တပ်မဟာ (၆) နယ်မြေအတွင်း စစ်ကောင်စီတပ်များ လှုပ်ရှားမှုရှိနေကြောင်း KNU ထုတ်ပြန်

0
360

ဧပြီ ၆ ရက်၊ ၂၀၂၁ခုနှစ်။

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၆) နယ်မြေအတွင်းသို့ စစ်ကောင်စီ လက်အောက်ခံ တပ်များ ယမန်နေ့ ညပိုင်းလောက်ကစ၍ ဝင်ရောက် လှုပ်ရှားမှုများ ပြုနေကြောင်း KNU သတင်းပြန်ကြားရေး၏ သူးလေ သတင်းစဉ်က ယနေ့ ဧပြီလ ၆ရက်တွင် ထုတ်ပြန်ထားသည်။

KNU တပ်မဟာ (၆)၏ တပ်ရင်း (၁၆) နယ်မြေအတွင်းသို့ ယမန်နေ့ ဧပြီလ ၅ ရက်နေ့ ည(၇)နာရီ ခွဲ ဝန်းကျင် လောက်က လေးဖထောကျေးရွာ၊ ဘုရားတောင် ယာယီ တပ်စခန်း ခြေလျင်တပ်ရင်း(ခလရ-၂၈၄)တပ်ရင်းမှ ဗိုလ်မှူးမျိုးထိုက်နောင် ဦးစီးသည့်စစ်ကောင်စီတပ်များသည် ဘုရားသုံးဆူမြို့နယ်၊ နဂါးတောင်ရှိ လက်နက်ကြီး များကို သွားရောက်ယူခဲ့ ကြောင်း KNU က ဆိုသည်။

ထို့နောက် ဗိုလ်မှူး မျိုးထိုက်နောင် နှင့် နယ်ခြားစောင့်တပ်(BGF)မှ ဗိုလ်မှူး မန်းဝင်ယုံ ဦးဆောင်သည့် ခန့်မှန်း အင်အား ၄၅ဦး ကျော်ရှိသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် အရပ်သားသုံး မှန်လုံကား (၃) စီးဖြင့် ယမန်နေ့ည ၁၀နာရီ ကျော်အချိန်တွင် တံခွန်တိုင် ကျေးရွာ ရဲစခန်းတွင် အင်အားဖြည့်စွက်ပြီး စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် နေသည်ဟု KNU က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီ တပ်များ ကျေးရွာအတွင်းသို့ ယမန်နေ့ ညပိုင်းက ဝင်ရောက်လာကြောင်း နှင့် ဒေသခံများ စိုးရိမ်းမှုများ ရှိနေကြောင်း ကို ဒေသခံ တစ်ဦးက ယခုလို အတည်ပြုပြောဆိုသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ညကရောက်လာကြတယ်။ သုံးဖွဲ့ခွဲပြီးတော့ လမ်းလျှောက်လာကြတာ။ ပစ္စည်းတွေကျတော့ ကားပေါ်တင်လာတယ်။ သိရသလောက်တော့ သူတို့က တံခွန်တိုင် ရဲစခန်းကို လာပြီး ကာကွယ်ပေးတယ်ဆိုလားမသိဘူး။ KNUဘက်ကလည်း အဲ့ရဲစခန်းကို အပြင်မထွက်ဖို့ သတိပေးထားတာလည်း ရှိတယ်။ နောက်ပြီး ဒီမှာ ဆန္ဒပြတာ ရှိ မရှိ လာစစ်တာလည်း ဖြစ်မယ်ထင်တယ်။ ရွာထဲကလူတွေတော့ အပြင် သိပ်မထွက်ရဲကြတော့ဘူး” ဟု ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် လတွင်လည်း နယ်မြေကျော်လွန်ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို KNU တပ်မဟာ (၆) လက်အောက်ခံ တပ်ဖွဲ့ဝင်များမှ ပစ်ခတ်တိုက်ခိုက်လိုက်ခြင်းကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့ ထိခိုက် သေဆုံးမှု ရှိခဲ့သေးသည်။

KNU အနေဖြင့် အပစ်ရပ်သဘောတူစာချုပ် NCA ကို သဘောတူလက်မှတ်ရေးထိုးထားသော်လည်း လက်ရှိ စစ်ကောင်စီ၏ အာဏာသိမ်းယူမှုအပေါ် လက်မခံကြောင်း ပြောဆိုထားသလို ပြီးခဲ့သည့် လကစ၍ KNU တပ်မဟာ(၅)၊ တပ်မဟာ(၃) နှင့် တပ်မဟာ (၁) နယ်မြေများတွင် နှစ်ဖက်တပ်များ ပစ်ခတ်တိုက်ခိုက်မှုများ စတင်ဖြစ်ပေါ်ခဲ့သည်။

နှစ်ဖက်တပ်အကြား ပစ်ခတ် တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှတိုက်လေယာဉ်များအသုံးပြု၍ ဗုံးကြဲတိုက် ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများရှိခဲ့သလို သောင်းနှင့်ချီသည့် ဒေသခံများ အိုးအိမ် စွန့်ခွာ၍ ဘေးလွှတ်ရာသို့ ယနေ့အချိန်အထိ တိမ်းရှောင်နေကြရပြီး အရေးပေါ် ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်းလည်း ကရင်အရပ်ဖက်အဖွဲ့များက ဆိုထားသည်။

စအိုင်ဆူး(KIC)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here