ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သား ၂ ဦးသေဆုံးကြောင်း KNU ထုတ်ပြန်

0
182

ဧပြီလ ၈ ရက်၊ ၂၀၂၁ ခုနှစ်။

တနင်္သာရီဝတီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်တွင် ဧပြီ ၆ရက်က KNU-ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၄ တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သား ၂ ဦးသေဆုံးခဲ့သည်ဟု KNU ၏ သူးလေသတင်းစဉ်က သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၁၀၃ တပ်ရင်းမှူး သိန်းဘိုဘို၊ ဒုရင်းမှူး ကျော်ထွန်းသူ ဦးဆောင်သည့် တပ်အင်အား ၃၇ဦးပါ တပ်ဖွဲ့သည် မဲဒိုင် စခန်းသို့ ရိက္ခာနှင့် လစာသွားရောက်ပို့ဆောင်ပေးရန် အ ကြောင်း ပြခဲ့သော်လည်း KNLA တပ်မဟာ(၄)ဘက်မှ လုံခြုံရေးအရ ကန့်သတ်ထားသည့် နယ်မြေကို ကျော်လွန်ပြီး လှုပ်ရှားမှုပြုလုပ်လာသဖြင့် ထို့ မွန်းလွဲ ၂နာရီခွဲအချိန်တွင် ၁၀မိနစ်ခန့် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့သည်ဟု KNU က သတင်းထုတ်ပြန်ခဲ့သည်။

ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီးနောက် ထိုနေရာအနီးရှိ ဒေသခံရွာသား စောတီတီ နှင့် ဇနီး ၊ သားသမီး (၃)ဦး အပါအဝင်မိသားစုတစ်စုလုံးကို အဆိုပါတပ်ရင်းက မောထာရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို မောထာသို့ရောက်ရှိချိန်တွင်လည်း ကျေးရွာသူရွာသားများအား ပစ်ခတ်သွားခဲ့သေးသည်ဟု KNU ဆိုသည်။

စစ်အာဏာသိမ်းမှုကို NCA လက်မှတ် ရေးထိုးထားသည့် KNU အနေဖြင့် လက်မခံကြောင်း သဘောထား ထုတ်ပြန်ခဲ့ပြီး နောက် KNU နယ်မြေအတွင်း တိုက်ပွဲကြီးငယ်များ နေ့စဉ် ပြန်လည်ပေါ်ပေါက်လာခဲ့ပြီး ယခင်လများကစ၍ KNU တပ်မဟာ(၁) ၊ (၃) နှင့် (၅) နယ်မြေတွင် ထိတွေ့မှု အများဆုံး ဖြစ်ပေါ်ခဲ့ပြီး ယခု လဆန်းပိုင်းမှစ၍ KNU တပ်မဟာ (၆) နှင့် (၄)တို့တွင် ထိတွေ့မှုများ စတင် ပေါ်ပေါက်လာခဲ့သည်။ KNU တပ်မဟာ(၇) နှင့် (၂) တွင်မူ အာဏာသိမ်းချိန်ကစ၍ ထိတွေ့မှု တစ်စုံတစ်ရာမကြားရှိရသေးကြောင့် တွေ့ရသည်။

ကေအိုင်စီ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here