KNU နှင့် စစ်ကောင်စီတပ် နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံတစ်ဦး သေဆုံး၊ တစ်ဦးဒဏ်ရာရရှိပြီး ထွက်ပြေးတိမ်း‌ရှောင်သူများ ရှိနေ

0
269

ဧပြီ ၇ရက်၊ ၂၀၂၁ခုနှစ်။

ယမန်နေ့ညပိုင်းက ဖြစ်ပွားခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၆)လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲကြောင့် ဒေသခံ ထိခိုက်သေဆုံးရမှုနှင့် ထွက်ပြေးတိမ်းရှောင်ရမှုများ ရှိနေကြောင်း KNU က ယနေ့ ထုတ်ပြန်ထားသည်။

KNUတပ်မဟာ(၆)၊ ဝင်းရေးမြို့နယ်၊မာန်အောင်ရွာ အနီး ယမန်နေ့ညက နာရီဝက်အကြာ နှစ်ဖက်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးဒေသခံ အရပ်သားတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ကျန်ရွာသားတစ်ဦး၏ ပေါင်ကို ကျည်ထိမှန် ခဲ့ကြောင်းနှင့် တိုက်ပွဲ ကြောင့် ရွာသားတချို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု KNU ဒူးပလာခရိုင်၏ ထုတ်ပြန်မှုကို သူးလေးသတင်းစဉ်၌ ပြန်လည်ဖော်ပြထားမှုအရ သိရသည်။

အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ ခြေလျင်တပ်ရင်း(ခလရ-၂၈၃)နှင့် KNLAတပ်ဖွဲ့ဝင်အကြား ဖြစ်ပွား ခဲ့သည့် အဆိုပါပစ်ခတ်မှုတွင် စစ်တပ်ဘက်မှ ဒေသခံရွာသားများကို ပစ်ခတ်ခြင်းနှင့် ရွာသားများကို အကာအကွယ်ပြု၍ တိုက်ခိုက်ခဲ့မှုကြောင့် KNLA ၏ ကျေးရွာလုံခြုံရေး တပ်စခန်း တစ်ခုကို စွန့်ခွာ ပေးခဲ့ရသည် ဟုလည်း ဆက်လက်ဖော်ပြထားသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဒေသခံ ရွာသားတစ်ဦးကို နီးစပ်ရာ ဆေးရုံသို့ပိုဆောင်ပေးထားကြောင်း နှင့် သေဆုံးသွားသူတစ်ဦးမှာလည်း​ ဒေသခံမဟုတ်သည့် ရပ်ဝေးမှ လာရောက် အလုပ်လုပ်ကိုင်နေသူ တစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။

လတ်တလောတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေအတွင်းရှိ ဝင်ရေး၊ နို့တကော၊ ကော့ကရိတ် နှင့် ကျုံဒိုးမြို့နယ်အသီးသီးတို့တွင် စစ်ရေးလှုပ်ရှားမှုများ သိသိသာသာ တိုးမြှင့် လုပ်ဆောင်လာနေကြောင်းနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည်ကိုလည်း ဒေသခံ ပြည်သူများမှ စိုးရိမ် နေကြ ကြောင်း KNUဘက်က ဆိုသည်။

ယမန်နေ့ည ၆ နာရီ မိနစ် ၄၀ ဝန်းကျင်ခန့်တွင် KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအကြား ဝင်းရေးမြို့နယ်( မွန်ပြည်နယ်၊ရေးမြို့နယ်)၊ မာန်အောင်ရွာ အနီး တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ယမန်နေ့ ညက KNU ဘက်က သတင်းထုတ်ပြန်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ နောက်ဆုံးအခြေအနေကို ဆက်လက်ဖော်ပြထား ခြင်းဖြစ်သည်။

စအိုင်ဆူး (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here