တိုက်ပွဲဖြစ်ပွားခဲ့ရာ မာန်အောင်ကျေးရွာအနီး လက်နက်ကြီးများဖြင့် စစ်ကောင်စီတပ် ပစ်ခတ်နေဟုဆို

0
209

ဧပြီလ ၈ရက်၊ ၂၀၂၁ခုနှစ်။

ဧပြီလ ၆ ရက်နေ့ ညပိုင်းက ဝင်ရေးမြို့နယ်(မွန်ပြည်နယ်၊ ရေးမြို့နယ်)တွင် ကရင်အမျိုးသား အစည်းအရုံး-KNU တပ်မဟာ(၆) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအပြီး စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားရာ မာန်အောင်ကျေးရွာအနီးဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ ကြောင်း KNU ဘက်က ဆိုသည်။

၆ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် ပစ်ခတ်မှုအပြီး နောက်နေ့ နံနက်မှ စ၍ စစ်ကောင်စီဘက်မှာ ၎င်း ပစ်ခတ်မှု ဖြစ်ပွားရာ အနီးဝန်းကျင်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ပြီး ယနေ့ ၈ ရက်နေ့ နံနက် ၉ နာရီခန့်တွင်လည်း ကျေးရွာအတွင်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း KNU တပ်မဟာ(၆)၊ ဒူပလာယာ ခရိုင် တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “၆ ရက်နေ့ တိုက်ပွဲဖြစ်ပြီးတော့နောက်နေ့ ၇ ရက်နေ့မှာပဲ လက်နက်ကြီးနဲ့ လိုက်ပစ်တော့တာပဲ။ ဒေသခံတွေ ထိခိုက်တာမျိုးတော့ မကြားရသေးဘူး။ ကျနော်တို့ စခန်းတစ်ခု ထိတယ်ဆိုတာကလည်း မဟုတ်ပါဘူး” ဟု ကေအိုင်စီသို့ပြောသည်။

ဒေသအတွင်းထွက်ပေါ်လာသည့် သတင်းများအရ ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ မှာ ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအုပ်စု၊ မာန်အောင်ကျေးရွာဘက်သို့ လက်နက်ကြီး ၇ ချက်ခန့် ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်းသို့ ၂ချက်ကျရောက်ကာ KNU တပ်စခန်းတစ်ခုသို့ကျရောက်ခဲ့ကြောင်း နှင့် ထိခိုက်သေဆုံးမှု မရှိ ကြောင်း သတင်းများထွက်ပေါ် လာခြင်းဖြစ်သည်။

ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်မှူးတစ်ဦးကမူ ယနေ့ တွင် စစ်ကောင်စီဘက်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ၁၁ ချက်ပစ်ခတ်ခဲ့ကြောင်း နှင့် လူနေအိမ်တစ်လုံး ထိမှန်ခဲ့သည်ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ တိုက်ပွဲ ဖြစ်ပွားရာ နေရာမှ ဒေသခံကျေးရွာသားများသည် တိုက်ပွဲဖြစ်ပွားခဲ့ရာ ၆ ရက်နေ့ ညပိုင်းတွင် သာ ဘေးလွှတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့မှု ရှိသော်လည်း လက်ရှိ ထိပ်တိုက်ပစ်ခတ်မှု မရှိချိန်တွင် ကျေးရွာ အတွင်းသို့ ပြန်လည် ဝင်ရောက်နေထိုင်ကြကြောင်းနှင့် နောက်ထပ် တိုက်ပွဲများ ဖြစ်ပေါ်မည်ကို စိုးရိမ်မှုများ ရှိနေ ကြောင်းလည်း ဒေသခံကျေးရွားသားများနှင့် နီးစပ်သူများက ဆိုသည်။

ဧပြီ ၆ ရက်နေ့က ဖြစ်ပေါ်ခဲ့သော အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ ခြေလျင်တပ်ရင်း(ခလရ-၂၈၃)နှင့် KNLAတပ်ဖွဲ့ဝင်အကြား ပစ်ခတ်မှုတွင် စစ်ကောင်စီ ဘက်မှ ၅ ဦး ကျဆုံးခဲ့ပြီး ဒေသခံ ကျေးရွာ သားတစ်ဦး ထိမှန်သေဆုံးခဲ့ကာ နောက်ထပ် ဒေသခံတစ်ဦးမှာ ပေါင်နေရာကို ထိမှန်ခဲ့ကြောင်း အောက်ခြေမှ ခရိုင်သို့ ပေးပို့သည့် ကြေးနန်းသတင်းအပေါ် အခြေခံပြီး ဒူပလာယာ ခရိုင်တာဝန်ရှိသူများက အတည်ပြု ပြောဆိုသည်။

လတ်တလောတွင် KNU တပ်မဟာ (၆) နယ်မြေအတွင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ စစ်ရေး လှုပ်ရှားမှုများ ပိုမို ဝင်ရောက်လှုပ်ရှာနေကြပြီး ကြီးမားသည့် ထိပ်တိုက်ရင်ဆိုင်မှုများဖြစ်ပွားမည့်အပေါ် ဒေသခံ များမှ စိုးရိမ်ပူပန်လျက်ရှိသည်။

ကေအိုင်စီ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here