28 March 2024 /

See today's Peace Related News

“လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့ကို ချီးကျူးတယ် ၊ ဂုဏ်ပြုတယ်ဆိုတာက တစ်ဘက်လက်နက်ကိုင်တစ်ဖွဲ့ကို ဖိနှိပ် ရာ၊ နှိပ်ကွပ်ရာရောက်တယ်” ‌ဒေါက်တာညိုညိုသင်း (ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ)

အတိုင်ပင်ခံရုံး ထုတ်ပြန်ချက် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အကူပြုနိုင်သလား

၂၈ ဧပြီ ၂၀၂၀

ရက္ခိုင့်တပ်တော်(AA)သည် ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ်အတွင်း အဖျက်၊ အမှောင့်လုပ်ရပ်များ လုပ်ဆောင် နေသဖြင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် အသက်စွန့်၍ တာဝန်ထမ်းဆောင်လျှက်ရှိသော တပ်မတော်သားအရာရှိ၊စစ်သည်များအားလုံးကို အသိ အမှတ်ပြု ချီးကျူးဂုဏ်ပြုသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ဧပြီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ လက်နက်ကိုင်ပဋိပက္ခကြောင့် ဆင်းရဲဒုက္ခကြုံတွေ့နေရသည့် ဖြစ်ရပ်များမှ မိမိတို့ပြည်သူများကင်းဝေးနိုင်စေ ရန် အတွက် နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်လျှက်ရှိသော ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အောင်မြင်သည်အထိ မမှိတ်မသုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထိုထုတ်ပြန်ချက်နှင့်ပတ် သက်ပြီး နယ်ပယ်အသီးသီးပုဂ္ဂိုလ်များ၏ အမြင်များကို ယခုလို စုစည်းတင်ဆက်ထား ပါသည်။

စောမြရာဇာလင်း (ထိပ်ပိုင်းခေါင်းဆောင် ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)စောမြရာဇာလင်း (ထိပ်ပိုင်းခေါင်းဆောင်) ၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)

ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အတွေ့ကြုံတစ်ခုကို ဥပမာပေးချင်ပါတယ်။ အဲဒါကဘာလဲဆိုတော့ ၂၀၁၅ မှာ တစ်နိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုဖို့ကြိုးစားနေတဲ့ အချိန်မှာ သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာ အဖွဲ့ (၆) ဖွဲ့ကို ချန်လှပ်ထားဖို့ဆိုတဲ့ စဉ်းစားချက်တွေပေါ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကိုးကန့်တိုက်ပွဲနဲ့ပါ။ တစ်ဖက်မှာကြည့်လိုက်တော့ (၃) ဖွဲ့သည် အပစ်ခတ်ရပ်စဲစရာမလိုသော အဖွဲ့ဖြစ်တယ်ဆိုတဲ့ အမြင်။ အဲဒီအမြင်တွေအပေါ်မှာ အဖွဲ့ (၆) ဖွဲ့ဟာ ချန်လှပ်ထားခြင်းခံခဲ့ရတွေဟာ အခုတိုက်ပွဲဖြစ်ပေါ်လာရခြင်း အခြေအနေတွေအထိ သက်ရောက် လာတယ် လို့ပြောချင်ပါတယ်။ ဆိုတော့ အဲလိုကျန်ခဲ့တဲ့ အခါမှာ အားလုံးပါဝင်ရေးဆိုတဲ့ အနေအထားကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းပေါင်းစုံက ပြောခဲ့သလို ဒီနေ့ထက်ထိ အားလုံးက ပြောနေကြတာဖြစ်ပါတယ်။ အဲဒီလို စာချုပ်ကို မချုပ်ခင်က NCCT ကိုရေးဆွဲတဲ့ အချိန်က (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) အားလုံး (၂၁) ဖွဲ့ပါတယ်။ (၂၁) ဖွဲ့စလုံးက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းတဲ့ အတွက်ကြောင့် သမိုင်းရှည်ကြာပြီးတော့ လက်နက်ကိုင် ပဋိပက္ခဖြစ်လာတယ်။ ဒါကြောင့် ဒီလက်နက်ကိုင်ပဋိပက္ခတွေကို အဆုံးသတ်ဖို့ဆိုလို့ရှိရင် နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ မဖြေရှင်းဘဲနဲ့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ဖို့လိုအပ်တယ်ဆိုတဲ့ စဉ်းစားချက်ရှိခဲ့တယ်။

တစ်နည်းအားဖြင့် ဒီဟာတွေက Concert ကောင်းတစ်ခုဖြစ်တယ်။ အဲဒီ Concert ကိုအခြေခံပြီးခါမှ ဒီလက်နက်ကိုင် ပဋိပက္ခတွေကို အဆုံးသတ်ဖို့အတွက် တစ်နိုင်ငံလုံး အပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ပထမဦးစွာ ဆုံးဆောင်ဖို့လိုတယ်လို့ စဉ်းစားခဲ့တာဖြစ်တယ်။ အဲဒီလိုစဉ်းစားခဲ့တဲ့ အခါမှာ အခုလိုတိုက်ပွဲ ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်တွေလည်းပါသွားတယ်။ (၂၁) ဖွဲ့ပါဝင်ခဲ့တာဖြစ်တယ်။ ဆိုတော့ ကိုင်တွယ်မှုလွဲမှားခဲ့တာဖြစ်တဲ့ အတွက်ကြောင့် ဒီနေ့အထိ တစ်ချို့သောအဖွဲ့စည်းတွေက စားပွဲခုံပေါ်မှာ တိုက်ရိုက်မရောက်နိုင်တဲ့ ပြဿနာရှိနေတယ်တာ ကျမက သုံးသပ်တယ်။ ဆိုတော့ ဒီပြဿနာတွေကို ပြေငြိမ်းအောင်လုပ်ဖို့အတွက် တစ်ဖွဲ့က အဖျက်သမား၊ တစ်ဖွဲ့က အကြမ်းဖက်သမားဆိုတာမျိုးကို ပြောနေခြင်းထက် ကျမအကြံပြုချင်တာက ပြည်သူလူထုရဲ့ အသက်အိုးအိမ် ကာကွယ်ရေးကို မှန်မှန်ကန်ကန်လုပ်ရင်တော့ လောင်နေတဲ့ မီးကို ဘယ်လိုငြိမ်းသတ်မှာလဲ စဉ်းစားချက်ကအဓိကကျတယ်။ ဒါကြောင့် အကောင်းဆုံးမီးငြိမ်းသတ်နည်းကို‌ဆောင်ရွက်ခြင်းသာလျှင် နိုင်ငံရဲ့အကျိုးကို ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျမယုံကြည်တယ်။

ဒေါက်တာ ညိုညိုသင်း (ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ)
ဒေါက်တာ ညိုညိုသင်း (ရန်ကုန်စောင့်ကြည့်အဖွဲ့တည်ထောင်သူ)

ကျမတို့အနေနဲ့ကတော့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုကို ချီးကျူးလိုက်တဲ့ကိစ္စအပေါ်တော့ မဖြစ်သင့်ဘူး လို့ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်နေရတဲ့ အချိန်မှာ တစ်နိုင်ငံလုံးက ငြိမ်းချမ်းရေးကို အလိုရှိတယ်လေ။ တစ်ကမ္ဘာလုံးကလည်း ငြိမ်းချမ်းရေးကို အလိုရှိတယ်။ ကုလသမဂ္ဂဆိုရင် လက်နက်ကိုင်အဖွဲ့တွေ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုထားတယ်လေ။ အဲလိုအခြေအနေမှာ ကိုယ်က ဘယ်လက်နက်ကိုင်အဖွဲ့ကိုမှ အားပေးအားမြှောက်လုပ်တဲ့ ကိစ္စကို အထူးသဖြင့် နိုင်ငံခေါင်း ဆောင်တစ် ယောက်အနေနဲ့ လုံးဝမလုပ်သင့်ဘူးလို့ ကျမထင်တယ်။ အဲဒါကြောင့်မို့လို့ ဒီထုတ်ပြန်ချက်ကို ကြည့်လိုက် တဲ့အခါမှာ အောက်ဆုံးအပိုဒ်မှာ ငြိမ်းချမ်းရေး ဆက်လုပ်သွားမယ်လို့ ပြောထားတယ်ပေါ့နော်။ အဲတော့ တစ်ကယ်ကို ငြိမ်းချမ်းရေးအတွက် ဆန္ဒရှိတယ်ဆိုရင်တော့ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတာတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရက လိမ္မာပါးနပ်စွာ ကိုင်တွယ်ရမယ်။ တစ်ဘက်ဘက်ကို အားပေးတာတွေ၊ ဂုဏ်ပြုတာတွေ ချီးကျူးတာတွေမလုပ်သင့်ဘူး။

နောက်ပြီးတော့ လက်နက်ကိုင်ပြဿနာဆိုတာက လက်နက်နဲ့ ဖြေရှင်းလို့ ရတာမဟုတ်ဘူး။ ကျမတို့ကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာတာကိုပဲ အားပေးတယ်။ ဒါကြောင့်မို့လို့ လက်နက် ကိုင် တပ်ဖွဲ့တစ်ဖွဲ့ကို အားပေးတယ်။ ချီးကျူးတယ်။ ဂုဏ်ပြုတယ်ဆိုတာက တစ်ဖက် လက်နက် ကိုင်တစ်ဖွဲ့ကို ဖိနှိပ်ရာ၊ နှိပ်ကွပ်ရာရောက်တယ်လေ။ ဒါကြောင့်မို့လို့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်က ဒီလိုကြေညာချက်မျိုး ထုတ်တာဟာ ဒီလိုအချိန်မှာ လုံးဝမဖြစ်သင့်မဖြစ်ထိုက်ဘူးလို့ ယူဆတယ်။

စာရေးဆရာ မောင်မောင်စိုး (တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ)ဦးမောင်မောင်စိုး (တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူ)

မတ်လ ၂၃ ရက်နေ့မှာ AA ကိုအကြမ်းဖက်အဖွဲ့အဖြစ်ကြေညာလိုက်တယ်။ ပြီးတော့ နိုင်ငံခြားရေး ဝန်ကြီး ဌာနကလည်း AA ကို အကြမ်းဖက်အဖွဲ့ဖြစ်တဲ့အကြောင်းမို့လို့ ချေမှုန်းသွားဖို့လိုတယ်လို့ မကြာခင်က ထုတ်ပြန်ထားတယ်။ အခုတစ်ခါ နိုင်ငံတော်အတိုင်ပင်ခံလက်မှတ်နဲ့ ထပ်ထုတ်တယ်ဆိုတော့ ပြဿနာက ဘာဖြစ်သွားမလဲဆိုတော့ AAကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့လို့ သဘောမထားဘဲနဲ့ အကြမ်းဖက်အဖွဲ့ဆိုပြီးတော့ သဘောထားတယ်။

တပ်မတော်နဲ့ အတူရပ်တည်တယ်။ AA သည် အကြမ်းဖက်အဖွဲ့ဖြစ်တဲ့အတွက် ချေမှုန်းပစ်ရမယ်။ ချေမှုန်းပစ်တဲ့သူတွေကိုလည်း ဂုဏ်ပြုတယ်ဆိုပြီးတော့ ရပ်တည်ချက်ထွက်လာတဲ့ အခါကျတော့ ဒီ NLD အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရအနေနဲ့ တပ်မတော်နဲ့ AA ကိစ္စမှာ တစ်သားတည်းဖြစ်သွားသလို။ ဒီရခိုင်နဲ့ ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်တန့်ဖို့ဆိုတာထက် ဆက်ပြီး ကြီးထွားအောင် သို့မဟုတ် ကြီးထွားစေနိုင်တဲ့ အခြေနေတွေ ပေါ်ပေါက်လာစေ နိုင်တယ်လို့ပဲ ပြောရပါလိမ့်မယ်။

ဒေါ်ခင်စောဝေ
ဒေါ်ခင်စောဝေ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရသေ့တောင်မြို့နယ်)

ကျမအမြင်ကတော့ ဒီဟာက မြေပြင်အခြေနေကို လုံးဝသိရှိနားလည်မှုမရှိလို့ဖြစ်တယ်။ နောက်တစ်ချက်က မီဒီယာတွေကို လွတ်လပ်စွာသွားလာခွင့် မရတာတွေ အင်တာနက်ပိတ်ပြီး သတင်းအမှောင်ချထားတာတွေ အားလုံးနဲ့ သက်ဆိုင်တယ်လို့မြင်တယ်။ သတင်းတွေမှာ ရခိုင်ပြည်နယ်က လူတွေခံစားနေရတာတွေကို ပေါ်လွင်အောင်ရေးထားကြတာတွေရှိတယ်။ ဆိုတော့ အခုစစ်ဘေးရှောင်တွေ ဘာကြောင့်ဖြစ်လာရလဲဆိုတဲ့ အကြောင်းအရင်းတွေရှိတယ်။ စစ်ပွဲမရှိပဲ အမျိုးမျိုးကြောင့် ထွက်ပြေးလာရတာတွေရှိတယ်။ အခုဆိုရင် တစ်ပြည်နယ်လုံး တစ်သိန်းကျော်ထိရှိနေပြီ။ ဒီလူတွေဘာကြောင့် ထွက်ပြေးရလဲဆိုတဲ့ အကြောင်းရင်းတွေကို အမြဲတမ်း သတင်း မီဒီယာတွေမှာ ရေးနေကြတာတွေရှိတယ်။ အဲဒါကြောင့် ဒီလိုသတင်းတွေကို ကြည့်လိုက်ရင် အဖြေကတော့ ရှင်းရှင်းလေးမြင်ရတယ်။ ကျမက ရခိုင်ပြည်နယ်က ပြည့်သူ့ကိုယ်စားလှယ်တစ်ဦး ဖြစ်တယ်ဆိုတော့ ကျမကပြောလိုက်လို့ ရခိုင်ဘက်ကိုလိုက်တယ်။ ရခိုင်ပြည်နယ်ဘက်ကို ဦးစားပေးပြောတယ်လို့ မြင်ကြလိမ့်မယ်။ ဒါကြောင့် ပြည်သူ့အသံ မီဒီယာမှာဖော်ပြထားတဲ့ သတင်းတွေကိုကြည့်လိုက် နောက်တစ်ခါ ကျမတို့ အင်တာဗျူးတွေအပါဝင် ဆွေးနွေးပွဲလုပ်ထားတဲ့ အကြောင်းအရာတွေကို အကြံပေးထားတွေရှိတယ်။ အဲဒါတွေကို အသေအချာကြည့်လိုက်ခြင်းအားဖြင့် အတိုင်ပင်ခံကနေ ဒီလိုထုတ်ပြန်တာဟာ တလွဲစီဖြစ် နေတယ်လို့ ကျမမြင်တယ်။

ခိုင်ကောင်းစံ (ဒါရိုက်တာ ၊ ဝံလက်ဖောင်ဒေးရှင်း)

ခိုင်ကောင်းစံ (ဒါရိုက်တာ ၊ ဝံလက်ဖောင်ဒေးရှင်း)

အဓိက ဒီဟာမှာ ဒေါ်စုဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံတစ်ဦးလည်းဖြစ်တယ်။ နောက်တစ်ခုက တစ်ဘက်မှာ တပ်မတော်သားတွေကို ပြောသလို တိုက်ပွဲကာလအတွင်းမှာ သေဆုံးသွားတဲ့ အပြစ်မဲ့ပြည်သူမိသားစုတွေ ရာချီပြီးရှိနေတယ်ဆိုတော့ သူတို့အတွက်ကိုလည်း စာနာမှုတရားရှိဖို့လိုတယ်။ နောက်တစ်ခုက အဖျက်အမှောင့်တွေ လုပ်နေတယ်ဆို့ စကားလုံးအသုံးအနှုန်းကို သုံးနှုန်းထားတာကသာလျှင် ကျွန်တော်တို့မြန်မာနိုင်ငံမှာ သွားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းဖို့ သွားနေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေအတွက် အဟန့်အတားဖြစ်စေတယ်လို့ ပြောချင်တယ်။ နောက်ပြီးတော့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုေတွရဲ့ မျှော်လင့်ချက်တွေ မြန်မာနိုင်ငံအတွက် ဖက်ဒရယ်ကို သွားဖို့ပြောနေတဲ့ဟာတွေကို ဒေါ်စုကိုယ်တိုင်က နားလည်လက်ခံဖို့လိုတယ်။ လက်နက်ကိုင်အဖွဲ့စည်းလို့ပြောလိုက်တဲ့ အခါမှာ AA တစ်ခုတည်းမဟုတ်ပဲ မြန်မာနိုင်ငံမှာရှိတဲ့ လက်နက်ကိုင် (၂၁) ဖွဲ့တို့ရဲ့ လိုအပ်ချက်တွေဟာ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေနဲ့ တစ်ထပ်တည်းဖြစ်တယ်။ နိုင်ငံရေးသုံးသပ်သူတွေ သုတေသီတွေရဲ့ လိုအပ်ချက်နဲ့လည်း တစ်ထပ်တည်းဖြစ်တယ်။ တော်လှန်ရေးအင်အားစုတွေဟာ ပြည်သူတွေရဲ့ လိုအပ်ချက်ကို အကောင်ထည်ဖော်နေတဲ့ အဖွဲ့တွေဖြစ်တယ်ဆိုတာကို ဒေါ်စုအနေနဲ့ နားလည်သဘောပေါက်ဖို့လိုတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

ခိုင်ရိုးလ(DMG) – စုစည်းတင်ပြသည်။