29 March 2024 /

See today's Peace Related News

TNLA ၊ SSPP နှင့် RCSSတို့အကြား တိုက်ပွဲကြောင့် နမ္မတူမြို့နယ်အတွင်း ဒေသခံ ၅၀၀ကျော် စစ်ဘေးရှောင်နေရ

၇ ဧပြီ ၂၀၂၁

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်း ဧပြီလ ၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် တိုင်းရင်းသား လက်နက် ကိုင် အချင်းချင်းကြားက တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရသည်ဟု ဒေသခံများနှင့် အကူအညီပေးနေသူများက ပြောသည်။

နမ္မတူမြို့နယ်အတွင်းရှိ မန်လီကျေးရွာတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တအန်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ပူးပေါင်း တပ်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရွာသားများ သီပေါမြို့သို့ စစ်ဘေးတိန်းရှောင်နေရခြင်း ဖြစ်သည် ဟု ပြောသည်။

နမ္မတူ ဒေသခံတစ်ဦး က “အထူးသဖြင့် ဖြစ်နေတာက TNLA ရယ်၊ SSPP ပူးပေါင်းတပ်ဖွဲ့နဲ့ RCSS တို့ဖြစ်နေ တာ။ ဒါကတော့ မန်လီမှာ ဖြစ်ပျက်နေတဲ့ဟာပေါ့။ ၆ ရက်နေ့ ဖြစ်တယ် နေ့ လယ် ၁၂ နာရီလောက် စဖြစ် တယ်။ ရွာသားတွေက သီပေါကို ထွက်ပြေးတယ်။ ဘာလို့ သီပေါဘက်ကို ထွက် ပြေးရလဲဆိုရင် RCSS က ရွာ ထဲဝင်လာ ပြီးတော့မှ သူတို့က သေနတ်တွေနဲ့ ပစ်တော့ ရွာသားတွေက မနေရဲတော့ဘူး။ မနေရဲတော့ သီပေါ ထွက်ပြေးသွားတာ” ဟု ပြောသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲကြောင့် မန်လီကျေးရွာမှ နေအိမ် သုံးလုံးထက်မနည်း မီးလောင်ခဲ့ သည်ဟု ဒေသခံရွာသားများက ပြောဆိုနေကြသော်လည်း လက်ရှိအချိန်ထိ အတိအကျသိရှိနိုင်ရေး မည်သူမျှ ကျေးရွာထဲသို့ သွားမကြည့်ရဲသေးဘူးဟု အဆိုပါ နမ္မတူ ဒေသခံ က ဆက်ပြောသည်။

“ဒီနေ့က မန်လီမှာက မီးလောင်တဲ့အိမ် အတိအကျ ဘယ်သူမှ မသိရသေးဘူး။ တိုက်ပွဲက အခုချိန်ထိ သေနတ်သံ ထွက်နေတုန်းပဲဆိုတော့။ ဘယ်သူမှလည်း သွားသွားလာလာမလုပ်ရဲဘူး။ ဘယ်သူမှလည်း ရွာထဲမှာ ဝင်ပြီးတော့ မှ မကြည့်ရဲသေးဘူး။”

နမ္မတူမြို့နယ် မန်လီကျေးရွာမှ သီပေါမြို့သို့ စစ်ဘေးတိမ်းရှောင်လာကြသူများကို ယခုခါ သီပေါမြို့ရှိ ရေဟော် ဘုန်းတော်ကြီးကျောင်းနှင့် စားသုံးသူရေးရာဂိုဒေါင်တွင် နေရာစီစဉ်ထားပေးသည်ဟု သီပေါမြို့က လူမှုကူညီရေး အသင်းက တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“သီပေါရောက်တော့ စားသုံးသူရေးရာဂိုဒေါင်မှာရယ်၊ နောက်ရေဟော်ကျောင်းမှာရယ်ပေါ့နော်။ နှစ်နေရာ သူ တို့ စီစဉ် ပေးကြတာပေါ့။ ရေဟော်မှာတော့ လူဦးရေ ၃၀၇ ဦးတဲ့။ ကျားက ၁၆၅၊ မ က ၁၄၀ ကျော်ပေါ့နော်။ အိမ် ထောင်စု ၉၁ စုပေါ့၊ အကြမ်းဖျင်းပေါ့။ ဟိုဘက်မှာက (စားသုံးသူရေးရာဂိုဒေါင်) မှာက ၂၄၂ လားမသိဘူး လူဦး ရေက။ အဲ့ဘက်ကျတော့ စာရင်းတော့ မရသေးဘူး။ အခုလာတဲ့ရွာက မန်လီရွာပေါ့နော်။ ပန်လုံကတော့ ပန်လုံ မှာပဲရှိနေတယ်။ ဒီနေ့သီပေါကို ရှောင်လာတာက မန်လီရွာကပေါ့။ အားလုံးပေါင်းဆိုရင် ၅၀၀ ကျော် ကျော်လေး ရှိပြီပေါ့။”

စစ်ရှောင်ပြည်သူများ စားဝတ်နေရေးအတွက် သီပေါမြို့ခံများ၊ ရပ်မိရပ်ဖများ၊ သီပေါမြို့က လူမှုကူညီရေး အသင်းအချို့နှင့် အလှူရှင်အချို့က ကူညီပံ့ပိုးပေးထားသော်လည်း ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုနှင့် အမျိုး သမီးသုံးပစ္စည်းများ လိုအပ်နေဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“သူတို့အတွက် အဓိကက စားသောက်ကုန်ပေါ့၊ ကျနော်တို့ ဒီနေ့တော့ အတတ်နိုင်ဆုံး ဆန်၊ ဆီ၊ ဆား ဟင်းချက်
စရာလေးပေါ့၊ စားသောက်ကုန်တော့ လောလောဆယ် စီစဉ်ပေးထားတာပေါ့။ အဓိက လိုအပ်နေတာက စား သောက်ပိုင်းပေါ့နော်၊ နောက်တစ်ခုက ကျန်းမာရေးပိုင်းပေါ့။ ပြီးရင် အမျိုးသမီးတွေ သုံးနေတဲ့ပစ္စည်းတွေ အဲ့ ဟာတွေလည်း လိုအပ်နေသေးတယ်။”

တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ နှစ်ဖက်တပ်များအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ် ၍ မရခဲ့ပေ။
မန်လီကျေးရွာအပြင် ပန်လုံကျေးရွာအတွင်း တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းကြား ဖြစ်ပွားခဲ့သည့် တိုက် ပွဲများ၊ ပစ်ခတ်မှုများကြောင့် ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွာနေရပြီး ပန်လုံကျေးရွာမှ နေအိမ် ၂၈ လုံး လည်း မီးလောင်ပျက်စီးခဲ့ရသည်ဟု ဒေသခံများ က ပြောသည်။

အားမီ(NMG)-ပေးပို့သည်။