ်တာ ရောဂါတွေကို တားဆီး ကာကွယ်တာက ဘယ်စည်းမျဉ်းဥပဒေကိုမှ ချိုးဖောက်မနေဘူး။ ဒါပေမဲ့ သူများနယ်မြေထဲမှာ ဝင်လာတာ တိုက်ခိုက်တာ စစ်ရေးလှုပ်ရှားတာ ဒေသခံလူထု စားသောက်နယ်မြေတွေကို ဖျက်ဆီးတာမျိုးမှ နှစ်ဖက် သဘောတူ ထားတဲ့ အပစ်ရပ် သဘောတူစာချုပ်တွေကို ချိုးဖောက်တာပါ။ ဒီ လူ့အသက်ကယ်တဲ့ လုပ်ရပ်မျိုးတွေက ဒီ အပစ်ရပ် သဘောတူညီမှုကို ဘယ်လိုနည်းနဲ့မှ ချိုးဖောက်နေတယ်လို့မမြင်ဘူး။ အခုက တစ်ကမ္ဘာလုံးက ဒီ ရောဂါကို အတူတကွ တိုက်ဖျက်နေတာ ကိုယ့်ပြည်သူလူထုကို ကာကွယ်နေတဲ့ အချိန်မှာ ဒါက လူတိုင်းမှာ တာဝန်ရှိတာပဲ။ သူအလုပ် ကိုယ့်အလုပ် သူ ဟာ ကိုယ့်ဟာ ပြောနေရမဲ့ အချိန်မဟုတ်ဘူး။ အစိုးရပဲမဟုတ်ဘူး ပြည်သူလူထုချည်းသက်သက်ပဲ မဟုတ်ဘူး လူတိုင်းမှာတာဝန်ရှိတယ်။

မေး- ဒီ လိုပစ်ခတ်မှု အပြန်အလှန် ကန့်ကွက်မှု ဖြစ်စဉ်တွေ ဆက်ရှိနေသေးတဲ့အပေါ်မှာ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ ရှေ့လာမဲ့ အလားလာကို ဘယ်လိုမြင်မိလဲ။

ဖြေ။ ကျမမြင်တာက ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ လက်မှတ်စာချုပ်ထိုးတာတွေက ပျက်နေတာကြာပြီ။ လမ်းဆုံးနေပါပြီ။ တခြားနည်းလမ်းသစ်တွေကိုပဲ ရှာရမှာဖြစ်တယ်။ တပ်မတော်ဘက်ကိုကြည့်မယ်ဆိုရင် သူတို့က ငြိမ်းချမ်း ရေးကို လိုလားတဲ့ စိတ်ဆန္ဒမရှိတာတွေ့ရမယ်။ အမြဲတမ်းက တစ်ဖက်သားရဲ့ အပေါ်မှာ အခွင့် အာဏာ ပိုရယူ ခြင်တာမျိုး ကြီးစိုးချင်တာမျိုး လုပ်ချင်တယ်။ သူတို့ကို ဒီတိုင်းပြည်ရဲ့ ဥပဒေတွေနဲ့ အရေးယူ ဆောင်ရွက်ဖို့ ဆိုတာကလည်း မဖြစ်နိုင်ဘူး။ ICC လို ICJ လို ဖိအားပေးမှုက လာရမှာပဲ။ ဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အားပေးတဲ့ နိုင်ငံတကာအစိုးရတွေ အနေနဲ့လည်း ငွေကြေး ထည့်ဝင်ပေးတာအရမ်းများတယ်။ သူတို့အနေနဲ့ လည်း တာဝန်ယူပြီးတော့ အစိုးရ စစ်တပ်ဘက်ကို ဖိအားပေးတာမျိုးလုပ်သင့်တယ်။ တိုင်းရင်းသား ဒေသတွေ ကို ထိုးစစ်ဆင်တာ သတ်ဖြတ်တာတွေ ပြစ်မှုကျူးလွန်တဲ့ လုပ်ရပ်တွေက အများကြီး ရှိနေတယ်။ ဒါကြောင့် ဒီ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထောက်ခံအားပေးနေတဲ့ နိုင်ငံတကာတွေအနေနဲ့ ဒီစစ်တပ်ကို တိုင်းရင်းသားဒေသတွေ မှာ ဆုတ်ခွာသွားဖို့ တိုက်တွန်းရမှာဖြစ်တယ်။ ပြီးတော့ တဖက်မှာခံနေရတဲ့ တိုင်းရင်းသားတွေဘက်ကိုလည်း ဆက်လက်ပြီး ကူညီထောက်ပံ့မှုတွေ ပေးဖို့လိုအပ်တယ်။

စအိုင်ဆူး(KIC)-မေးမြန်းသည်။