ကရင်ပြည်နယ် မြောက်ပိုင်းဒေသများအတွင်း လေကြောင်းအပါအဝင် မြေပြင်ထိုးစစ်ဆင်မှုများ ဆက်တိုက် ပြုလုပ်နေကြောင်း FBR ထုတ်ပြန်

0
378

ဧပြီလ ၇ ရက်၊ ၂၀၂၁ခုနှစ်။

ဧပြီလ ၁ရက်နေ့မှစ၍ တစ်လတာအပစ်အခတ်ရပ်စဲထားကြောင်း အကြမ်းဖက် စစ်ကောင်စီမှ ထုတ်ပြန်ကြေ ညာထားသော်လည်း ကရင်ပြည်နယ် မြောက်ပိုင်းဒေသများတွင် လေကြောင်းအပြင် မြေပြင် ထိုးစစ်ဆင် တိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေကြောင်း ဧပြီလ ၅ ရက်နေ့ ရက်စွဲဖြင့် Free Burma Ranger(FBR)မှ ထုတ်ပြန်ထားကြောင်း တွေ့ရသည်။

အပစ်ရပ် ကြေညာထားသည့် ဧပြီလ ၁ရက်နေ့မှာပဲ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၅)နယ်မြေ၊ မူတြော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုမြို့နယ်အတွင်း မနက်တစ်ကြိမ်နှင့် နေ့လည်တစ်ကြိမ် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ၎င်းနေ့မှာပဲ လူသောမြို့နယ်အတွင်း၌ မြေပြင်တိုက်ခိုက်မှုအနေဖြင့် လက်နက်ကြီးကျည်ဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း FBR၏ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့နောက် ဧပြီလ ၂ရက်နေ့တွင်လည်း တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း လေးရင်းဖြင့် ကမမောင်းမြို့မှ ဖာပွန် မြို့အတွင်းသို့ ချီတက်လာပြီး ထိုနေ့တွင်ပင် ဘူးသိုမြို့နယ်ထဲရှိ လယ်ဒေကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၃၅ နှစ်အရွယ် ဒေသခံအမျိုးအသီး နော်မူဒို အိမ်ကို ထိမှန်ခဲ့၍ နော်မူဒိုမှာ သေဆုံးခဲ့ပြီး ၎င်း၏အမျိုးသား ဖြစ်သူ စောမြအောင် အနေဖြင့် ဘယ်ဘက်ပုခုံးတွင် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း FBR က ဆို သည်။

ထို့အပြင် ကရင်ပြည်နယ်၏ တောင်ပိုင်း KNU ဒူပလာယာခရိုင်မှ မြောက်စွန်းပိုင်း တောင်ငူ ခရိုင်အထိ စစ် ကောင်စီ၏ တိုက်ခိုက်မှုများရှိခဲ့ပြီး စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် မြေပြန့်မှ တောင်တန်းဒေသနေရာအထိ တပ်မ ၇၇ နှင့် တပ်မ၈၈ တို့၏ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များကို တပ်ဖြန့်ပိတ်ဆို့မှုများ ပြုလုပ်ထားပြီး KNU တပ်မဟာ (၁)နယ်မြေအတွင်းသို့လည်း တပ်အင်အား ပိုမိုတိုးမြှင့်ထားကြောင်းနှင့် လက်ရှိတွင် တပ်မ ၈၈ အနေဖြင့် KNU တပ်မဟာ(၅)ကို တိုက်ခိုက်ရန် အင်အားသွားရောက် ဖြည့်တင်းနေသည် ဟု ထုတ်ပြန်ချက်၌ ဆက်လက် ဖော်ပြထားသည်။

လက်ရှိတွင် KNU တပ်မဟာ (၅) နယ်မြေအတွင်း၌ စစ်ကောင်စီ တပ်ဖွဲ့၏ စစ်ဆင်ရေး တပ်ရင်းပေါင်း (၂၆) ရင်းခန့် ရှိနေပြီး စစ်ဆင်ရေးများကို တိုးမြှင့်လုပ်ဆောင်လာကာ ကျေးရွာအတွင်း လက်နက်ကြီးများ ဖြင့် နေ့စဉ် ပစ်ခတ်နေမှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ ကျေးရွာသား (၂၀,၀၀၀) ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေး ပုန်းအောင်းနေကြ ရကြောင်းလည်း သိရသည်။

လတ်တလောတွင် အဆိုပါ ထွက်ပြေး တိမ်းရှောင်နေရသူများအနေဖြင့် နယ်ပယ်အသီးသီး၏ အရေးပေါ် ကူညီထောက်ပံ့မှုများအပေါ် တွင်သာ အချိုးကျ မှီခိုစားသောက်နေရပြီး လက်ရှိတွင် အစားအသောက် လိုအပ် ချက်သာမက ၎င်းတို့ နယ်မြေအတွင်း စိုက်ပျိုးရိတ်သိမ်းမှု မပြုနိုင်လျှင် ရေရှည်တွင် အကျပ်အတည်းကာလ ဆိုက်ရောက်လာနိုင်ကြောင်းလည်း အရပ်ဖက်အဖွဲ့အစည်းများက ထောက်ပြထားသည်။

စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ အခြေစိုက် တပ်စခန်းများမှ နေ၍ စခန်းအနီးဝန်း ကျင်ရှိ ပတ်ဝန်းကျင်ဒေသများသို့ လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်နေပြီး ဒေသခံ ကျေးရွာသားများ၏ စိုက်ပျိုမြေ တောင်ယာစိုက်ခင်းများ၊ ကျေးရွာ နေအိမ်များအတွင်းသို့ ကျရောက်မှုကြောင့် ဒေသခံများ ယနေ့အ ချိန်ထိ ထွက်ပြေးနေကြရသည်။

အလားတူပြီးခဲ့သည့် ဧပြီလ ၄ရက်နေ့တွင်လည်း ဂျက်တိုက်လေယာဉ် ၃ စင်း လူသောမြို့နယ်အတွင်း ဝဲပျံသန်း လာမှုကြောင့် ဒေသခံကျေးရွာသားများ ထွက်ပြေး တိမ်းရှောင်ရမှုကို ဖြစ်ပေါ်စေခဲ့ပြီး ဗုံးကြဲတိုက်ခိုက်မှု မရှိခဲ့ သော်လည်း ဒေသခံများအနေဖြင့် ၎င်းတို့ နေအိမ်နှင့် စိုက်ပျိုးမြေများထဲသို့ မပြန်ရဲကြကြောင်း FBR၏ ထုတ်ပြန် ချက်၌ ဆက်လက်ဖော်ပြထားသည်။

FBR အနေဖြင့် လတ်တလော CDM လှုပ်ရှားသည့် ပြည်သူလူထုများအပြင် စစ်ပွဲအောက်တွင် ကျရောက်နေ သည့် တိုင်းရင်းသားဒေသများကိုပါ လူသားချင်းစာနာသည့် အကူအညီအထောက်အပံများ တိုက်ရိုက် ပံ့ပိုး ကူညီပေးသွားရန်လည်း ၎င်း၏ ထုတ်ပြန်ချက်၌ မေတ္တာရပ်ခံထားသည်။

ဆက်လက်ပြီး ကရင်ပြည်နယ်မှ စ၍ မြန်မာပြည်အနှံ့ လေကြောင်းတိုက်ခိုက်ခံရမှုရန်မှ ကာကွယ်ရန် No-Fly- Zone ကို တောင်းဆိုထားပြီး ဒီမိုကရေစီ လိုလားသည့် အစုအဖွဲ့များ၊ နိုင်ငံရေး အသင်းအဖွဲ့များ၊ CDM၊ CRPH နှင့် NLD စသည့် နိုင်ငံရေးအင်အားစုများအပေါ်တွင်လည်း ထောက်ခံအားပေးကြောင်း FBR၏ ထုတ်ပြန်ချက်၌ ဆက်လက် ဖော်ပြထားခဲ့သည်။

စအိုင်ဆူး (KIC) – ပေးပို့သည်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here