28 March 2024 /

See today's Peace Related News

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းသော်လည်း လူထုနဲ့လက်နှိပ်ပေးတဲ့အစိုးရက ရှိနေပါသေး တယ်၊ လူထုကိုယ်စားလှယ်တွေ ရှိနေသေးတယ်၊ သူတို့ကနေပြီး တရားဥပဒေအတိုင်း အစိုးရဖွဲ့လိုက် ရင် အဲဒီအစိုးရက တရားဝင်အစိုးရဖြစ်တယ်၊ အဲဒီအစိုးရနဲ့ ကျနော်တို့ စကားပြောမယ်” ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်း (PPST ပြောရေးဆိုခွင့်ရှိသူ)

PPST ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနှင့် ဆက်သွယ်မေးမြန်းချက်

၈ ဧပြီ ၂၀၂၁

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းနိုင်ရေးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းလာရာ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များဖြစ် ဆွေးနွေးလျက်ရှိနေသည်။ NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင် (၁၀) ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)က ၂၀၂၁ ခုနှစ်၊ ဧပြီ ၄ ရက်က CRPH ကို ကြိုဆိုကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ကြေညာစာတမ်းကို ကြိုဆိုကြောင်းနှင့် ၂၀၀၈ ဖျက်သိမ်းကြောင်း ကြေညာခြင်းကို ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် PPST ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး – ပထမဦးဆုံး ကျနော်တို့မေးချင်တာက CRPH က ဖက်ဒရယ်ဒီမိုကရေစီနဲ့ပဋိဉာဉ်ပတ်သက်ပြီး ထုတ်ပြန်ထားတာရှိတယ်။ အဲဒီမှာ EAOs တွေက လက်မှတ်ထိုးထားတယ်လည်း ပြောကြတယ်ပေါ့ လေ၊ EAOs တွေပါဝင်ပြီးတော့မှ ဒါတွေကို ရေးဆွဲတယ်လို့ ပြောကြတယ်၊ ဆိုတော့ ဘယ်တော်လှန်ရေးလက်နက် ကိုင်အဖွဲ့အစည်းတွေက တရားဝင်လက်မှတ်ထိုးထားတာ ရှိပါလဲဗျ၊ အဲဒါလေး ပထမဆုံးသိချင်ပါတယ်။

ဖြေ- ဟုတ်ကဲ့ CRPH ကနေထုတ်ပြန်လိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစာတမ်းလို့ခေါ် တဲ့၊ Charter နဲ့ပတ်သက်ပြီး ကျနော်နားလည်သလောက်ကတော့ CRPH အနေနဲ့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော၊ ရွေးကောက်ပွဲအရ သူတို့ထုတ်ပြန်ကြေညာတာဖြစ်တယ်လို့ နားလည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖက်ဒရယ် Charter ကို ရေးဆွဲတဲ့ Process မှာ ကျနော်လည်း PPST ရဲ့ တာဝန်ပေးအပ်မှုအရ ပါဝင်ဖြစ်ခဲ့တယ်၊ ဆိုတော့ အဲလိုပါဝင်ခဲ့တဲ့အတွက် ကျနော်အဲဒီ Process အားလုံးကို နားလည်တယ်၊ ဆိုတော့အဲဒီအစည်းအဝေးမှာ ကျနော်တို့တိုင်ပင်တဲ့အခါ ပါဝင်တဲ့လူတွေ လက်မှတ်ထိုးဖို့လိုသလား မလိုဘူးလားဆိုတာ ကျနော်တို့ ဆွေးနွေးခဲ့တယ်၊ ဆိုတော့ကျနော်တို့အားလုံးက သဘောတူထားတာက ဒါဟာ ၂၀၂၀ နိုင်ဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူလူထုကဏ္ဍနဲ့ ထုတ်ပြန်တာ ပိုသင့်တော်တယ်၊ ကျနော်တို့တစ်ဖွဲ့ချင်း လက်မှတ်ထိုးတာထက် CRPH အနေနဲ့ထုတ်ပြန်တာက ပိုအားကောင်းတယ်ဆိုတဲ့ရည်ရွယ်ချက် နဲ့ CRPH အနေနဲ့ ထုတ်ပြန်ချက်ဖြစ်တယ်။ ထို့ကြောင့် လက်မှတ်ရေးထိုးခြင်းမလိုဘူးဆိုတာကို ပထမဆုံးကျနော် တင်ပြချင်တယ်။

ဒုတိယအနေနဲ့ CRPH က အဲဒီဖက်ဒရယ် Charter ထဲမှာ ဖော်ပြထားတဲ့အတိုင်း အစုအဖွဲ့ ၄ ခုကနေပြီးတော့ ပူးပေါင်းရေးဆွဲထားတယ်ဆိုတာ မှန်ပါတယ်။ ကျနော်တို့တတွေ ပါပါတယ်၊ အဲဒီမှာ ဒီ Process ထဲ မှာ PPST ကနေပြီးတော့ ခေါင်းဆောင် ၃ ဦး တာဝန်ပေးထားပါတယ်။ အဲဒီခေါင်းဆောင် ၃ ဦးထဲမှာ ကျနော်ပါပါတယ်။ ထို့အတွက်ကြောင့် အဲဒီဖက်ဒရယ် ပဋိညာဉ်လို့ခေါ်တဲ့ Charter မှာ ကျနော်တို့ရေးဆွဲ တဲ့ Process မှာ ကျနော်တို့ အားလုံး ပူးပေါင်းပြီးတော့ ပါတာဖြစ်တယ်၊ ပြီးတော့ PPST အနေနဲ့ ပါတဲ့အဖွဲ့တွေရှိတယ် ပြီးတော့ တစ်ဖွဲ့ချင်းအနေနဲ့ပါလာတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေလည်း ရှိတယ်၊ NCA လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေလည်း ပါတယ်။

လက်မှတ်မရေးထိုးတဲ့အဖွဲ့တွေလည်း ပါတယ်၊ ထို့အတွက်ကြောင့် ဒီရေးဆွဲပြဋ္ဌာန်းခြင်း Process မှာကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါတယ်လို့ ကျနော်ပြောချင်တယ်။

မေး – ဒါဆိုရင် ဒီ NCA လက်မှတ်ရေးထိုးထားတဲ့ ၁၀ ဖွဲ့အရဆိုရင် PPST mandate ပေးလိုက်တယ်ဆိုတော့ ၁၀ ဖွဲ့လုံးက ဒီပဋိညာဉ်ကို လက်ခံတယ်ဆိုတဲ့ သဘောလို့မှတ်ယူလို့ရသလားဗျ၊ နောက်တစ်ခုကကျတော့ KIA လည်း ပါတယ်လို့ကြား တယ်၊ KIA လည်း ဒီဟာကို အပြည့်အဝထောက်ခံတယ်လို့ မှတ်ယူလို့ရလား ဘယ်လိုအခြေအနေ ရှိပါသလဲဗျ။

ဖြေ- ဟုတ်ကဲ့ ကျနော်တို့အနေနဲ့က PPST ကနေ တာဝန်ယူတာဖြစ်တယ်၊ ထို့အတွက်ကြောင့်ပဲ မနေ့က(ဧပြီ ၄) PPST အစည်းအဝေးမှာ ကျနော်တို့ ပြန်ပြီးတော့ တင်ပြတဲ့အခါကြတော့ ကျနော်တို့တွေလည်း ကြိုဆိုတယ် ထောက်ခံတယ် ဆိုတဲ့အဆင့်အထိ ဖြစ်သွားတာဖြစ်ပါတယ်၊ ပြီးတော့ ကျနော်နားလည်တာက အဲ့ဒီ Process မှာပါတဲ့အဖွဲ့တွေအသီးသီးအနေနဲ့လည်းပဲ အခုကျတော်တို့ဖက်ဒရယ် Charter လို့ခေါ်တဲ့အချက်တွေကို ကျနော်တို့ကြည့်မယ်ဆိုရင် နံပါတ် (၁) အရေးကြီးတာက သူတို့လုပ်ချင်တဲ့ နိုင်ငံရေးလမ်းပြမြေပုံပါတယ်၊ ပြီးတော့နိုင်ငံရေးအခြေခံလမ်းညွှန်မူ ၅ ချက်ပါတယ်၊ အဲဒီအခြေခံလမ်းညွှန်မူ ၅ ချက်က ကြည့်မယ်ဆိုရင်၊ ကျနော်တို့တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာတောင်းဆိုခဲ့တဲ့ ဒီမိုကရေစီအခြေခံမူနဲ့ ဖက်ဒရယ်အခြေခံမူတွေကို ထင်ထင်ရှားရှား ပေါ်လွင်စေခဲ့တယ်၊ အဲဒီလမ်းညွှန်မူ ၅ ချက်အပြင် အခြေခံမူ ၃၇ ချက်ပါတယ်၊ အဲဒီ ၃၇ ချက်ကို ကြည့်မယ်ဆိုရင် ကျနော်တို့တိုင်းရင်းသားတွေက ဖက်ဒရယ်ကို တစိုက်မတ်မတ်တောင်းဆိုခဲ့တာ ၁၉၆၁- ၆၂ ကတည်းက ထင်တယ်၊ ဆိုတော့ အဲဒီကာလကတည်းက “ရှမ်းမူ”လို့ ကျနော်တို့ ထုတ်ပြန်ခဲ့တယ်၊ ဖက်ဒရယ်အခြေခံမူရဲ့ အနှစ်သာရ ဖြစ်တယ်၊ အခု CRPH ကထုတ်ပြန်တဲ့ ဖက်ဒရယ် Charter ထဲမှာပါတယ်၊ ပြီးတော့ကျနော်တို့ ၈၈၈၈ အရေးတော်ပုံပြီးနောက်ပိုင်းမှာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်လို့ ခေါ်တဲ့ UNLD ကနေပြီးတော့ စုစည်းလိုက်တဲ့ဖက်ဒရယ်အခြေခံမူရဲ့ အနှစ်သာရတွေလည်းပါတယ်၊ ပြီးတော့ ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ သဘောတူလက်မှတ်ရေးထိုးထားတဲ့ ၁၉၉၀ ခုနှစ် မာနယ်ပလော သဘောတူစာချုပ် ရဲ့အနှစ်သာရတွေလည်း ပါတယ်၊ နောက်ပိုင်း မယ်သရောထ သဘောတူစာချုပ်၊ လောခီးလာ သဘောတူစာချုပ်၊ လိုင်ဇာ သဘောတူစာချုပ် စတဲ့သဘောတူစာချုပ်အသီးသီးရဲ့ အနှစ်သာရတွေပါတယ်၊ ပြီးတော ၂၀၀၅ မှာကျနော်တို့ ဒီမိုကရေစီအင်အားစုများနဲ့ ကျနော်တို့တိုင်းရင်းသားအဖွဲ့အစည်းအသီးသီး၊ လက်နက်ကိုင် တော်လှန်ရေးအပါအဝင်ကနေပြီးတော့ ထုတ်ပြန်လိုက်တဲ့၊ဖက်ဒရယ်လမ်းညွှန်မူ အခြေခံ ၈ ချက်ဆိုတဲ့ အချက်လေးတွေ ပါတယ်။ ပြီးတော့အဲဒီအခြေခံမူကနေ ကျနော်တို့ပြုစုလိုက်တဲ့ SCDCC ရဲ့ အခြေခံမူတွေ အားလုံးလည်း ပါတယ်၊ပြီးတော့ ကျနော်တို့ PPST ကနေပြီးတော့ ပြင်ဆင်လိုက်တဲ့ အခြေခံမူတွေ အားလုံးလည်း အဲဒီမှာ အနှစ်သာရအားဖြင့် အားလုံးပါတယ်။

ထို့အတွက်ကြောင့် ကျနော့်အမြင်မှာတော့ အခု CRPH ကထုတ်ပြန်လိုက်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်စာတမ်းဆိုတာ၊ ကျနော်တို့တိုင်းရင်းသားတွေ နှစ်ပေါင်း ၇၀ တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီအခြေခံမူ ဖက်ဒရယ်အခြေခံမူတွေကို ပေါ်ပေါ်လွင်လွင် ထင်းရှားစေနိုင်တယ်၊ အပြည့်အစုံမဟုတ်သော်လည်း ကျနော်တို့လိုချင်တဲ့ အနှစ်သာရတော့ အားလုံးပါတယ်၊ ထို့အတွက်ကြောင့် ကျနော်တို့ အနေနဲ့ကတော့ လက်ခံတယ်၊ အပြည့်အဝထောက်ခံတယ်ဆိုတာကို ပြောချင်တယ်။

မေး- နောက်တစ်ခုတော့လေ တချို့တော့ ကြားတာပေါ့လေ၊ ဆရာတို့ CNF ကတော့ ဒီပဋိညာဉ်ကို အပြည့်အဝထောက်ခံတယ်လို့ ပြောသံကြားတယ်၊ တချို့သောအဖွဲ့ ဥပမာ KIA ဆိုရင် အပြည့်အဝ မပါနိုင်ဘူး၊ သဘောတူညီမှုမရသေးဘူး ဆိုတဲ့အသံတွေလည်း ထွက်နေတယ်၊ ဒါရော ဘယ်လိုအခြေအနေရှိ လဲ၊ KIA ဒါကို အပြည့်အဝထောက်ခံတယ်လို့ မပြောဘူးဆိုတဲ့အသံတွေထွက်နေတယ်ဆိုတော့ ဘယ်လိုမျိုးနားလည်ရမလဲဗျ။

ဖြေ- ဟုတ်ကဲ့ အဲဒီမှာတချို့ရဲ့ တွေဝေမှုပေါ့နော်၊ အပြင်လူတွေက ကြားတဲ့အခါကြတော့ တွေဝေမှုတွေ ရှိကောင်းရှိနိုင်တယ်၊ အဲဒီပဋိညာဉ်စာတမ်းကိုကြည့်မယ်ဆိုရင်၊ အပိုင်း ၁ နဲ့ အပိုင်း ၂ ဆိုပြီးတော့ရှိတယ်၊ ဆိုတော့အပိုင်း ၁ ကတော့ ကျနော်တို့အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုကြီးကို ထူထောင်တဲ့အခါမှာ ဘယ်လိုအခြေခံမူတွေနဲ့ ဘယ်လိုလမ်းညွှန်မူတွေနဲ့ ထူထောင်ကြမလဲဆိုတာကို အဲဒါအရေးကြီးတာပဲ၊ ကျနော်တို့အတွက်အဓိက အရေးကြီးတာက အပိုင်း ၁ ဖြစ်တယ်၊ ဆိုတော့အဲဒီအပိုင်း ၁ မှာ စောစောက ကျနော်ပြောသလို လမ်းညွှန်မူ ၅ ချက်နဲ့ အခြေခံမူ ၃၇ ချက်က ဘယ်သူမှမငြင်းဘူး၊ ကျနော်သိသလို တိုင်းရင်းသားအားလုံးက ဘယ်သူမှမငြင်းဘူး၊ ဆိုတော့အဲဒီအပေါ်မှာကျနော်တို့ အပြည့်အဝထောက်ခံတယ်၊ အပြည့်အဝ အားပေးတယ်ဆိုတာ ကျနော်တို့ပြောတာဖြစ်တယ်၊

သို့သော်အပိုင်း ၂ ကတော့ CRPH အနေနဲ့ကတော့ ရှေ့ဆက်ဆောင်ရွက်ရမယ့် National Unity Government ဖွဲ့စည်းရေးကိစ္စ၊ National Unity Consultative Council ကိစ္စလို အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းရေးကိစ္စတွေလိုဟာမျိုးဖြစ်နေတော့ အဲဒါလုပ်ငန်းသဘောဆောင်တယ်၊ အဲဒီလုပ်ငန်းသဘောက တော့ CRPH က သူတို့သင့်တော်သလို၊ ပြုပြင်ပြောင်းလဲပြီးတော့ ဆောင်ရွက်ရမယ့်ကိစ္စဖြစ်တဲ့အတွက် ကျနော့အနေနဲ့ သိပ်အရေးမကြီးဘူးလို့မြင်တယ်၊ အရေးမကြီးတာမဟုတ်ဘူး၊ ကျနော်တို့အနေနဲ့ ထောက်ခံဖို့ မထောက်ခံဖို့ ဆိုတဲ့နေရာမှာ သိပ်ပြီးတော့ ဝိဝါဒ ကွဲပြားစရာအကြောင်း မရှိဘူးလို့ ကျနော်မြင်ပါတယ်။

တချို့တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း အပိုင်း ၁ တော့ အပြည့်အဝ ထောက်ခံတယ်၊ ဒါပေမယ့် အပိုင်း၂ ကိုတော့ လေ့လာရအုံးမယ် သုံးသပ်ရအုံးမယ် ဆိုတဲ့အသံတွေကျနော်တို့လည်း ကြားနေရပါတယ်။ ကျနော့်အမြင်မှာတော့ အပိုင်း ၂ ကတော့ လတ်တလော CRPH ရဲ့လုပ်ငန်းနဲ့ ပတ်သက်နေတာဖြစ်တဲ့အတွက် သူတို့အဆင်ပြေသလို ဆောင်ရွက်ပါစေ၊ ဒါကတော့ ကျနော်တို့နဲ့ တိုက်ရိုက်ပတ်သက်တဲ့ကိစ္စ မဟုတ်သေးဘူးလို့ ကျနော်အဲဒီလိုပဲ သုံးသပ်ပါတယ်။

မေး- CRPH ရဲ့ပဋိညာဉ်ထဲမှာ တစ်ခုတွေ့မိတာ ထူးထူးခြားခြားက ဘာလဲဆိုတော့ ပြည်ထောင်စုကို အပ်နှင်းရမယ့် ဥပဒေနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးကို အပ်နှင်းရမယ့်ဥပဒေကို သီးခြားထားရမယ်ဆိုတာ ပါတယ်။ သို့သော်တချို့ဟာကတော့ ကြွင်းကျန်အာဏာဆိုတဲ့ဟာမှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးကို အပ်နှင်းရမယ်ဆိုတာ တစ်ချက်တွေ့မိတယ်ဗျ၊ အဲဒီဟာက ကြွင်းကျန်အာဏာကို ပြည်နယ်နဲ့တိုင်းဒေသကြီးမှာ ထားမယ်ဆိုတော့ စိုးရိမ်စရာတော့ မရှိနိုင်ဘူးလားပေါ့၊ ဘယ်လိုမျိုးစဉ်းစားချက်တွေရှိလဲဆရာ။

ဖြေ- ကြွင်းကျန်အာဏာဆိုတာက အမှန်အားဖြင့် ကျနော်တို့သိပ်ပြီးတော့ အန္တရာယ်ကြီးတဲ့ကိစ္စမဟုတ်ဘူး လို့ ကျနော်ကတော့ မြင်တယ်၊ ကြွင်းကျန်အာဏာဆိုတာကတော့ အခုကျနော်တို့ ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲမယ်၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမယ်၊ ပြည်ထောင်စုရဲ့လုပ်ပိုင်ခွင့်ကို သတ်မှတ် မယ်၊ ပြည်နယ်ရဲ့လုပ်ပိုင်ခွင့်ကို သတ်မှတ်မယ်၊ ပြီးတော့ ပြည်ထောင်စုနဲ့ ပြည်နယ်ပူးတွဲဆောင်ရွက် မယ့် Concurrent Power ကို သတ်မှတ်မယ်၊ ဆိုတော့ အဲဒီမှာကို တော်တော်လေးပြည့်စုံနေပြီ၊ ဆိုတော့ အဲဒီမှာ ပြည်နယ်ဖက်က လုပ်ဖို့ပိုများတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ထောင်စုကိုစထူထောင်ကတည်းက ကျနော်တို့ ပူးပေါင်းဆောင်ရွက်မယ်၊ ပူးပေါင်းအုပ်ချုပ်မယ်၊ ပူးပေါင်းစီမံခန့်ခွဲမယ်ဆိုတဲ့ဟာတွေ ပါတာဖြစ်တဲ့အတွက် ကျနော်တို့ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေမှာ အသေးစိတ် ရေးထားပြီးသား ရှိရမယ်၊ ပြည်နယ်တွေကို ပေးတာလည်း ရေးထားပြီးသား ရှိရမယ်၊ ပြည်ထောင်စုနဲ့ပြည်နယ်ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စလည်း ရေးထားပြီးသားရှိရမယ် ဆိုတော့ ကြွင်းကျန်တယ်ဆိုတာ ဒီနေ့ဒီအချိန်မှာ ကျနော်တို့ ရေးဖို့လိုအပ်မှန်းမသိလို့ နောက်နောင်မှာ ပေါ်လာလတ္တံ့သောကိစ္စ ပေါ်လာခဲ့သော်၊ ပြည်နယ်က တိုင်ပင်လုပ်ရသလား ၊ ပြည်ထောင်စုက တိုင်ပင်လုပ်ရသလား ဆိုတော့ များသောအားဖြင့်တော့ ပြည်နယ်ကို ပေးလိုက်တာ ပိုပြီးတော့ သင့်တော်တယ်၊ နောက်နောင်မှာ ပေါ်လာတဲ့ကိစ္စ မျိုးကတော့ ပြည်နယ်အရေးတွေပဲ များတတ်တယ်၊ ထို့အတွက်ကြောင့် ဒါအန္တရာယ်မရှိဘူးလို့ ကျနော်တို့ပြောတာပဲ ဖြစ်တယ်။

မေး- နောက်တစ်ခုက ဖြည့်စွက်မေးချင်တာက မမျှော်လင့်ဘဲ စစ်လက်နက်ပစ္စည်းပဲ ဖြစ်ဖြစ် လုပ်ငန်းပိုင်းဆိုင်ရာပဲဖြစ်ဖြစ် အကောင်အထည်ဖော်ဖို့ကိစ္စတွေ ဖြစ်လာပြီဆိုရင်၊ ဒီကြွင်းကျန်အာဏာက ဗဟိုကမထိန်းထားဘဲနဲ့ ပြည်နယ်ကထိန်းထားမယ်ဆိုရင် တစ်ပြည်နယ်နဲ့ တစ်ပြည်နယ်ကြားမှာရော သဟဇာတ ဖြစ်အောင် ထိန်းနိုင်ပါ့မလား၊ ဘယ်လိုပုံစံမျိုး အခက်အခဲတွေဖြစ်လာနိုင်ချေ မရှိဘူးလားပေါ့။

ဖြေ- ခုန ဆရာပြောတဲ့ဟာလိုမျိုးပေါ့နော်၊ စစ်လက်နက်ထုတ်ဝေရေးလိုဟာမျိုး ပြီးတော့ ပြည်ထောင်စုတစ်ခုလုံးအတိုင်းအတာနဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်ဆက်ဆံရေးကို နောက်နောင်မှာ ထိခိုက်အန္တရာယ်ပေးနိုင်တဲ့ ကိစ္စမျိုး ဒီလိုအရေးကြီးတဲ့ကိစ္စမျိုးကတော့ ကျနော်တို့ ပြည်ထောင်စုစနစ် ဖက်ဒရယ်စနစ်နဲ့သွားမယ်ဆိုရင်၊ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပြည်ထောင်စုရဲ့လုပ်ပိုင်ခွင့်ထဲမှာ ထည့်ထားပြီးသား ဖြစ်ရမယ်၊ လုပ်ငန်းအနေနဲ့ မပေါ်သေးရင်တောင်မှ လုပ်ပိုင်ခွင့်ဘောင်ကတော့ ပြည်ထောင်စုထဲမှာပဲ ရှိရမယ်၊ ပြီးတော့ ပြည်နယ်ရဲ့လုပ်ပိုင်ခွင့်မှာတော့ ရှိထားပြီးသားကိုလည်း မည်ကဲ့သို့သောကဏ္ဍမျိုးကို ပြည်ထောင်စုကို ပေးမလဲ၊ မည်ကဲ့သို့သောကဏ္ဍမျိုးကို ပြည်နယ်ကိုပေးမလဲ ဆိုတာကို ကျနော်တို့အနေနဲ့ ကဏ္ဍအနေနဲ့ခွဲရမှာ ဖြစ်တယ်၊ ဆိုတော့ ခုနက ဆရာပြောသလို လုပ်ငန်းအနေနဲ့ဆိုရင်၊ လုပ်ငန်းအသစ်ပေါ်ရင်လည်း ဒါက ပြည်ထောင်စုကဏ္ဍထဲမှာပါတဲ့ လုပ်ငန်းဖြစ်တယ်ဆိုရင်၊ အလိုအလျောက်ပြည်ထောင်စုထဲမှာ လုပ်သွားမှာ ဖြစ်တယ်၊ ပြီးတော့ ပြည်နယ်ကဏ္ဍမှာပါတဲ့လုပ်ငန်း အသစ်တွေပေါ်လာတယ်ဆိုရင် ပြည်နယ်ကပဲ အဲဒီကဏ္ဍအတွင်းမှာ ပြည်နယ်က ဆောင်ရွက်သွားမှာဖြစ်တယ်၊ အဲဒီအတွက်ကြောင့် ကြွင်းကျန်အာဏာဆိုတဲ့ကိစ္စမျိုးကတော့ အဲဒီလောက်ကဏ္ဍခွဲခြားပြီးသားဘောင်ထဲက မဟုတ်ရပါဘူး၊ အဲဒီအတွက်ကြောင့် အန္တရာယ်မရှိဘူးလို့ ကျနော်ပြောချင်ပါတယ်။

မေး- နောက်တစ်ခုကတော့ အခုဆိုရင် တော်တော်များများကမျှော်လင့်နေတဲ့ ဖက်ဒရယ်တပ်မတော်ပေါ့လေ၊ တိုင်းရင်းသား EAOs တွေကလည်း ဒါကို ကြိုးပမ်းနေတယ်၊ CRPH ကလည်း ကြိုးပမ်းနေတယ် ပြည်သူလူထုကလည်း ဒါကိုမျှော်လင့်နေတယ်၊ ဆိုတော့ ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းတဲ့အထဲ မှာ NCA ထိုးထားတဲ့အဖွဲ့ပဲ ဆိုရမှာပေါ့နော်။ အဲအဖွဲ့ထဲမှာရော ဘယ်အဖွဲ့တွေက ပါဝင်ဖို့ရှိပါသလဲ၊ ပါဝင်ဖို့ စိတ်ပိုင်းဖြတ်ထားတာရှိလဲဗျ၊ NCA မထိုးရသေးတဲ့အဖွဲ့တွေဆိုရင်ရော၊ ဘယ်အဖွဲ့တွေက ပါဝင်ဖို့ ဆုံးဖြတ်ထားလဲဆိုပြီး ကြားမိတာရှိသလဲဗျ။

ဖြေ- ကျနော်က PPST ရဲ့ပြောရေးဆိုခွင့်ရှိသူအနေနဲ့ပြောနေတာဖြစ်တယ်ဆိုတော့ ကျနော်တို့ PPST ကျ တော့ NCA စာချုပ်ကို အခြေခံပြီးတော့ ဖွဲ့စည်းတဲ့စုဖွဲ့မှု ဖြစ်ပါတယ်၊ ဆိုတော့ ကျနော်တို့ရဲ့လုပ်ပိုင်ခွင့် ကျနော်တို့ရဲ့ပြောဆိုပိုင်ခွင့်က NCA စာချုပ်နဲ့ ပတ်သက်ပြီးတော့ အဆင်ပြေသလား၊ မပြေဘူးလား၊ ဘယ်လိုဆက်သွားမလဲဆိုတဲ့ အပိုင်းတွေကို ဆောင်ရွက်နေတဲ့ ကိစ္စဖြစ်တယ်။ ခုဏပြောနေတဲ့ကိစ္စ က PPST ဘောင်အပြင်ကနေ ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ ဆောင်ရွက်ရမယ့် နိုင်ငံရေးကိစ္စနဲ့ စစ်ရေးကိစ္စတွေဖြစ်တယ်၊ အဲဒီအပိုင်းကတော့ ကျနော်တို့ PPST အနေနဲ့ ဆုံးဖြတ်လို့ မရဘူး၊ PPST ရဲ့အပြင်မှာပဲ ကျနော်တို့လိုအပ်လို့ရှိရင် ကျနော်တို့ ဘယ်ပုံသဏ္ဍာန်နဲ့ စုဖွဲ့မှုတွေပြန်လုပ်မလဲ စစ်ရေး နိုင်ငံရေးကဏ္ဍ ၂ ခုစလုံးကို ဆောင်ရွက်နိုင်သော တပ်ပေါင်းစုဖွဲ့စည်းဖို့ လိုသလား၊ ရှိပြီးသားကိုပဲ ကျနော်တို့အသုံးချမလား ဆိုတာ ကျနော်တို့က လူကြီးတွေဆွေးနွေးရမယ့်ကဏ္ဍဖြစ်ပါတယ်။

ကျနော်လည်းဒီအနေအထားမှာတော့ PPST ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးအနေနဲ့ ဒီကဏ္ဍကို တင်ပြဆွေးနွေးပိုင်ခွင့်မရှိသေးဘူးလို့ နားလည်ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

မေး- ဟုတ်ကဲ့ပါဆရာ နောက်တစ်ခုကလေဆရာ ဒါကတော့ ဆရာ့ရဲ့ အတွေ့အကြုံအရ ရော EAO တစ်ယောက်အနေနဲ့ရောပေါ့လေ။ ဘာလဲဆိုတော့ ဖက်ဒရယ်တပ်မတော်ကို တိုင်းရင်းသားတွေက အရင်တုန်းကလည်း ဖွဲ့စည်းခဲ့ဖူးတယ်။ ဥပမာ အနီးစပ်ဆုံး UNFC ရဲ့အောက် မှာ FUA ဆိုပြီးဖွဲ့ခဲ့ဖူးတယ်၊ နောက်ပိုင်း ပြန်ကွဲသွားတာရှိတယ်။ ဆိုတော့ ပြည်သူလူထုမျှော်လင့်တဲ့ဟာကတော့ မျှော်လင့်ချက်ပဲမဟုတ်ဘဲနဲ့ လက်တွေ့ကျနိုင်တဲ့ ဖက်ဒရယ်တပ်မတော်ကိုဖွဲ့စည်းနိုင်တဲ့ အလားအလာရှိနိုင်လား ဆရာအနေနဲ့ ဘယ်လိုမြင်လဲဗျ။

ဖြေ- အခုလက်ရှိဖြစ်ပျက်နေတဲ့ ကျနော်တို့တိုင်းပြည်အခြေအနေက ဖြစ်ပေါ်ခဲ့ဖူးတဲ့ နိုင်ငံရေးအခင်းအကျင်း၊ နိုင်ငံရေးအခြေအနေနဲ့လုံး ဝမတူဘူး၊ အခုစစ်တပ်ကနေပြီးတော့ သူတို့ကိုယ်တိုင်ရေးဆွဲပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီးတော့မှ ဥပဒေပြင်ပကနေ ဥပဒေနဲ့အာဏာသိမ်းတာ ဖြစ်တယ်။ ဆိုတော့ အဲဒီအာဏာသိမ်းတာကိုလည်း ပြည်သူလူထုကနေပြီးတော့ CDM လှုပ်ရှားမှုနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတာရှိတယ်၊ အဲလိုငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ပြည်သူလူထုကို အခုလိုအကြမ်းဖက်ဖြိုခွင်းပြီးတော့ လူ ၅၀၀ ကျော် အသက်ဆုံးရှုံးတယ်ဆိုတာ ကျနော်တို့တိုင်းပြည်မှာ မရှိဖူးတဲ့အတွေ့အကြုံဖြစ်တယ်၊ အဲဒီအတွက်ကြောင့် အခုအခြေအနေက ကျနော်တို့အားလုံးက ပြောရရင် ဝမ်းလည်း ဝမ်းနည်းတယ်၊ တုန်လည်း တုန်လှုပ်တယ်၊ စစ်တပ်ရဲ့ ဒီလောက်သောင်းကျန်းမှုကြီးကိုတော့ ကျနော်တို့တော်တော်ကို အံ့သြမိတယ်၊ ဒီလိုအခြေအနေမျိုးမှာ တောင် ကျနော်တို့ အနေနဲ့ ယခင်က မစဉ်းစားဖူးတဲ့ ပြည်သူလူထုကာကွယ်ရေး ပြည်သူလူထုကို အကာအကွယ်ပေးမယ့် နိုင်ငံရေးပုံစံနဲ့ စစ်ရေးပုံစံတော့ လိုအပ်နေပြီဖြစ်ပါတယ်။ အဲဒီလိုအပ်ချက်အရ ကျနော်တို့ပြည်သူလူထုနဲ့ တစ်သားထဲ အလုပ်လုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း တွေက သော်လည်းကောင်း၊ CRPH က သော်လည်းကောင်း၊ ဒါမှမဟုတ် ပြည်သူလူထုကိုယ်စား ဆောင်ရွက်ချင်တဲ့ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကသော်လည်းကောင်း နည်းလမ်းပေါင်းစုံနဲ့ အဖြေရှာကြလိမ့်မယ်လို့ ကျနော် သုံးသပ် မိပါတယ်။ သို့သော် ဘယ်လိုဖြစ်မလဲ ၊ ဘယ်လိုလုပ်ကြမလဲဆိုတာကိုတော့ ကျနော့်အနေနဲ့လည်း ပြောဖို့ ခက်ပါတယ်၊ အဲဒီအတွက်ကြောင့် အဲလောက်ပဲ ကျနော်ဖြေနိုင်ပါတယ်။

မေး- နောက်တစ်ခုက ဒီပဋိညာဉ်စာချုပ်ထဲမှာ ဘာပါအလဲဆိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းဖို့ လုပ်နေတယ်၊ ဖွဲ့စည်းနေပြီး ဒီလထဲမှာပဲ ချပြမယ်လို့ပြောတယ်၊ အဲဒီအထဲမှာ EAOs တွေအနေနဲ့ ဘယ်အဖွဲ့တွေပါဝင်ဖို့ရှိလဲဗျ။

ဖြေ- အဲဒါကို တစ်ခြားအဖွဲ့အစည်းတွေရဲ့အနေအထားကို ကျနော်တို့ပြောဖို့ခက်တယ်၊ ပြောဖို့လည်း ကျနော့်မှာ တာဝန်မရှိဘူး၊ ပြောလည်း မပြောသင့်ဘူးပေါ့နော်၊ ကျနော်တို့ CNF အနေနဲ့လည်းပဲ ကျနော်တို့ရှေ့ဆက်မှုတွေ တော့ အမျိုးမျိုးရှိတာပေါ့။ သို့သော် ကျနော်တို့ ချင်းပြည်သူတွေရဲ့လိုလားချက်ကို ပြန်ကြည့်မယ်ဆိုရင်၊ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့မှာ ချင်းပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ ကြေညာချက်တစ်ခု ထွက်လာတယ်၊ အဲဒီကြေညာချက်ထဲမှာ ကျနော်တို့ချင်းလူမျိုးရဲ့ အနေအထားက ပင်လုံစာချုပ်မချုပ်ဆိုခင် အနေအထားကို ပြန်ရောက်ရှိသွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကနေပြီးတော့ အခုလိုအာဏာသိမ်းပြီးတော့ ကျနော်တို့ဥပဒေမဲ့ အာဏာသိမ်းပြီးတော့ ဆောင်ရွက်တဲ့ ပုံစံမျိုးက ကျနော်တို့ ပင်လုံစာချုပ် မချုပ်ဆိုခင်တုန်းက အနေအထားကို ပြန်ရောက်အောင် တွန်းပို့တယ်ဆိုပြီးတော့ အဲဒီကြေညာချက်ထဲမှာ ပါတယ်။ ထို့အတွက်ကြောင့် သူတို့က ကြေညာချက်ထဲမှာ (အဲဒါ ကျနော်တို့ CNF ရဲ့ကြေညာချက်မဟုတ်ဘူးနော်) မြို့နယ် ၉ မြို့နယ်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက ဖြစ်တယ်၊ ဆိုတော့အဲဒီသူတို့ရဲ့ကြေညာချက်ထဲမှာ ချင်းပြည်ကို ပြန်လည် အုပ်ချုပ်စီမံဖို့အတွက် ၁၈၉၆ — နဲ့ ၁၉၄၈ ချင်းဝိဒေသတိုင်းအက်ဥပဒေအရ ဆောင်ရွက်မယ်ဆိုတာတွေ ရှိလာပါတယ်။ ထို့အတွက်ကြောင့် ကျနော်တို့မလွဲမတွေစဉ်းစားဖို့လိုအပ်တာက ဒီအချိန်မှာ တပ်မတော်က စစ်တပ်က ပြည်သူလူထု အသက်အိုးအိမ်ကိုကာကွယ်ပေးမယ့် တပ်မတော် မဟုတ်တော့ဘူး ပြည်သူလူထုကို အကြမ်းဖက်နှိမ်နှင်းနေတဲ့ CRPH ရဲ့ကြေညာချက်အတိုင်းပြောရမယ်ဆိုရင် သူတို့ကသောင်းကျန်းသူအဖွဲ့အစည်း ဖြစ်နေပြီ၊ ဆိုတော့ ကျနော်တို့ချင်းပြည်သူလူထုအသက်အိုးအိမ်ကို ကာကွယ်ပေးမယ့်ကိစ္စကလည်း ချင်းတို့အဖွဲ့အစည်းထဲမှာ တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်စီမံရေးအတွက် လိုအပ်နေသော လုပ်ငန်းတွေက အများကြီးပေါ်လာပါတယ်။ နိုင်ငံရေးအရရော ပေါ်လာတယ်၊ စစ်ရေးအရလည်း ပေါ်လာတယ်၊ ကာကွယ်ရေးအရရော ပြီးတော့ စီးပွားရေး စီမံခန့်ခွဲမှုအရလည်း ပေါ်လာတယ်၊ ဒီလုပ်ငန်းတွေကတော့ ကျနော်တို့ မလွဲမတွေစဉ်းစားပြီးတော့မှ ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုဆောင်ရွက်မလဲ ဘယ်လိုလုပ်မလဲဆိုတာကို ကျနော်အနေနဲ့လည်း မပြောနိုင်သေးဘူး၊ ဆိုတော့ ပြည်နယ်အသီးသီးလည်း အားလုံးလိုက်ပြီးတော့ ဒီအချိန်မှာစဉ်းစားနေကြပြီလို့ ကျနော်မြင်ပါတယ်။ ပြီးတော့အဲဒီပြည်နယ်အသီးသီးက စဉ်းစားမှုနဲ့ CRPH ရဲ့စဉ်းစားမှုကို ကျနော်တို့ ဘယ်လိုချိတ်ဆက်မလဲဆိုတာကို ကျနော်တို့ ညှိနှိုင်းဖို့လိုအပ်မယ်လို့ ကျနော်မြင်ပါတယ်။ အခုချိန်မှာ CRPH အနေနဲ့ ဗဟိုဦးစီးစနစ်နဲ့ ပြည်ထောင်စုမှာအစိုးရဖွဲ့ပြီးတော့ ပြည်နယ်အသီးသီးပါဝင်လာကြ ပူးပေါင်းကြဆိုတဲ့ ပုံစံမျိုးနဲ့ကတော့ အလုပ်ဖြစ်ချင်မှဖြစ်မယ်၊ မဖြစ်ဘူးလို့ မပြောဘူး၊ သို့သော်ဒီအချိန်မှာတော့ ဖက်ဒရယ်စနစ်ကိုသွားမယ်ဆိုရင် ဖက်ဒရယ်စနစ်မှာတော့ ပြည်နယ်အခြေခံ ပြီးတော့ အလုပ်လုပ်ဖို့လိုတယ်၊ ထို့အတွက်ကြောင့် ပြည်နယ်အသီးသီးကနေပြီးတော့ မိမိတို့ပြည်နယ်ရဲ့ စီမံအုပ်ချုပ်မှု ၊ကာကွယ်မှု ၊ စီးပွားရေးလူမှုရေးကဆောင်ရွက်မှုတွေ က အသီးသီးဆောင်ရွက်ဖို့လိုအပ်တဲ့ကာလ ဖြစ်တယ်၊ လုပ်နိုင်၏ မလုပ်နိုင်၏က လိုအပ်ချက်အရလုပ်ကို လုပ်ရမယ့်ကိစ္စဖြစ်တယ်လို့ သုံးသပ်ပါတယ်ဆရာ။

မေး- ဒါဆိုရင် ဒီ ၂၀၀၈ ကတော့ ပြတ်သွားပြီပေါ့လေ ဒါပေမယ့် တစ်ဖက်က နစက ကလည်း သူ့ဟာသူ အကောင်အထည်ဖော်နေတာရှိတယ်ဆိုတော့ ၂၀၀၈ပျက်ပြီဆိုရင် NCA ကရော ဘယ်လိုဖြစ်မလဲ ဆရာတို့ EAOs ကရော PPST အနေနဲ့ဆိုရင် NCA ကို ဘယ်လိုသဘောထားမလဲဗျ ၊ တစ်ဖွဲ့ချင်းအနေနဲ့ဆိုရင် ဘယ်လိုသဘောထားလဲ။

ဖြေ- NCA စာချုပ်ဆိုတာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ချုပ်ဆိုတဲ့စာချုပ် ဖြစ်တယ်၊ အစိုးရနဲ့ချုပ်ဆိုတဲ့စာချုပ်ဖြစ်တဲ့အတွက် အဲဒီစာချုပ်ချုပ်ဆိုပြီးတဲ့နောက်ပိုင်း အစိုးရသက်တမ်းတစ်ခုကို ကျနော်တို့ ဖြတ်သန်းပြီး ဖြစ်တယ်၊ အဲဒီမှာနိုင်ငံတော်အကြီးအကဲဖြစ်တဲ့ သမ္မတကြီးများ၊ လွှတ်တော်နာယကကြီးများ ဥက္ကဋ္ဌများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ လက်မှတ်ရေးထိုးပြီးတော့မှ ပြည်ထောင်စုလွှတ်တော်ကလည်း အတည်ပြုထားပြီးသား စာချုပ်ဖြစ်တယ်၊ ထို့အတွက်ကြောင့် အဲဒီစာချုပ်ကတော့ ခိုင်မာတယ်၊ ဒီအတိုင်းရှိမယ်၊ သို့သော် အဲဒီစာချုပ်အရ ဆောင်ရွက်နေတဲ့ လုပ်ငန်း၊ နိုင်ငံရေးအဆွေးနွေးပွဲကတော့ ကျနော်တို့ရဲ့ ဆွေးနွေးဖက်ဖြစ်တဲ့ အစိုးရက လက်ရှိအချိန်မှာ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အာဏာသိမ်းစစ်ကောင်စီက သူတို့ကို ဖမ်းထားတယ် ချုပ်နှောင်ထားတယ်၊ ထို့အတွက်ကြောင့် ကျနော်တို့ပါတနာမဲ့ ဖြစ်နေတယ်၊ ကျနော်တို့ပြန်စဉ်းစားပြီးတော့ သတိရဖို့လိုအပ်နေတာက NCA စာချုပ်ကို စစ်တပ်နဲ့ချုပ်တာ မဟုတ်ဘူး။ အစိုးရနဲ့ချုပ်တာ ဖြစ်တယ်၊ ထို့အတွက်ကြောင့် ကျနော်တို့အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲကို စစ်ကောင်စီနဲ့မလုပ်ဘူးလို့ ကျနော်တို့ကြေညာထားတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစာချုပ်က စစ်တပ်နဲ့ ချုပ်ဆိုတာမဟုတ်ဘူး။ အစိုးရနဲ့ ချုပ်ဆိုတာ ဖြစ်တယ်၊ ဆိုတော့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ပြန်ပြီးတော့ အာဏာပေးတဲ့နေ့ အဲဒါဆိုရင် ကျနော်တို့ NCA စာချုပ်အရ ကျနော်တို့နိုင်ငံရေးဆွေးနွေးပွဲ ကို လိုအပ်ရင် ပြန်အကောင်အထည်ဖော်လို့ရတယ်။ အခု CRPH လုပ်ထားတဲ့ Charter အတိုင်းဆောင်ရွက်မယ် ဆိုရင် ဒီအတိုင်းဆောင်ရွက်လို့ ရပါတယ်၊ ကျနော့်အမြင်ကတော့ NCA စာချုပ်က ခိုင်မာတယ် ဒီအတိုင်း ရှိနေမယ်၊ ဒါပေမယ့် NCA စာချုပ်အရ ဆောင်ရွက်နေတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်ကတော့ စစ်တပ်က တစ်ဖက်သတ်ဖြေရှင်း လိုက်တယ်၊ ထို့အတွက်ကြောင့် ဒါက ရပ်တန့်သွားတာဖြစ်တယ်လို့ တင်ပြချင်ပါတယ်။

မေး- ဟုတ်ကဲ့ ဆရာပြောတဲ့အထဲမှာပါတယ်၊ NCA စာချုပ်က စစ်တပ်နဲ့သီးသန့်ချုပ်ဆိုထားတာ မဟုတ်ဘူး နိုင်ငံတော်အစိုးရနဲ့ချုပ်ဆိုတာ ဖြစ်တယ်၊ ပြီးတော့ ပြည်ထောင်စုလွှတ်တော်မှာ သဘောတူထားတယ်လို့ ပြောတာပေါ့၊ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ ဒီစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့ဟာ အခုစစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါတော့ ၂၀၀၈ ကို CRPH က ဖျက်လိုက်ပြီလို့လဲ ပြောတယ်၊ ဆိုတော့ ၂၀၀၈ အရပေါ်လာတဲ့ အစိုးရလည်း ပြတ်သွားပြီလို့ ကျနော်နားလည်တာ။ အဲတော့ NCA က ဘယ်လိုပုံစံမျိုး ဆက်ကျန်နေမလဲ။

ဖြေ- ကျနော်တို့အနေနဲ့ နားလည်ဖို့ဆိုတာက အစိုးရတစ်ရပ်ပေါ်တယ်ဆိုတာ ပြည်သူလူထုက ရွေးကောက် တင်မြှာက်တဲ့ အစိုးရတစ်ရပ်ပေါ်တယ်ဆိုတာ ၂၀ပ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ပေါ်လာတာ မဟုတ်ဘူး။ အခုလက်ရှိ ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပတဲ့ ရွေးကောက်ပွဲကနေ ပေါ်လာတာဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာဆိုတာ ပြည်သူလူထုလက်ထဲမှာ ရှိတယ်၊ အဲဒီအချုပ်အခြာအာဏာကို ရွေးကောက်ပွဲကနေတစ်ဆင့် ပြည်သူလူထုက ကျင့်သုံးခွင့်ပေးလိုက်သော လူထုကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းလိုက်တဲ့အစိုးရဟာ တရားဝင်အစိုးရ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းခြင်း၊ မဖျက်သိမ်းခြင်းဆိုတာ အဓိကမဟုတ်ဘူး။ ရွေးကောက်ပွဲကနေ ပြည်သူက ရွေးကောက်လိုက်တဲ့ ပြည်သူ့အစိုးရလက်ထဲမှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ကျင့်သုံးပိုင်ခွင့်ရှိတယ်ဆိုတာ အရေးကြီးတယ်၊ ထို့အတွက်ကြောင့် ကျနော်တို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းသော်လည်း လူထုနဲ့လက်နှိပ်ပေးတဲ့အစိုးရက ရှိနေပါသေးတယ်၊ လူထုကိုယ်စားလှယ်တွေ ရှိနေသေးတယ်၊ သူတို့ကနေပြီးတော့ အစိုးရတရားဥပဒေအတိုင်း ဖွဲ့လိုက်ရင် အဲဒီအစိုးရက တရားဝင်အစိုးရဖြစ်တယ်၊ အဲဒီအစိုးရနဲ့ ကျနော်တို့ စကားပြောမယ်။

 

MNA – ပေးပို့သည်။