“PPE ဝတ်စုံတွေ ၊ 95 တွေ ၊ Sodium Chloride တွေ ၊ အရက်ပျံ တွေ ၊ နေ့စဉ်အသုံးပြုနေတဲ့ Mask တွေကတော့ အရမ်းလိုအပ်နေတယ်” ဦးဟိန်းဝမ်(KIO၊ Covid-19 ကာကွယ်ရေး ကော်မတီ)

0
345

KIO နယ်မြေအတွင်း Covid-19 ကာကွယ်ရေး ကော်မတီ အတွင်းရေးမှူးနှင့် အင်တာဗျူး

၂၇ ဧပြီ ၂၀၂၀

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုကော်မတီသည် Covid-19 တားဆီးရေး ကော်မတီဖွဲ့ပြီး အသစ်ဝင်လာသူများကို သီးသန့် Quarantine ထားပြီးစောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် စောင့်ကြည့် သံသယလူနာများကို တရုတ်နိုင်ငံအစိုးရအကူညီဖြင့် ရောဂါပိုးစစ်ဆေးမှုများပြုလုပ်ခဲ့ သည်ကို သိရသည်။ KIO နယ်မြေများတွင် Covid-19 ကာကွယ်ရေး စီစဉ်ထားမှုနှင့်ပတ်သက်ပြီး ကော်မတီ၏ အတွင်းရေးမှူး ဦးဟိန်းဝမ်ကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ Covid-19 ရောဂါနဲ့ ပက်သက်ပြီး KIO ထိန်းချုပ်နယ်မြေအားလုံးမှာ ဘယ်လိုလုပ်ဆောင်နေတာ ရှိလဲ။

ဖြေ။ ။ Covid-19 ရောဂါကာကွယ်တိုက်ဖျက်ရေးကော်မတီကနေ အားလုံးကို အသိပေးကြေညာထားပြီ။ လောလောဆယ်တော့ ကျနော်တို့ လူတွေကို စီစစ်တယ်။ နောက်ပြီး အပြင်လူမဝင်နိုင်အောင် စီစစ်ပြီးတော့ စောင့်ကြည့်လူနာအဖြစ်ထားရှိဖို့ အဲဒီအပိုင်းကို လုပ်ဆောင်နေတယ်။

မေး။ ။ Covid-19 ရောဂါကာကွယ်တိုက်ဖျတ်ရေးကော်မတီအနေနဲ့ ဘယ်လောက်အတိုင်းအတာ လောက်ထိ ဆေးဝါးကုသပြုစုနိုင်မလဲ။

ဖြေ။ ။ ကျနော်တို့မှာ အခုက ဆေးကုသမယ်ဆိုရင် မလွယ်ကူဘူး။ ကမ္ဘာက အမေရိကန်တွေတောင် အများအပြားသေဆုံးနေကြတာ အဲလိုအခြေအနေကို မရောက်အောင် ကျနော်တို့က ကြိုတင်ကာကွယ်တယ်။ ဆရာဝန်စုံတဲ့ ဆေးရုံကြီးမှာ ဆေးကုသနိုင်ဖို့ လုပ်ထားတယ်။ တခြားနေရာမှာတော့ ကျနော်တို့ သပ်သပ် ရောဂါကာကွယ်ရေးဘက်ကို အဓိကထား လုပ်တယ်။ ဆေးကုသပေးတာတော့ မပါဘူး။ ဌာနချုပ်မှာတော့ ဆေးကုသဖို့ သီးသန့်ဆေးရုံးတစ်ခုလုပ်ထားတယ်။ ပုံမှန်ဆေးရုံနဲ့ မပေါင်းဘူး။

မေး။ ။ ဆေးဝါး နဲ့ စက်ကိရိယာအခြေအနေက ဘယ်လိုရှိလဲ။

ဖြေ။ ။ ဖျားနာတဲ့သူတွေအတွက် သင့်တော်မဲ့ စက်ကိရိယာတွေနဲ့တော့ စစ်ဆေးဆောင်ရွက်တာရှိတယ်။ အရမ်းဈေးကြီးတာတော့ မဝယ်နိုင်သလို ကိုင်သွယ်အသုံးပြုတတ်တဲ့သူတွေကလည်း မရှိဘူး။ ကျနော်တို့ ကိုင်သွယ်နိုင်တဲ့ အသုံးတည့်တယ်ဆိုတဲ့ စက်ပစ္စည်းတွေ အောက်စီဂျင်တွေကိုတော့ ပြင်ဆင်ထားတယ်။

မေး။ ။ KIO ကျန်းမာရေးဌာနအနေနဲ့ Covid-19 ရောဂါအတွက် ဘာတွေလိုအပ်နေသေးလဲ။

ဖြေ။ ။ ရောဂါကာကွယ်တိုက်ဖျက်ရေးမှာ အသုံးပြုရမယ့် PPE ဝတ်စုံတွေ ၊ 95 တွေ ၊ Sodium Chloride တွေ ၊ အရက်ပျံ တွေ ၊ နေ့စဉ်အသုံးပြုနေတဲ့ Mask တွေကတော့ အရမ်းလိုအပ်နေတယ်။ နောက်ပြီး ဆေးကုသတဲ့ဘက်မှာဆို ဥပမာ- ICU မှာ အသုံးပြုမယ့် စက်ပစ္စည်းကိရိယာတွေ ထပ်ဖြည့်ဖို့ လိုအပ်နေတာဖြစ်တယ်။

မေး။ ။ အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံကို Covid-19 ရောဂါအတွက် ထောက်ပံ့ငွေပေးတဲ့အပေါ်မှာ KIO ဘက်ကရော ရနိုင်မလား။

ဖြေ။ ။ ကျနော်တို့လည်း အဲဒါကို သတင်းမှာပဲကြားသေးတာ။ ကျနော်တို့ဆီကိုတော့ မရောက်ပါဘူး။ ကျနော်တို့ မရသေးပါဘူး။

မေး။ ။ အပြင်က ကူညီထောက်ပံ့မှုမရရင် ကိုယ်တိုင်ကိုယ်ကျ ကြိုးစားဆောင်ရွက်နေတဲ့အပိုင်းက ဘယ်အခြေအနေထိရှိလဲ။

ဖြေ။ ။ မြန်မာနိုင်ငံအတွင်းမှာကူညီနေတဲ့ NGO အဖွဲ့အစည်းတွေကို များသောအားဖြင့် သူတို့ကို အကူညီတောင်းပြီး ၊ တစ်ချို့ကျနော်တို့ အကူညီတောင်းထားတဲ့ အဖွဲ့အစည်းတွေကလည်း ရပါပြီ။ ကာကွယ်ရေးအတွက် အသုံးပြုတယ်၊ စောင့်ကြည့်လူနာဆောင်တွေမှာ သုံးတယ် ၊ ပညာပေးတာတွေကိုတော့ လိုက်လုပ်နေပြီ။ ထောက်ပံ့ငွေအကြီးကြီးတော့ မရသေးပါဘူး။ အကူညီတောင်းထားတာပဲရှိသေးတယ်။

မေး။ ။ Covid-19 ရောဂါကြောင့် အဓိကအခက်အခဲတွေက ဘာတွေဖြစ်မလဲ။

ဖြေ။ ။ လူဝင်လူထွက်ပိတ်လိုက်တယ် ၊ လမ်းခရီးတွေ ပိတ်ကုန်တော့ စက်ပစ္စည်းတွေ တင်သွင်းဖို့ခက်တယ် ၊ အစားအသောက်တွေ ခက်ခဲလာတယ်။

မေး။ ။ Covid-19 ရောဂါနဲ့ ပက်သက်ပြီး KIO ထိန်းချုပ်နယ်မြေက နောက်ဆုံးအနေ ဖြည့်စွပ်ပြီး ဘာပြောချင်သေးလဲ။

ဖြေ။ ။ ကျနော်တို့ ဒီမှာက တတ်နိုင်သလောက်တော့ ကူညီနေတယ်။ ကျနော်တို့ကိုလည်း တခြား ကူညီမှုအဖွဲ့အစည်းတွေအနေနဲ့ လိုအပ်တဲ့နေရာမှာ ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုချင်တယ်။

ကေအန်ဂျီ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here