28 March 2024 /

See today's Peace Related News

“ပြည်သူလူထုကို ငဲ့ကွက်တဲ့အနေနဲ့ တိုက်ပွဲတွေရပ်ဖို့ ပြောဆိုနေကြပေမယ့်လည်း စစ်ရေးအရ လက်ဉီးမှုယူကြတဲ့ သဘောသဘာဝတွေ၊ ချမှတ်ထားကြတဲ့စစ်ရေးဗျူဟာတွေကြောင့် တိုက်ပွဲတွေက မရပ်နိုင်သေးဘူး” ရဲဘော်မိဆူးပွင့် (ဗဟိုဦးဆောင်ကော်မတီဝင် – ABSDF)

၅ မေ ၂၀၂၀

လက်ရှိကိုရိုနာဗိုင်းရပ်(စ်)ကူးစက်မှုထိန်းချုပ်ကာကွယ်နေတဲ့ အချိန်အတွင်းမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူညီချက်ရေးထိုးထားကြတဲ့ NCA-S EAO အဖွဲ့တွေအနေနဲ့ အစိုးရတို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဘယ်လိုရှေ့ဆက်ဖို့ရှိလဲ။ NCA ထိုးထားတဲ့အဖွဲ့အနေနဲ့ လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်နေမှု အားရကျေနပ်မှုရှိလား။ ဘယ် လောက် အတိုင်းအတာထိ ရောက်နေကြပြီလဲ ဆိုတာတွေနဲ့ပတ်သက်လို့ ရဲဘော်မိဆူးပွင့် (ဗဟိုဦးဆောင်ကော်မတီဝင်- မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး-ABSDF) ကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ဧပြီလ ၃ရက်နေ့မှာ NCA-S EAO တွေ အစည်းအဝေးလုပ်ခဲ့ကြတယ်လို့သိရပါတယ်။ Covid 19 ကပ်ရောဂါကူးစက်မှု တစ်ဖက်မှာလည်းထိန်းချုပ်နေရတဲ့အချိန်မှာ ငြိမ်းချမ်းရေးကို အရှိန်အဟုန်လုပ်သွားဖို့ မရပ်တန့်သွားဖို့ ဘယ်လို လုပ်ဆောင်ကြမလဲ။

ဖြေ ။ ။ NCA-S-EAO (၁၀)ဖွဲ့အနေနဲ့ မူဘောင်ပြင်ဆင်ရေး ပူးတွဲအလုပ်အဖွဲ့အစည်းအဝေးတွေအတွက် NCA-S-EAO မူဘောင်ပြင်ဆင်ရေး အလုပ်အဖွဲ့အစည်းအဝေးတွေ လုပ်နေကြတာဖြစ်ပါတယ်။ လက်ရှိမှာ NCA ခေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကို အခြေခံတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်သွားနိုင်ဖို့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ အစိုးရတို့ ကြိုးစားနေကြတာ အားလုံးအသိပါပဲ၊ NCA (၅) နှစ်ပြည့် နှစ်ပါတ်လည်နေ့မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ်မိန့်ခွန်းပါ လမ်းညွှန်မူ(၅)ချက်အပေါ် အခြေခံပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဆက်ရွေ့နိုင်အောင် လုပ်ဆောင်နေကြပါတယ်။

၂၁ ရာစုပင်လုံခေါ် ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံကြီး ရပ်တန့်နေရာကနေ NCA အပေါ် အဓိပါယ်ဖွင့်ဆိုမှုနဲ့ နားလည်မှု မတူညီတာတွေကို ပြန် ဆွေးနွေးဖို့၊ အဓိကတော့ NCA အခန်း(၃)၊ အခန်း(၄)နဲ့ ကြားကာလအစီအစဉ်ဖြစ်တဲ့ အခန်း(၆) တို့ကို ပြန်ဆွေးနွေးကြဖို့ ပြင်ဆင်နေကြပါတယ်။ နောက်တစ်ခုက ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးဆွေး နွေးပွဲတွေ ရှေ့ဆက်သွားနိုင်ဖို့ သေချာတဲ့ အာမခံချက်တွေ ရရှိအောင် ပြင်ဆင်နေကြတာဖြစ်ပါတယ်။

ဒီနေရာမှာ ၂၀၂၀ ဧပြီလကုန်လောက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတစ်ခုဖြစ်နိုင်အောင် အဓိက ဉီးတည်ပြီး ကြိုးစားခဲ့ကြပေမယ့် အခုအခြေအနေကတော့ ကိုရိုနာ Covid 19 ကပ်ရောဂါကြီး မြန်မာနိုင်ငံကို ရောက်ရှိလာလို့ ဧပြီလကုန်မှာလုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ပြင်ဆင်ဖို့ လိုအပ်တဲ့ အလုပ်အဖွဲ့အစည်းအဝေးတွေကို အွန်လိုင်းကနေ ဆက်လုပ်နေကြပါတယ်။

ကျန်တဲ့အပိုင်းတွေ ဘယ်လိုဆက်သွားကြမလဲဆိုတာကို အစိုးရဖက်နဲ့ NCA-S-EAO တွေ၊ UPDJC မှာပါဝင်တဲ့ နိုင်ငံရေးပါတီအစုအဖွဲ့တွေက ဆက်လက်တိုင်ပင်ပြီး ဆုံးဖြတ်သွားရကြရမှာ ဖြစ်ပါတယ်။

မေး ။ ။ Covid 19 ကပ်ရောဂါကို ထိရောက်စွာ ကာကွယ်ဖို့အတွက် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကိစ္စမှာ လက်ရှိမှာလည်း တိုက်ပွဲတွေ တချို့ဒေသမှာဖြစ်ပေါ်နေတယ် အဲဒါ ဘယ်လိုဆက်လုပ်ကြဖို့ ရှိလဲ။

ဖြေ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ သူတို့ထိန်းချုပ်ရာဒေသတွေမှာ Covid 19 ကာကွယ် တားဆီးရေးလုပ်ငန်းစဉ်တွေ တတ်နိုင်သရွေ့လုပ်ဆောင်နေကြပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ တွေအနေနဲ့လည်း တတ်နိုင်သရွေ့ဆောင်ရွက်နေသလို အစိုးရနဲ့ပူးပေါင်းလုပ်ဆောင်နိုင်မယ့်နည်းလမ်းတွေ လည်း ရှာဖွေနေကြပါတယ်။

ဒီနေရာမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့နေရာဒေသက ပြည်သူတွေအတွက်တော့ အထူး ဝမ်းနည်းစရာကောင်းပါတယ်။ ပြည်သူလူထုကို ငဲ့ကွက်တဲ့အနေနဲ့ တိုက်ပွဲတွေရပ်ဖို့ ပြောဆိုနေကြပေမယ့်လည်း စစ်ရေးအရလက်ဉီးမှုယူကြတဲ့ သဘောသဘာဝတွေ၊ ချမှတ်ထားကြတဲ့စစ်ရေးဗျူဟာတွေကြောင့် တိုက်ပွဲတွေက မရပ်နိုင်သေးဘူးလို့ပဲ ပြောရပါမယ်။

ဒီလိုအချိန်မှာ လူလူချင်းစာနာထောက်ထားတဲ့ သဘောထားတွေကို အလေးအနက်ဖော်ထုတ်ရမယ့်အစား၊ ဒီထက်ကျယ်ကျယ်ပြန့်ပြန့်ပိုပြီး စဉ်းစားကြမယ်ဆိုရင် Covid 19 အကြပ်အတည်းကို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး အခွင့်အ လမ်းအတွက် ပူးပေါင်းမှု၊ စုစည်းမှုတို့နဲ့ ကျော်ဖြတ်နိုင်အောင် ကြိုးစားရမယ့်အစား၊ တိုက်ပွဲတွေ ဆက်တိုက်ဖြစ် နေတဲ့ အခြေအနေဟာ ကျမတို့အားလုံးရဲ့ နိုင်ငံရေးစွမ်းဆောင်ရည်တွေ အလွန်နိမ့်ကျနေတာကို သက်သေပြ နေတဲ့အခြေအနေတစ်ခုလို့ပြောချင်ပါတယ်။ ဒါကြောင့်ပြည်သူလူထုရဲ့အသံတွေ ဒီထက်အများကြီးပိုမိုဖော်ထုတ် ကြဖို့ လိုအပ်ပါမယ်။

မေး ။ ။ ၂၁ ရာစုညီလာခံလုပ်ဖို့ အစက ဧပြီလမှာ လျာထားတယ်လို့ဆိုတဲ့ ဒီကပ်ရောဂါကြောင့် လုပ်ဖို့ ဘယ်ချိန်ထိ ရွေ့သွားနိုင်မလဲ။ ဘယ်လိုတွေဆက်လုပ်ဖို့ ဆွေးနွေးထားကြလဲပေါ့။

ဖြေ။ ။ အပေါ်မှာပြောထားခဲ့ပြီးသလိုပါပဲ။ ပါဝင်နေတဲ့အစုအဖွဲ့တွေ ပြန်လည်တိုင်ပင်ညှိနှိုင်းပြီးမှ ဆုံးဖြတ်ရမှာဖြစ် ပါတယ်။ ရွေးကောက်ပွဲလုပ်မယ့် အခြေအနေတွေအပေါ်မှာလည်း မူတည်မယ်လို့ထင်ပါတယ်။

ကျမတို့အမြင် အရတော့ လက်ရှိ NCA အခြေခံတဲ့ငြိမ်းချမ်းရေးဖြစ်စဉ် အားကောင်းသည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ၊ အခြားလမ်းကြောင်းတွေကိုလည်း မဖော်ထုတ်နိုင်တဲ့အခြေအနေမှာ ဒီလမ်းကြောင်းကို ဖျက်ဆီးလိုက်ရင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးတည်ဆောက်မှု အခြေအနေဟာ ဒီထက်အများကြီး အဆိုးဖက်ကို ရောက်သွားဖို့ ရှိတယ်လို့ မြင်ပါတယ်။

ကျမတို့နိုင်ငံမှာ နိုင်ငံရေးအင်အားစုအသီးသီးဟာ နိုင်ငံရေးဆွေးနွေးပွဲ အတွေ့အကြုံတွေ မရှိခဲ့ပါဘူး။ ကျမတို့အနှစ်(၇၀)လုံးလုံးစွဲစွဲမြဲမြဲစစ်တိုက်ခဲ့ကြပါတယ်။

လက်ရှိကာလအတွေ့အကြုံအရပြောရ ဆိုရင် ဆန့်ကျင်ဖက်အမြင်တွေ၊ အရှေ့နဲ့ အနောက်လို ကွဲပြားနေတဲ့အယူအဆတွေကို ကျမတို့ဆွေးနွေး ခွင့်ရနေ ပါပြီ။ ဆုံးဖြတ်ချက် တစုံတရာ မချနိုင်ရင်တောင် စိတ်ပျက်စရာမလိုပါဘူး။ ကျမတို့ ဆက်လက် ဆွေးနွေးဖို့ ဆုံးဖြတ်နိုင်ကြပါတယ်။ ဒီအချက်က အဓိကကျပါတယ်။ ဆက်မဆွေးနွေးတော့ဘူး၊ စစ်ပဲပြန်တိုက်ကြမယ်လို့ ဘယ်သူကမှ မပြောကြပါဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အချိန်ကာလအရ ကြည့်ရင် စိတ်မရှည်စရာ ကောင်းချင်ကောင်းနေပေမယ့် နောက်ကိုပြန်မလှည့်သွားသေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။

မေး။ ။ NCA မထိုးထားသေးတဲ့အဖွဲ့တွေကို ညီလာခံမှာ ဘယ်လိုကဏ္ဍကနေ ပါဝင်ဖို့ ဆွေးနွေးထားကြလဲ။ ဘယ်လိုပါဝင်ဖို့ဖြစ်လာနိုင်မလဲ။

ဖြေ ။ ။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစုပင်လုံအစည်းအဝေးလုပ်တိုင်းမှာ NCA-S-EAO တွေအနေနဲ့တော့ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့အဖွဲ့အစည်းတွေကို ဖိတ်ခေါ်ဖို့ အမြဲတင်ပြပါတယ်၊ အစိုးရ၊ တပ်မတော်နဲ့ နိုင်ငံရေးပါတီတို့ဖက်ကလည်း ကန့်ကွက်ငြင်းဆိုမှုတွေ မရှိသလောက်ပါပဲ။ သူတို့ကစပြီးအဆိုပြုလာ ကြလည်းတာရှိပါတယ်။

ဒါပေမယ့် အဲဒီလိုဖိတ်ကြားတဲအခါမှာ အထူးဖိတ်ကြားသူအနေနဲ့ဖိတ်မလား။ ဧည့်သည် တော်အနေနဲ့ဖိတ်မလား။ တန်းတူရည်တူပြောရေးဆိုခွင့်၊ ဆုံးဖြတ်ခွင့်တွေရှိတဲ့ ညီလာခံကိုယ်စားလှယ်တွေ အနေနဲ့ ဖိတ်မလားဆိုတာကတော့ နည်းနည်းဆွေးနွေးကြရပါတယ်။

အဓိကတော့ NCA လက်မှတ်ထိုးပြီးမှ နိုင်ငံရေးဆွေးနွေးပွဲတွေကို တန်းတူရည်တူပါဝင် ခွင့်ရှိတယ်ဆိုတဲ့ အခြေခံမူကို ထည့်သွင်းစဉ်းစားကြရသလို နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်သွားဖို့ NCA ဆိုတာ လိုသလား၊ မလိုအပ်တော့ဘူးလား၊ NCA ရဲ့စည်းနှောင်မှု၊ သက်ဝင်မှုကို ထိခိုက်စေမလားဆိုတဲ့ မေးခွန်းတွေနဲ့လည်း ဆက်နွယ်နေတော့ ဒီအပေါ်မှာလည်း စဉ်းစားရတဲ့ သဘောရှိပါတယ်။

ပါဝင်သင့်ပါဝင်ထိုက်တဲ့အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးအရ ပါဝင်မှုအပေါ် ဘယ်သူမှ ပစ်ပယ် ထားလို့မရဘူးဆိုတာကတော့ ငြိမ်းချမ်းရေးအတွက် ဘယ်တော့မှ မလွဲတဲ့အမှန်တရားတစ်ခုဖြစ်ပါတယ်။ ဒါ ကြောင့် ဒီအခြေအနေတွေကို ဘယ်လိုပုံစံနဲ့ အကောင်းဆုံးပုံဖော်ကြမလဲဆိုတာလည်း ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးကလည်း သေချာအဖြေရှာကြ ရမှာဖြစ်ပါတယ်။

မေး ။ ။ NCA ထိုးထားတဲ့အဖွဲ့အနေနဲ့ လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်နေမှု အားရကျေနပ်မှုရှိလား။ ဘယ် လောက် အတိုင်းအတာထိ ရောက်နေပြီလို့ ယူဆနိုင်မလဲ။

ဖြေ ။ ။ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ လိုအပ်သလောက် ယုံကြည်မှု မတည်ဆောက်နိုင်သေးတာကို NCA-S-EAO ခေါင်းဆောင်များကလည်း အမြဲလိုလို ထုတ်ဖော်ပြောဆိုနေကြပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာက တိုက်ပွဲတွေရပ်တန့်အောင်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်အောင် လုပ်ဆောင်ရတဲ့ဖြစ်စဉ်လို့ ပြောလို့ရ ပါတယ်။ လက်ရှိ NCA အခြေခံတဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ပြည်သူလူထုတစ်ရပ်လုံးအတွက် ဒီအခြေအနေ နှစ်ရပ်စလုံးကို မယူဆောင်လာပေးနိုင်သေးပါဘူး။ NCA လက်မှတ်ထိုးထားတဲ့ နယ်မြေတွေမှာ စစ်ရေး ထိတွေ့မှုတွေ ရံဖန်ရံခါရှိပေမယ့် ထိုးစစ်ကြီးတွေတော့ မရှိတော့ဘူးလို့ပြောလို့ရပါတယ်။ ဒါကြောင့်လည်း ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေအပေါ် အခြေခံပြီး ဖြေရှင်းနိုင်မယ့်နည်းလမ်းတွေ ရှာဖွေ ဖော်ထုတ်နေကြပါတယ်။ ညှိနှိုင်းတိုင်ပင်မှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေကြပါတယ်။ ဒီလိုအခြေအနေ ကောင်းတွေ ရှာဖွေဖော်ထုတ်ကြဖို့ အစိုးရ-တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေ အားလုံးတက်တက်ကြွကြွပါဝင်လုပ်ဆောင်နေကြ တယ်လို့ပြောလို့ရပါတယ်။

မေး ။ ။ ဖယ်ဒရယ်ဒီမိုကရေစီနဲ့ ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ဖို့ အဓိက ဘာလိုအပ်ပါသလဲ။ ဘာစိန် ခေါ်မှုရှိလဲ။

ဖြေ ။ ။ လိုအပ်နေတာက အပြန်အလှန်ယုံကြည်မှုပါ။ စိန်ခေါ်မှုကတော့ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ်မှာ အမြင်အမျိုးမျိုးရှိနေကြတာပဲ ဖြစ်ပါတယ်။ သမိုင်းကြောင်းဆိုင်ရာ အယူအဆတွေနဲ့ သဘောထားရပ်တည်မှုတွေကို မတူညီတဲ့ အစုအဖွဲ့တွေက ပွင့်ပွင့်လင်းလင်းဆွေးနွေး ပြော ဆိုနိုင်မယ့် အခင်းအကျင်းတွေ အများကြီးလိုအပ်ပါတယ်။ ကိုယ့်အုပ်စုနဲ့ကိုယ်၊ ကိုယ့်အမြင်နဲ့ကိုယ်၊ ပြောနေတဲ့ အခြေအနေကနေ ဖောက်ထွက်ပြီး မျိုးဆက်ဟောင်းနဲ့ မျိုးဆက်သစ်စကားဝိုင်းတွေ၊ လူထုကိုယ်စားပြုမှု မြင့်မားတဲ့အမြင်သဘောထားတွေ ဖော်ထုတ်ရယူတာမျိုးတွေလည်း များများလုပ်ဆောင်သင့်ပါတယ်။ အမြင် မတူသူတွေ စကားများများပြောနိုင်ဖို့ လိုအပ်သလို သိမြင်ထားတဲ့ မတူညီတဲ့ အမြင်တွေကိုလည်း လေးစား အသိအမှတ်ပြုဖို့တွေ လိုအပ်ပါတယ်။ သမိုင်းကြောင်းတွေအပေါ် အသိအမှတ်ပြုမှုက အရေးကြီးသလို ပြောင်းလဲလာတဲ့နိုင်ငံရေးဖြစ်စဉ်တွေကို နားလည်လက်ခံမှုတွေလည်း လိုအပ်ပါတယ်။

ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ ကြိုးပမ်းရာမှာ တချိန်က နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂိုလ်ပြောခဲ့ဖူးတဲ့ ဗမာ လူမျိုးများဟာ လူများစုဖြစ်လို့ လူများစုက ပိုသဘောထားကြီးရပါမယ်ဆိုတဲ့ အယူအဆကို ကျမ သဘောကျ ပါတယ်။ သဘောထားကြီးတဲ့နိုင်ငံရေးအုပ်စု ပျောက်နေရင် ကျမတို့ အနာဂတ်ဟာ ဝေဝါးပျောက်ဆုံးနေဦးမှာပါ။

တိုင်းရင်းသားအင်အားစုတွေက ဖက်ဒရယ်ပြည်ထောင်စုကို လိုလားတောင်းဆိုနေကြတယ်ဆိုပေမယ့်လည်း ဒီမိုကရေစီအပေါ် လိုလားမှုနဲ့ တန်ဖိုးထားမှုတွေ ရှိပါတယ်။ ဒီမိုကရေစီအင်အားစုလို့ ဒီကနေ့ကျမတို့ပြောရရင် ဘယ်သူတွေရှိမလဲ။ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့အင်အားစုတွေက ဖက်ဒရယ်စနစ်နဲ့ပါတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ဘယ်လောက်ရှိနေသလဲ။ ဘယ်လိုအဆိုးတွေဖြစ်လာမယ်လို့ မျှော်လင့်ထားကြလဲ။ ဘယ် လောက်ပွင့်ပွင့်လင်းလင်းဆွေးနွေးကြမလဲ။ ဖက်ဒရယ်အရေးအပေါ် ပြည်ထောင်စုအရေးအပေါ် ကိုယ့်ရဲ့အရေးလို ရှုမြင်တန်ဖိုးထားမှု ဘယ်လောက်ရှိပြီး အဲဒါကို ဘယ်လိုထုတ်ဖော်ပြသနိုင်မလဲ။ ဒီအဖြေဟာ ဒီနေ့ကျမတို့ အားလုံးလိုအပ်နေတဲ့ အနာဂတ်ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ အဖြေဖြစ်ပါတယ်။

မေး။ ။ တပ်မတော်က တစ်နိုင်ငံလုံး ပစ်ရပ်ဖို့ ခက်ခဲတယ်လို့ဖြေထားတော့ ဘယ်လိုဆက်လုပ်ကြမလဲ။

ဖြေ ။ ။ တပ်မတော်ဖက်က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကြေညာပေးဖို့ အနှစ်(၆၀)လုံး လက်မခံခဲ့လို့၊ တနည်း အားဖြင့် တပ်မတော်အစိုးရအဆက်ဆက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးဆွေးနွေးဖို့ နိုင်ငံရေးသဘောထားမရှိခဲ့လို့ဖြစ်စေ၊ တိုင်းရင်းသားတွေအပေါ် ယုံကြည်မှုနည်းခဲ့လို့ဖြစ်စေ၊ မြန်မာနိုင်ငံမှာ စစ်သက်ရှည်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ သမ္မတဉီးသိန်းစိန်လက်ထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး တွေ့ဆုံဆွေးနွေးဖို့၊ လမ်းစပေါ်လာတယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေဖက်က သမိုင်းအဆက်ဆက် အတွေ့အကြုံတွေအရ နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်း အခိုင်အမာ ပွင့်လာအောင် NCA စာချုပ်ကို မရရအောင် ဆွဲယူခဲ့ကြတာဖြစ်ပါတယ်။ ဒီအခြေအနေမှာ တပ်မတော်ဖက်က စစ်တိုင်းဒေသအလိုက် ကာလအကန့်အသတ်နဲ့ အပစ်ရပ်ပေးတာကလွဲရင် တနိုင်ငံလုံး အပစ် ရပ်ကြေညာပေးဖို့ မျှော်လင့်ချက်က နည်းပါတယ်။ သို့သော်လည်း ဒီလိုအခြေအနေမှာ တပ်မတော်ဖက်က အများ မမျှော်လင့်ထားတဲ့ နိုင်ငံရေးအရ အမြော်အမြင်ကြီးမှုကို ပြသနိုင်မယ်ဆိုရင်လည်း ဒါဟာတိုင်းပြည်အနာ ဂတ်အတွက် အကောင်းဆုံးလုပ်ရပ်တစ်ခုဖြစ်သွားနိုင်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ဖို့အတွက်လည်း အကြီးမားဆုံးတွန်းအားတစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။ တဖက်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေဖက်က သူလုပ်ပေးမှရမယ့်၊ ကိုယ်မလုပ်နိုင်တဲ့အလုပ်ကို တောင်းဆိုနေမယ့်အစား ကိုယ့်ဖက်က ဘာလုပ်နိုင်မလဲဆိုတာကိုလည်း စဉ်းစားပြီး လုပ်ဆောင်ဖို့လည်းလိုအပ်မယ် ထင်ပါတယ်။ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေးလမ်းကြောင်းကို ယုံကြည်မှုရှိကြောင်း ပြသဖို့ အရေးကြီးသလို လူထုကို စစ်ပွဲဘေးအန္တရာယ်က အကာအကွယ်ပေးရေးကိုလည်း အလေးထားရပါမယ်။ ကျမတို့အနေနဲ့တော့ လတ်တလောမှာ အနာဂတ်ဒီမိုက ရက်တစ် ဖက်ဒရယ်ပြည်ထောင်စုအတွက် တနိုင်ငံလုံးအရေးကို ဉီးတည်ပြီး အခြေခံကျတဲ့ နိုင်ငံရေးဆွေးနွေးပွဲ တံခါးပိတ်မသွားအောင် အားစိုက်ရပ်ခံထားတာလောက်ပဲ လုပ်နိုင်ပါတယ်။ ဖက်ဒရယ်အုတ်မြစ်နဲ့ ဒီမိုကရေစီ အုတ်မြစ် ဟန်ချက်ညီညီနဲ့ ချမှတ်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတံခါးလည်း ပြန်ပိတ်မသွားအောင် ကိုယ်စွမ်းဉာဏ် စွမ်း ရှိသလောက် အားထုတ်နေကြပါတယ်လို့ပဲ ပြောပါရစေ။

မော်ဦးမြာ(ကန္တာရဝတီတိုင်းမ်)-မေးမြန်းသည်။