KNU နယ်မြေအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်များအပြင် အထက်တန်းကျောင်းတစ်ကျောင်းပါ ထိခိုက်ပျက်စီး

0
217

ဧပြီလ ၇ ရက်၊ ၂၀၂၁ခုနှစ်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းကစ၍ ဧပြီလဆန်းပိုင်းအထိ စစ်ကောင်စီ၏ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅) အပေါ် လေကြောင်းတိုက်ခိုက်မှုတွင် လူနေအိမ်များအပြင် အထက်တန်းကျောင်းတစ်လုံး ပါဝင် ထိခိုက်ပျက်စီးသွားသည့် ပုံရိပ်များ ယမန်နေ့ ဧပြီလ ၆ ရက်နေ့က လူမှုကွန်ယက် သတင်းစာမျက်နှာပေါ်တွင် ပျံ့နှံ့ပေါ် ထွက်လာ ခဲ့သည်။

KNU တပ်မဟာ(၅)၏ ခရိုင်ဌာနချုပ်ဖြစ်သည့် ဒေပူးနို ကျေးရွာအတွင်း တည်ဆောက်ထားသည့် ဒေပူးနို အထက်တန်းကျောင်းမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျည်စ နှင့် ဗုံးစ ထိမှန်ပျက်စီးသွား သည့် ဓါတ်ပုံများနှင့် ရုပ်သံများ ယမန်နေ့ မတ်လ ၆ ရက်နေ့က ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထိခိုက်ပျက်စီးမှုကို ကိုယ်တိုင်သွားရောက် ရိုက်ကူးခဲ့သည့် ရုပ်သံတစ်ခုကို Wah Fish Paste ၏ facebook နှင့် Youtube စာမျက်နှာတွင် တင်ပြထားပြီး စာသင်ကျောင်းတစ်ခုလုံး၏ ပျက်စီးမှု အတိုင်းအတာ များနှင့် ပျက်စီးရသည့် အကြောင်းအရာများကို ပြောဆို တင်ပြထားကြောင်းတွေ့ရသည်။

ကိုယ်တိုင်ရိုက်ယူခဲ့သူ မူလရုပ်သံပိုင်ရှင်က ၎င်း၏ ရုပ်သံတွင် “သူတို့(စစ်တပ်)က ကျောင်းကို တည့်တည့်ပဲ ပစ်ချသွားတာပဲ။ ရိက္ခာပစ္စည်းတွေ သင်ထောက်ကူပစ္စည်းထားတဲ့ နေရာတစ်ခုလုံး ရစရာမရှိတော့ဘူး။ အမိုးတစ်ခု လုံးလဲ ပွင့်ထွက်သွားတာပဲ။ ဒါက စစ်တပ်ကနေ ကျောင်းကို လေကြောင်းကနေ လက်နက်ကြီးနဲ့ ပစ်ချ သွားတာ။” ဟု ရုပ်သံရိုက်ယူရင်းပြောဆိုသွားခဲ့သည်။

၎င်းရုပ်သံအရ ကျောင်းတစ်ခုလုံးအနေဖြင့် လက်နက်ကြီးကျရောက် ပေါက်ကွဲထားမှုကြောင်း လုံးဝနီးပါ ပျက်စီးနေပြီး လေယာဉ်ပေါ်မှ စက်သေနတ်အကြီးစားများဖြင့် ပစ်ခတ်ထားသည့် အရာများ၊ ကျောင်းခန်း အတွင်းရှိ သင်ထောက်ကူ ပ္စည်းများအားလုံးနီးပါး ပျက်စီးသွားမှုများအပြင် ကျောင်းပတ်ဝန်းကျင်ရှိ အိမ်သာများ၊ ရေသိုလှောင်ကန်များ နှင့် နေအိမ်များ အားလုံး ထိခိုက်ပျက်စီးမှုမြင်ကွင်းများကို တွေ့ရသည်။

၎င်း စာသင်ကျောင်းအပေါ် ပစ်မှတ်ထား တိုက်ခိုက်ချိန်တွင် ကျောင်းသူ၊ကျောင်းသားများ လစ်လပ်နေချိန်ဖြစ် သောကြောင့် ထိခိုက်မှုမရှိသော်လည်း ယခုလို လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံး နှင့် ဘာသာရေး အဆောက် အအုံများကိုပစ်မှတ်ထား တိုက်ခိုက်မှုမှာ International Humanitarian Lawကို ကျူးလွန်မှုမြောက်ကြောင်း လူ့အခွင့်အရေး အဖွဲ့များက ဆိုသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ဒါရိုက်တာ နော်ထူးထူး က “လူ့အခွင့်အရေး ရှု့ထောက်ကနေ ကြည့်ရင် ဒါက တကယ့် နိုင်ငံတကာရာဇဝတ်မှုကို ကျူးလွန်တာပါပဲ။ ဘာဖြစ်လဲဆိုတော့ စစ်သားတွေက စစ်ဖြစ်တဲ့ အချိန်မှာ ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်လို့မရဘူး၊ ဆေးရုံးတွေကို ပစ်မှတ်ထားလို့မရဘူး၊ဘာသာရေး အဆောက် အအုံတွေကို ပစ်မှတ်ထားလို့မရဘူး။ ဒီလိုမျိုး ပစ်ခတ်တာက နိုင်ငံတကာတရားရုံးတွေ တင်တဲ့ အခါ က ဒါက လုံးဝသက်သေတွေ ဖြစ်လာမှာပါ။ ဒါကလည်း International Humanitarian Law မြောက်ပါတယ်” ဟု ကေအိုင်စီသို့ပြော သည်။

ထို့အပြင် KHRG အနေဖြင့် ၎င်းလိုမျိုး ထိခိုက် ပျက်စီးမှု အချက်အလက် မှတ်တမ်းများကို စုဆောင်းမှုများ ပြုလုပ်နေပြီး သက်ဆိုင်ရာ တရားရုံးတင်မည့်အဖွဲ့အစည်းများကို သက်သေများအဖြင့် တင်ပြနိုင်ရန် ပို့ဆောင် ပေး နေကြောင်းလည်း နော်ထူးထူးက ကဆက်ပြောသည်။

အလားတူ ဧပြီလ ၅ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် Free Burma Ranger ၏ ထုတ်ပြန်ချက်အရ လေကြောင်း တိုက်ခိုက်ခံရမှု ကြောင့် ကရင်ပြည်နယ်အတွင်း ဒေသခံ အရပ်သား ၂သောင်း ထွက်ပြေး ပုန်းအောင်းနေရပြီး အရပ်သား ထိခိုက်သေဆုံးမှုများဖြစ်ပေါ်စေသည့် မြေပြင် ထိုစစ်ဆင်မှုများလည်း ဆက်လက် ပြုလုပ်နေကြောင်း ထုတ်ပြန်ထားသည်။

စအိုင်ဆူး (KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here