“မူးယစ်ဆေးဝါးဖြန့်ဖြူးသူတွေက လူငယ်လူသစ်တွေကို ပထမအစပိုင်းမှာ ဆေးလုံးတွေလုံးဝမဝယ်ခိုင်းဘဲ အလကား Free ပေးသုံးစွဲတယ်၊ နောက်တဆင့်ပြီးတဆင့် လူငယ်တွေ ဆေးစွဲသွားတာ။ အကြွေးပေးသုံးတယ်၊ နောက်တော့ တဆင့်ခံဖြန့်ဖြူးရေးသမားတွေဖြစ်သွားတယ်” နိုင်တင်ရှိန် (NMSP)

0
366

မွန်ပြည်သစ်ပါတီ မူးယစ်ဆေးစွဲသူများကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းကော်မတီ ဥက္ကဌ နိုင်တင်ရှိန်နှင့် တွေ့ဆုံခြင်း

၂၇ ဧပြီ ၂၀၂၀

မူးယစ်ဆေးဝါးဟာ အန္တရယ်ဟာ ကမ္ဘာ့လူသားတိုင်းအပေါ် ကျရောက်နိုင်ပါတယ်။ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရာ အရပ်ဒေသနဲ့ မည်မျှပင် ‌ဝေးကွာနေစေကာမူ မူးယစ်ကုန်သည်တွေ၊ ရောင်းဝယ်ဖောက်ကားသူတွေရဲ့ အပြန့်ကျယ်မှုကြောင့် လူတွေရဲ့ အနီးကို ရောက်ရှိလာတတ်ပါတယ်။ မြန်မာနိုင်ငံဟာ မူးယစ်အန္တရယ်စက်ကွင်းထဲမှာ ရှိနေတယ်ဆိုတာ နိုင်ငံတော် သမ္မတရုံးရဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဆိုင်ရာ ထုတ်ပြန်ချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ တိုင်းရင်းသား‌လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီ(NMSP) ထိန်းချုပ်ရာ‌ဒေသမှာလည်း မူးယစ်အန္တရယ် မလွှတ်ကင်းသေးပါဘူး။ ယခု မွန်ပြည်သစ်ပါတီ မူးယစ်ဆေးစွဲသူများ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းကော်မတီ ဥက္ကဌ နိုင်တင်ရှိန်နဲ့ အင်တာဗျူးမှာ သူတို့ဒေသကို မူးယစ်ဆေးဝါးတွေ ဘယ်လိုရောက်ရှိလာသလဲ၊ ထိန်းချုပ်နိုင်မှုနဲ့ ပြန်လည်ထူထောင်ရေး အပိုင်းတွေ ဘယ်လိုရှိလဲ စတာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မေး-မွန်ပြည်နယ်ဘက်ကို မူးယစ်ဆေးဝါးတွေ ဘယ်လိုနဲ့ ပြန့်နှံ့ရောက်ရှိလာပါသလဲ။

ဖြေ-မူးယစ်ဆေးဝါးတွေဟာ မြန်မာပြည်မြောက်ပိုင်းမှာ ရှိတာလို့ ကျနော်တို့ လူငယ်ဘဝတုန်းက ကြားဘူးခဲ့တယ်။ ဘိန်းတို့ ဘိန်းဖြူတို့ဆိုတာ မြောက်ပိုင်းကနေပဲ ထွက်တာလို့ကြားဖူးတယ်။ နောက်ပိုင်းကျတာ့ ကျနော်တို့မွန်ဒေသဘက်မှာက ၁၉၉၅ ပထမအကြိမ်ငြိမ်းချမ်းရေး (နဝတ-မွန်ပြည်သစ်ပါတီအပစ်ရပ်) ရလာပြီး နောက်ပိုင်းမှာ မူးယစ်ဆေးတွေဟာ ကျနော်တို့တောင်ပိုင်းဒေသကို စရောက်လာတယ်။ တနည်းအားဖြင့် မူးယစ်ဆေးဝါးပြဿနာဟာ ငြိမ်းချမ်းရေးနဲ့ တွဲပါလာတာလို့ ပြောလို့ရပါတယ်၊ နိုင်ငံရေးဘက်ကိုအဓိကဦးစားပေးတဲ့မွန်ပြည်သစ်ပါတီနဲ့ KNU အဖွဲ့တွေကတော့ မူးယစ်ဆေးဝါးနဲ့ ကင်းရှင်းတယ်။ နောက်ပြီး မူးယစ်ဆေးဝါးသုံးစွဲတာ ဖြန့်ဖြူးတာကို သူတို့ဖမ်းဆီးအရေးယူတယ်၊ ဒါပေမယ့် ကျနော်တို့ဒေသမှာ လက်နက်ကိုင်အဖွဲ့အစည်းနောက်ခံမရှိဘဲနဲ့တော့ မူးယစ်ဆေးဝါးကို ဖြန့်ဖြူးလို့မရနိုင်ပါဘူး။ ကျနော်တို့ဖမ်းဆီးအရေးယူခဲ့တဲ့ဖြစ်စဉ်တွေရှိပါတယ် အခုကျနော်ပြောနေတာက တရားခံတွေ သက်သေတွေကို စစ်ဆေးမေးမြန်းခဲ့တဲ့အပေါ် ကျနော်ပြောနေတာပါ။ သက်သေတွေနဲ့တကွ အချိန်မရွေး ပြနိုင်တယ်၊ ဘယ်အဖွဲ့အစည်းရယ်လို့ နာမည်တပ်မပြောလိုပါဘူး၊ ကျနော်တို့ဒေသမှာဆိုင်ရင် မွန်ပြည်သစ်နဲ့ KNU အဖွဲ့တွေအပြင် DKBA, BGF တို့လိုအခြားကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့စစ်အဖွဲ့လို မွန်လက်နက်ချအဖွဲ့တွေရှိနေတယ်။ အဲဒီလိုနဲ့ အချို့လက်နက်ကိုင်အဖွဲ့အစည်းတွေကနေတဆင့် သွယ်ဝိုက်လို့ဘဲဖြစ်ဖြစ် တနည်းတစ်ဖုံနဲ့ မွန်၊ ကရင်နဲ့ တနသာၤရီဆိုတဲ့ ကျနော်တို့မြန်မာပြည်တောင်ပိုင်းကို မူယစ်ဆေးဝါးတွေ တဖြည်းဖြည်း ဝင်ရောက်လာတာလို့ ယူဆရတဲ့အထောက်အထားတွေ ရှိခဲ့တယ်၊ မူးယစ်ဆေးဝါးသုံးစွဲမှုဟာ ကျနော်တို့ဒေသဘက်မှာဆိုရင် အခုပိုပြီးတော့ ကျယ်ပြန့်နေပါပြီ၊ လူငယ်တွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးပြီး အလုပ်အကိုင် မရှိတဲ့အခါကျတော့ အုပ်စုဖွဲ့ပြီးတော့ တစ်ချို့လူငယ်တွေက မူးယစ်ဆေးဝါးကို လက်တည့်စမ်းကြည့်ချင်တယ်၊ မူးယစ်ဆေးဝါးဖြန့်ဖြူးသူတွေကလည်း အဲဒီလို လူငယ်လူသစ်တွေကို ပထမအစပိုင်းမှာ ဆေးလုံးတွေလုံးဝမဝယ်ခိုင်းဘဲ အရင်အလကား Free ပေးသုံးစွဲတယ်၊ တစ်ခါနှစ်ခါ သုံးလေးခါနဲ့ နောက်တဆင့်ပြီးတဆင့် လူငယ်တွေ ဆေးစွဲသွားတာပေါ့။ အကြွေးပေးသုံးတယ်၊ နောက်တော့ တဆင့်ခံဖြန့်ဖြူးရေးသမားတွေဖြစ်သွားတယ်။

မေး-ဘယ်လို မူးယစ်ဆေးအမျိုးအစားကို သုံးစွဲကြပါသလဲ။

ဖြေ-ကျနော်တို့ ရေးမြို့နယ်မှာ WY ရာဘလို့ခေါ်တဲ့ မြင်းဆေးတွေ နောက်ပြီး ICE အိုက်တို့ ဘိန်းဇာရွက်တို့ သုံးစွဲကြတယ်၊ ရွာက ယဉ်ကျေးမှုဓလေ့တွေလည်း ပျက်စီးကုန်တယ်၊ ရှင်ပြုပွဲတို့ မင်္ဂလာဆောင်တို့မှာဆိုရင် ဘိန်းဇာရွက်ကြိုချက်ပြီးတော့ ကိုကာကိုလာ အချိုရည်နဲ့ နောက်ပြီးတော့ ချောင်းဆိုးပျောက်ဆေးနဲ့ ရောသောက်ကြတယ်၊ ၊ တစ်ချို့ရွာတွေမှာ လျှပ်စစ်မီးချောင်းထဲမှာရှိတဲပြဒါးနဲ့လည်းရောသောက်ကြတယ်။ တစ်ချို့ကလည်း ခြင်ဆေးခွေကိုထည့်ပြီးတော့လည်း သောက်ကြတာလို့ သုံးစွဲခဲ့ဖူးတဲ့လူငယ်တွေ ကျနော်တို့ပြောပြတယ်။

မေး-အာဏာပိုင်တွေဘက်က ဖမ်းဆီးအရေးယူမှုတွေနဲ့ပတ်သက်ပြီး ဘာပြောချင်သလဲ။

ဖြေ- အခု ရေးမြို့နယ်မှာ အစိုးရအာဏာပိုင်တွေဘက်က မူးယစ်နှိမ်နင်းရေးအဖွဲ့မှာ ရဲအရာရှိ ၂ ယောက်လောက်ပဲရှိတယ်၊ အင်အားမလောက်ဘူးလို့ အကြောင်းပြတယ်။ ရေးမြို့နယ် မူးယစ်အထူးတပ်ဖွဲ့ကလည်း သူ့ဖွဲ့စည်းပုံတော့ရှိတယ်၊ ဥပမာ-ဘယ်နယ်မှာ ဘယ်သူဆိုတာ ရှိတယ်။ ကျနော်ဆိုလိုတာက နိုင်ငံတော်အစိုးရ ဌာနဆိုင်ရာအပိုင်းက အလုပ်တစ်ခုခု လုပ်ဆောင်တဲ့ အခါမှာ ဘတ်ဂျက်လိုအပ်တယ်၊ နောက်ပြီး သတင်းအချက်အလက် ပြည့်စုံရမယ် ဆိုတော့ ဖမ်းဆီးနိုင်ဖို့အတွက် အချိန်ကြန့်ကြာတယ်၊ မိမိတို့ဘက်က သေချာလို့ ရဲကိုသတင်းပေးလိုက်တာ ဖမ်းမိပြီးမှ သက်သေမခိုင်လို့ ပြန်လွတ်လာမျိုးရှိသလို တစ်ချို့က အရေးယူခံရတာမျိုးလည်းရှိတာပေါ့နော်၊ ဒါပေမယ့် အတိုင်းအတာတစ်ခုအနေနဲ့နဲ့ ကြည့်မယ်ဆိုရင် အရေးယူ ဖမ်ဆီးနိုင်တဲ့အပိုင်းကို အားမရပါဘူးလို့ ပြောချင်ပါတယ်၊

မေး-ဘယ်လိုနဲ့ မူးယစ်ဆေးစွဲ ပြန်လည်ထူထောင်ရေးစခန်းတည်ထောင်ဖို့ စည်းရုံးလာခဲ့ကြသလဲ။

ဖြေ-ကျနော်တို့ဒေသခံပြည်သူတွေနဲ့ ရဟန်း သံဃာတော်တွေ မွန်ပြည်သစ်ပါတီထားဝယ်ခရိုင်က တာဝန်ရှိသူတွေနဲ့ စုပေါင်းပြီးတော့ “မူးယစ်ဆေးစွဲသူများကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်း” တစ်ခု လုပ်သင့်တယ်လို့ ဆုံးဖြတ်ကြတယ်၊ ဒီစခန်းမှာကုသမယ်၊ ပညာပေးတွေလုပ်မယ်၊ နောက်ပြီး သူတို့အတွက် အသက်မွေးဝမ်းကျောင်းပညာ တစ်ခုခုသင်ပေးနိုင်ရင် ကောင်းမယ်ဆိုတဲ့ အတွေးနဲ့ ကျနော်တို့ ပထမဦးဆုံး အားလုံး လူအယောက် ၅၀၀ လောက် ဖိတ်ပြီးတော့ ကိုရင်လေးဆရာတော်ကျောင်းမှာ ၂၀၁၇ ဇွန်လလောက်မှာ အစည်းအဝေးတစ်ရပ်ကျင်းပတယ်၊ အဲဒီအစည်းအဝေးမှာ အကြိတ်အနယ် ဆွေးနွေးကြ ပြီးတော့ မူယစ်ဆေးစွဲသူများကုသရေးနှင့် ပြန်လည်ထူထောင်ရေးဌာန-ထားဝယ်ခရိုင် အမည်နဲ့ ကော်မတီတစ်ရပ် ဖွဲ့လိုက်တယ်၊ ဒီကော်မတီထဲမှာ NMSP ထားဝယ်ခရိုင်ဥက္ကဌ အတွင်းရေးမှူးအပါဝင် တာဝန်ရှိသူများ ၁၅ ဦး၊ ရဟန်းသံဃာတော်က ၁၅ ပါး၊ ကျနော်တို့ပြည်သူလူထုဖက်က ၁၅ ဦး စုစုပေါင်း ၄၅ ဦးနဲ့ ကော်မတီဖွဲ့ ပြီးတော့ မူယစ်ဆေးစွဲသူများကုသရေးနှင့် ပြန်လည်ထူထောင်ရေးဌာန တစ်ခုဖြစ်အောင် ကြိုးပမ်းခဲ့တယ်၊ အဲဒီ ၂၀၁၇ က ကြိုးပမ်းခဲ့တဲ့လုပ်ငန်းဟာ အခု ၂၀၂၀ မှာ အဆောက်အအုံ ၉၀ ရာနှုန်းလောက် ပြီးစီးခဲ့ပါပြီ။

မေး- အခြားမွန်ပြည်သစ်ပါတီ ခရိုင်အဆင့်တွေမှာကော မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဘယ်လိုကိုင်တွယ်နေကြသလဲ။

ဖြေ- “မူးယစ်ဆေးစွဲသူများကုသရေးနှင့် ပြန်လည်ထူထောင်ရေးဌာန” မစတင်မှီမှာ မွန်ပြည်သစ်ပါတီ လက်အောက်မှာရှိတဲ့ သထုံခရိုင်၊ မော်လမြိုင်ခရိုင်တို့ကို ကျနော်တို့ သွားရောက်လေ့လာပါတယ်၊ သထုံခရိုင်မှာ မူးယစ်ဆေးဖြတ်တဲ့လူအယောက် ၇၀/၈၀ ဝန်းကျင်လောက် ရှိတယ်၊ မော်လမြိုင်ခရိုင်မှာလည်း အလားတူလောက်ပဲ။ ကျနော်တို့ထားဝယ်ခရိုင်မှာလည်း လောလောဆယ် နေရာ ၃ နေရာမှာ မူးယစ်ဆေးဖြတ်တာ ကုသပေးတာ အရေအတွက် ၈၀ နဲ့ ၉၀ လောက်ရှိပါတယ်။ အခု လက်ရှိ ကျနော်တို့ဆောက်လုပ်ထားတဲ့ အဆောက်အအုံက ၇၅×၂၂ ပေ၊ အခန်းက (၅) ခန်းဆိုတော့ လူက ၇၀ နှင့် ၈၀ အကြား ထားလို့ရပါတယ်။ ဖွင့်ပွဲကျင်းပပြီးရင် ထားဝယ်ခရိုင် ၃ နေရာမှာခွဲထားတဲ့လူအားလုံး ဒီစခန်းကို ရွှေ့လာပါမယ်။ အခု Covid-19 ရောဂါထိန်းချုပ်ကာကွယ်နေတဲ့အချိန် ၅ ယောက်နဲ့အထက် လူစုလူဝေးမလုပ်ရဆိုတော့ ဖွင့်ပွဲလုပ်ဖို့အတွက် အချိန်စောင့်နေရတာဖြစ်တယ်။

မေး-ဆေးစွဲဆေးဖြတ်လိုသူတွေ ဘယ်လိုအဆက်သွယ်ယူရမှာလဲ။

မေး-လူမျိုး ဘာသာမရွေးပါဘူး၊ ဘယ်ရွာဖြစ်ဖြစ် ကိုယ့်သားသမီး မူးယစ်ဆေးဝါး စွဲများလာရင် မိဘကိုယ်တိုင်က ကိုယ့်သားသမီးကို လာအပ်ချင်ရင် ကျနော်တို့နဲ့ အဆက်အသွယ်လုပ်ပါ ကျနော်တို့ သွားကြိုပြီးတော့ ဒီကိုရောက်တဲ့အထိ ခေါ်လာခဲ့မယ်၊ ဒီကိုရောက်ရင် ကျနော်တို့တတ်နိုင်သလောက် ဆေးဝါးတို့ ကုသရေးတို့ လေ့ကျင့်ရေးတို့ အဲတာတွေကို အခမဲ့တော့ လုပ်ပေးနိုင်မယ်၊ နောက်ပြီး ကျနော်တို့မှာ နိုင်ငံတော်ဘတ်ဂျက်တော့ မဟုတ်ဘူးပေါ့၊ စေတနာရှင်တွေဆီက ရလာတဲ့အလှူငွေအပေါ်မူတည်ပြီးတော့လုပ်ဆောင်နေရတာပါ။ လောလောဆယ်တော့ မူးယစ်ဆေးစွဲတဲ့ လူငယ်တွေစားသောက်ရေးအတွက် စရိတ်ကို သူတို့မိဘတွေကပဲ တာဝန်ယူထောက်ပံ့ပေးရမှာပါ၊ ကျန်တဲ့အပိုင်းကိုတော့ ကျနော်တို့အားလုံးတာဝန် ယူမယ်။

မေး-နောက်ဆုံး လိုအပ်တာတွေ ဖြည့်စွက်ပြောကြားပေးစေချင်တယ်။

ဖြေ-ဆေးဖြတ်တဲ့လူငယ်တွေကို ဒီစခန်းမှာစုထားနိုင်ပေမယ့် ဟိုမှာရောင်းဝယ်နေတဲ့သူတွေကို မဖမ်းဆီးနိုင် မနှိမ်နင်းနိုင်ဘူးဆိုရင် ဒီပြဿနာ ပိုပိုပြီးကြီးထွားလာနေမှာပဲလေ၊ ကျနော်တို့အစည်းအဝေးတွေမှာ ပြည်သူလူထုတွေ ခဏခဏမေးကြတယ်၊ ဒီကိစ္စဘယ်လိုကိုင်တွယ်မလဲဆိုတာ၊ မွန်ပြည်သစ်ရေး ကျနော်တို့လူထုအပိုင်းကပါ ရှင်းပြခဲ့တာက စင်တာ (ကုသရေးဌာန) ဖွင့်ပြီးရင် ဒီလက်ရှိ မူးယစ်ဆေးဝါးရောင်းဝယ်ဖေါက်ကားနေတာကို မွန်ပြည်သစ်ပါတီ သူ့ထိန်းချုပ်နယ်မြေမှာ ကင်းစင်အောင်လုပ်ပေးရမယ် ဒါကပထမအချက်၊ သူတို့လုပ်ရင်ပိုလွယ်တယ်၊ သူတို့ထိန်းချုပ်နယ်မြေမှာ ရွာလူကြီးတွေသိတယ်၊ အများအားဖြင့် ရောင်းဝယ်ဖေါက်ကားနေတဲ့လူတွေကို အုပ်ချုပ်ရေးမှူးမသိရင် ရပ်ကွက်မှူးတွေ သိတယ်၊ ဒါကရွာတိုင်းပဲ။ ဒါပေမယ့် ဖေါ်ထုတ်ဖမ်းဆီးဖို့က အခက်အခဲရှိသေးတယ်၊ မွန်ပြည်သစ်ပါတီကို ကျနော်တို့ တောင်းဆိုတာက မိမိရဲ့ ထိန်းချုပ်နယ်မြေမှာ ကင်းစင်အောင် အရင်လုပ်မယ်၊ နောက်ကြားနယ်မြေမှာ ဝင်ရောက်လုပ်ကိုင်ဖို့လိုတယ်၊ နိုင်ငံတော်ဥပဒေနဲ့ မွန်ပြည်သစ်ပါတီဥပဒေက အများကြီးကွာတယ်၊ တကယ်လို့ ကြားနယ်မြေ(အစိုးရရော မွန်ပြည်သစ်ပါ သြဇာညောင်းတဲ့နယ်မြေ) မှာ မွန်ပြည်သစ်ပါတီကို တစ်နည်းနည်းနဲ့ အစိုးရအာဏာပိုင်တွေ ဖမ်းဆီးခွင့်ပြုနိုင်မယ်ဆိုရင် ပိုထိရောက်မယ်လို့ ကျနော်ထင်တယ်။ မွန်ပြည်သစ်ပါတီဖက်ကျတော့ သူထိန်းချုပ်နယ်မြေမှာ သူလုပ်နိုင်တယ်၊ စိတ်ပါလက်ပါ လုပ်မယ်ဆိုရင်တော့ လုပ်လို့ရတယ်။ ကြားနယ်မြေမှာကျတော့ ဒေသခံအစိုးရအာဏာပိုင်တွေနဲ့ ညှိနိုင်းတိုင်ပင်ပြီတော့ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်မယ်ဆိုရင်တော့ အဆင်ပြေနိုင်မယ်လို့ ယူဆပါတယ်။ နောက် ကျနော်တို့လူထုဖက်ခြမ်း ကျတော့ ပညာပေးလုပ်ငန်တွေ လုပ်ပေးသင့်တယ်။ မိဘတွေလည်းလိုတယ် အခုက ဘယ်လောက်ထိ ဆိုးလာသလဲ ဆိုတော့ ဥပမာ- အထက်တန်းကျောင်းတို့ ဘုန်းတော်ကြီးကျောင်းစာသင်တိုက်တို့ မှာတောင် မူးယစ်ဆေးဝါးတွေ ရောက်နေတယ်၊ ဒါကြောင့် ပညာပေးလုပ်ငန်းတွေ လုပ်ပေးရမယ်၊ အရေးယူတဲ့အပိုင်းကိုလည်း ထိရောက်စွာ လုပ်ပေးရမယ်၊ ဘက်ပေါင်းစုံ လုပ်ပေးနိုင်မှ လူငယ်တွေရဲ့ အနာဂတ် အဆင်ပြေလာနိုင်မယ်၊လူငယ်တွေက အနာဂတ်ခေါင်းဆောင်ဆိုတော့ ကျနော်မှာချင်တာက နိုင်ငံတော်ကလည်း တာဝန်ကျေအောင် လုပ်ပေးဖို့လိုတယ်၊ မွန်ပြည်သစ်ပါတီဖက်ကလည်း တာဝန်ကျေအောင် လုပ်ဖို့လိုတယ်၊ ကျနော်တို့ပြည်သူလူထုဖက်ကလည်း ပညာပေးလုပ်ငန်းတွေကို များများ လုပ်ပေးဖို့လိုတယ်လို့ တိုက်တွန်းချင်ပါတယ်။

ဗညားအောင် – တွေ့မေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here