29 March 2024 /

See today's Peace Related News

“ဆမီးနဲ့ ပလက်ဝအကြားလမ်းပေါ်မှာ ယာဉ်တန်းဟာ လက်နက်ငယ်များနဲ့ အပစ်ခံခဲ့ရပါတယ်။ ယာဉ်အကူတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ယာဉ်ငါးစီးအနက် သုံးစီးထိမှန်ခဲ့ပါတယ်”

ကိုထက်ဦးလင်း (WFP- မြန်မာ)

ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် (WFP- မြန်မာ)၏ ဆက်ဆံရေးအရာရှိနှင့် ဆက်သွယ်မေးမြန်းခြင်း

၅ မေ ၂၀၂၀။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေ) အကြား စစ်ရေးပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လဆန်းပို်င်းကစလို့ ပလက်၀မြို့နယ်ဟာ ရခိုင်ပြည်နယ်နဲ့ ဆက်သွယ်သော ရေလမ်း/ကုန်လမ်းတွေ ပြတ်တောက်သွားခဲ့ပြီး ကုန်စည်စီးဆင်းမှုဘာတစ်ခုမှမရှိတော့တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေသာမက မြို့ခံလူထုတွေပါ စားနပ်ရိက္ခာပြတ်လပ်တဲ့အခြေအနေနဲ့ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ စစ်ရေးပဋိပက္ခတွေကြောင့် ပလက်၀မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူ ၄၀၀၀ နီးပါးကို ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်( WFP) ကနေ ပြီးခဲ့တဲ့ရက်ပိုင်းက လုံခြုံရေးအခက်အခဲတွေကြားထဲကနေ ရိက္ခာဆန်တွေ ပလက်၀မြို့အထိ သွားရောက်ထောက်ပံ့ပေးနိုင်ခဲ့ကြပါတယ်။

ယခုလက်ရှိ ပလက်၀မြို့မှာရှိနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့အခြေအနေကဘယ်လိုရှိပါသလဲ၊ ပလက်၀မြို့ရဲ့ စားနပ်ရိက္ခာပြတ်လပ်မှုက ဘယ်လောက်ထိအခြေအနေဆိုးနေပါသလဲ၊ တကယ်လို စစ်ရေးပဋိပက္ခတွေဒီထက်အရှိန်မြင့်လာရင် ပလက်၀ရဲ့အခြေအနေဘယ်လိုဖြစ်သွားနိုင်ပါသလဲ ဒီကိစ္စနှင့်ပတ်သက်ပြီး WFP- မြန်မာရဲ့ ဆက်သွယ်ဆက်ဆံရေးအရာရှိ ကိုထက်ဦးလင်းကို ဆက်သွယ်မေး မြန်းထားပါတယ်။

မေး။ ။ ချင်းပြည်နယ် ပလက်၀မြို့က စစ်ဘေးရှောင်ပြည်သူတွေအတွက် WFP ကနေ ထောက်ပံ့တဲ့အထောက်အပံ့ပစ္စည်းတွေ ပလက်၀မြို့ကိုရောက်သွားပြီလို့ မေလ (၃) ရက်နေ့က ထုတ်ပြန်တာတွေ့ရပါတယ်။ အဲဒီအထောက်ပံ့ပစ္စည်းတွေ ဘာတွေဘာလဲ။ ဘယ်နေ့ကရောက်သွားတာပါလဲ။

ဖြေ။ ။ စားနပ်ရိက္ခာအထောက်အပံ့တွေကို မေလ (၂) ရက်နေ့မှာ ပလက်ဝမြို့ဆီ အရောက်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ WFP အနေနဲ့ပလက်ဝမြို့ကို စားနပ်ရိက္ခာအထောက်အပံ့တွေပေးပို့တာ ဒီတစ်ခေါက်ဟာ ပထမဦးဆုံးတော့မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ်နှောင်းမှာလည်း အရေးပေါ်စားနပ်ရိက္ခာ လိုအပ်ချက်တွေရှိလာတာ‌ ကြောင့် အထောက်အပံ့တွေပေးပို့ခဲ့ဖူးပါတယ်။ WFP အနေနဲ့ဆန်အိတ် တစ်ထောင်ပို့ဆောင်ထောက်ပံ့နိုင်ခဲ့တာဖြစ်ပါတယ်။ ဆန်သီးသန့်တင်မဟုတ်ပဲ ငွေသားအထောက်အပံ့နဲ့အတူ တွဲဖက်ထောက်ပံ့ပေးအပ်တာပါ။ WFP က ထောက်ပံ့ပေးအပ်တဲ့ ဆန်ရိက္ခာနဲ့ငွေသားဟာ စားနပ်ရိက္ခာအခက်အခဲအရှိဆုံး လူဦးရေ ၃,၇၀၀ အတွက် တစ်လစာစားနပ်ရိက္ခာလုံလောက်စေဖို့ရည်ရွယ်ပါတယ်။

မေး။ ။ အဲဒီအထောက်အပံ့တွေ ပလက်၀မှာပို့တဲ့အချိန်မှာဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ကြရလဲ။ သေနတ်နဲ့လည်း ပစ်ခတ်ခံခဲ့ရတယ်လို့လည်း သိရတယ်။

ဖြေ။ ။ WFP ယာဉ်တန်းအနေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း‌ကနေတဆင့် ဆမီးမြို့၊ ဆမီးမြို့ကနေတဆင့် ပလက်ဝမြို့ဆိုပြီးတော့ ခရီးစဉ်ရေးဆွဲပြီး အ‌ထောက်အပံ့တွေပို့ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ လမ်းတစ်လျှောက်မှာ WFP က ဌားရမ်းစီစဉ်ထားတဲ့ ယာဉ်တန်းဟာ အခက်အခဲအမျိုးမျိုးကြုံတွေ့ခဲ့ရပါတယ်။ မိုးသည်းထန်ပြီးရွာတာကြောင့် လမ်းတွေမကောင်းလို့ ခက်ခက်ခဲခဲသွားခဲ့ရသလို၊ ဆမီးနဲ့ ပလက်ဝအကြားလမ်းပေါ်မှာ ယာဉ်တန်းဟာ လက်နက်ငယ်များနဲ့ အပစ်ခံခဲ့ရပါတယ်။ ယာဉ်အကူတစ်ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး၊ ယာဉ်ငါးစီးအနက် သုံးစီးထိမှန်ခဲ့ပါတယ်။ ဒါပေမယ့် လမ်းခရီးဆက်နိုင်ခဲ့ပြီး ပလက်ဝမြို့ဆီ ရေလမ်းကနေတစ်ဆင့် အထောက်အပံ့တွေကို အရောက်ပို့နိုင်ခဲ့ပါတယ်။

မေး။ ။ ပလက်၀မြို့နယ်ရဲ့ ရိက္ခာပြတ်လပ်မှုအခြေအနေက ဘယ်လောက်ထိ ဆိုးဆိုးဝါးဝါးဖြစ်နေလဲ။

ဖြေ။ ။ ပလက်ဝ‌ဒေသမှာ စစ်ရေးပဋိပက္ခအခြေအနေပိုပြီးပြင်းထန်လာတာနဲ့အတူ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်သွားတာ လအတန်ကြာရှိနေပါပြီ။ ဒီလိုပြတ်တောက်သွားတာကြောင့် ဒေသတွင်း စားနပ်ရိက္ခာတွေ တဖြည်းဖြည်း ပြတ်လပ်လာသလို ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာတာ ကျွန်တော်တို့ လေ့လာသိရှိရပါတယ်။ တစ်ချိန်တည်းမှာလည်း စစ်ဘေးရှောင်ဦးရေလည်းတိုးလာတော့စားနပ်ရိက္ခာအခက်အခဲဟာ ပိုလို့တောင်ကြီးမားလာပါတယ်။ မိသားစုအတော်များများဟာ ရှိတာလေးနဲ့ ခက်ခက်ခဲခဲမျှတစားသောက်နေရသလို တချို့ဆိုရနိုင်သမျှသစ်ဥသစ်ဖုတွေကို ရှာဖွေစားသောက်ကြရပါတယ်။ ကိုယ်ပိုင် တောင်ယာသုံးကျွဲနွားရှိတဲ့ မိသားစုတွေကလည်း လုပ်ငန်းအတွက်မသုံးနိုင်တော့ပဲ ရောင်းချလိုက်ရတဲ့သူ၊ စားသုံးလိုက်ရတဲ့သူတွေလည်းရှိပါတယ်။ အခုလိုအခြေအနေဟာ ရေရှည် စိုက်ပျိုးရေးအထွက်နှုန်းကိုပါ တိုက်ရိုက်ထိခိုက်စေတာမို့စိတ်ပူရမယ့်အခြေအနေပါ။

မေး။ ။ ပလက်၀မြို့နယ်ပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေရဲ့ အဓိကလိုအပ်ချက်က ဘာတွေလဲ။

ဖြေ။ ။ ငတ်မွတ်ခေါင်းပါရေးကို ကမ္ဘာ့အနှံ့အဆုံးသတ်ဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်းအနေနဲ့ WFP ဟာ ပလက်ဝ‌ဒေသမှာ အဓိကအားဖြင့် စားနပ်ရိက္ခာပြတ်လပ်မှုဆက်ပြီးမတွေ့ကြုံရဖို့အရေးကြီးတယ်လို့မြင်ပါတယ်။ စားနပ်ရိက္ခာပြတ်လပ်မှုဟာ ရေရှည်ဖြစ်လာရင် အာဟာရချို့တဲ့မှုတွေပါတိုးများလာမယ့်အပြင် အခြားကဏ္႑တွေကိုပါ တစ်ဆင့်ပြီးတစ်ဆင့် ထိခိုက်လာမှာဖြစ်ပါတယ်။

မေး။ ။ ပလက်၀မြို့နယ် စားနပ်ရိက္ခာပြတ်လပ်မှုကိစ္စကို ဘယ်လိုနည်းလမ်းတွေနဲ့ဖြေရှင်းသင့်ပါသလဲ။

ဖြေ။ ။ လက်ရှိအချိန်မှာ အရေးပေါ်လိုအပ်တာကတော့ ဒေသပြန်လည်တည်ငြိမ်သွားပြီး ကုန်သွယ်ရေးနဲ့ ထောက်ပံ့‌ရေးလမ်းကြောင်းတွေ ပြန်ပွင့်သွားဖို့လို့မြင်ပါတယ်။ စားနပ်ရိက္ခာအခက်အခဲရေရှည်မဖြစ်အောင်WFP အနေနဲ့ လိုအပ်ချက်ရှိနေသမျှ ဆက်လက်ထောက်ပံ့သွားနိုင်ဖို့ကြိုးစားနေပါတယ်။

မေး။ ။ ပလက်၀စစ်ဘေးရှောင်တွေအတွက် WFP အနေနဲ့ ဘာတွေဆက်လုပ်ဖို့ရှိလဲ။

‌‌ဖြေ။ ။ ဒေသအတွင်းမှာ စားနပ်ရိက္ခာပြတ်လပ်မှုရှိနေသေးရွေ့ WFP က ဆက်ပြီးအကူအညီအထောက်အပံ့တွေပေးနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ စားနပ်ရိက္ခာအခက်အခဲနဲ့အတူ ဖွားတော်ဖက်ဖြစ်တဲ့ အဟာရချို့တဲ့မှုကို ကာကွယ်နိုင်ဖို့၊ တွန်းလှန်နိုင်ဖို့အာဟာရအ‌ထောက်အပံ့တွေကိုလဲ လိုအပ်ချက်နဲ့အညီ အထူးသဖြင့် ကလေးငယ်တွေနဲ့ ကလေးမိခင်တွေအတွက် ထောက်ပံ့သွားဖို့ရှိပါတယ်။ WFP ဟာပလက်ဝ‌ဒေသမှာပဲမဟုတ်ဘဲ ချင်းပြည်နယ်တစ်ခုလုံး စားနပ်ရိက္ခာမဖူလုံတဲ့ ‌ဒေသတွေမှာ အာဟာရအထောက်အပံ့တွေ၊ ကျောင်းတွင်းအာဟာရကျွေးမွေးတဲ့အစီအစဉ်တွေ၊ လမ်း၊ တံတား၊ တောင်ယာစိုက်ခင်းစတဲ့ လူထုပိုင် အခြေခံအဆောက်အဦးအသေးစားတွေ တည်ဆောက်တဲ့ လုပ်ငန်းအကူအညီတွေကို တိုးချဲ့ပေးအပ်သွားဖို့ ကြိုးစားနေတာပါ။ ဒီလိုအထောက်အပံ့လုပ်ငန်းတွေကို ကချင်၊ ရှမ်းနဲ့ ရခိုင်ပြည်နယ်တွေအပါအဝင် မြန်မာနိုင်ငံရဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ် (၁၂) ခုမှာ ဆောင်ရွက်ပေးအပ်နေပါတယ်။

ခိုနူမ်းသုန် – ပေးပို့သည်။