“ဧပြီလ ၈ ရက်နေ့ ၄နာရီ ဝန်းကျင်လောက်မှာ သလေခီး ကျေးရွာဘက်မှာ စစ်တပ်က ဗုံးလာကြဲထား တဲ့ အခြေအနေတွေကို မှတ်တမ်းသွားယူတဲ့အခါမှာ လေယာဉ် တစ်စီးလာပြီး ဝဲနေတော့ လုံခြုံတဲ့ နေရာကို ပြန်ပြေးလာလိုက်ရတယ်” စောနန္ဒဆူး (ကရင်လူ့အခွင့်အရေးအဖွဲ့)

0
248

KHRG စည်းရုံးလှုံ့ဆော်ရေး တာဝန်ခံနှင့် ဆက်သွယ်မေးမြန်းခြင်း

၉ ဧပြီ ၂၀၂၁

လက်ရှိအာဏာသိမ်းစစ်ကောင်စီနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)တို့အကြား တိုက်ပွဲများကြောင်း KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ မူတြော်(ဖာပွန်) ခရိုင်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်အရေအတွက်ဟာ သောင်းနှင့်ချီတဲ့အဖြစ် ဖြစ်လာပြီ။ စစ်ဘေးရှောင်ပြည်သူများနဲ့ပတ်သက်ပြီး မြေပြင် အခြေအနေများကို ကိုယ်တိုင် စာရင်းပြုစုကောက်ယူနေတဲ့ ကရင်လူ့အခွင့် အရေးအဖွဲ့-KHRG စည်းရုံးလှုံ့ဆော် ရေး တာဝန်ခံ စော နန္ဒဆူးကို ဆက်သွယ်မေးမြန်းခြင်းထားပါတယ်။

မေး- လက်ရှိ မူတြော်ဘက်က စစ်ဘေးရှောင်နေရာကို ကိုယ်တိုင်သွားရောက် တွေ့မြင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါအုံး။

ကျနော် ဒေပူးနို( KNU တပ်မဟာ (၅) ခရိုင်ရုံးတည်ရှိရာ)ကျေးရွာကို ပြီးခဲ့တဲ့ ၇ ရက်နေ့ကတည်းက ရောက်လာ တယ်။ ပြီးတော့ ဒီက ပြေးလွှာတိမ်းရှောင်နေရတဲ့ ဒေသခံ ပြည်သူတွေကို လိုက်ကြည့်နေတယ်။ ဒါပေမဲ့ နေရာအစုံတော့ မရောက်သေးဘူး။ တောထဲမှာ ပြေးလွှားတိမ်းရှောင်နေရတဲ့ ပြည်သူတချို့ကို တွေ့ရတယ်။ ဒီမှာဆိုရင် အသက်ကြီးရွယ်အိုတွေကော လမ်းမလျှောက်နိုင်တော့တဲ့ အသက်တစ်ရာကျော်အဘွား တစ်ယောက် နဲ့ လည်းတွေ့ဖြစ်ပြီးတော့ သူတို့ ဒီမှာ အတော်ကလေး ခက်ခက်ခဲခဲ နေကြရတယ်။ ပြီးတော့ မီးဖွားခါနီးဗိုက်ကြီး သည်တွေ မွေးခါစ မိခင်တွေလည်း တွေ့ရတယ်။ မနေ့က ဧပြီလ ၈ ရက်နေ့ ၄နာရီ ဝန်းကျင်လောက်မှာ သလေခီး ကျေးရွာဘက်မှာ စစ်တပ်က ဗုံးလာကြဲထားတဲ့ အခြေအနေတွေကို မှတ်တမ်းသွားယူတဲ့အခါမှာ လေယာဉ် တစ်စီးလာပြီး ဝဲလာနေတော့ လုံခြုံတဲ့ နေရာကို ပြန်ပြေးလာလိုက်ရတယ်။ နောက် ည ၇ နာရီ ခွဲလောက်မှာ ဒရုန်း ၄ စီးလောက်က ဖြေးဖြေးလေးလာပြီး ထောက်လှမ်းနေတယ်။ ဘယ်အချိန် ဗုံးလာချအုံးမလဲဆိုတာကို သတိအနေ အထားနဲ့ နေနေရတယ်။

မေး- လတ်တလော အိုးအိမ် စွန့်ခွာ ပြေးလွှား တိမ်းရှောင်နေကြရတဲ့ ပြည်သူတွေအတွက် လိုအပ်ချက်တွေ များစွာရှိမှာပဲ။ အဲ့ထဲမှာ လက်ရှိ အဓိက လိုအပ်ချက်က ဘာတွေ ဖြစ်မလဲ။

အကူအညီက သူများပို့ပေးတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီဘက်တွေကို အကုန်မရောက်သေးဘူး။ အဓိက လိုအပ် တာက အမိုးအကာတွေ၊ တာလပတ်၊ ပုခက်တွေ၊ အိပ်ယာအခင်းတွေ နဲ့ အဓိက အခြေခံ အစားအသောက် တွေ ဖြစ်တဲ့ ဆန် ဆီ ဆားတွေ၊ နောက်ပြီး သက်ကြီး ရွယ်အိုတွေအတွက် ဆန်ပြုတ်အထုပ်တွေ၊ ဗိုက်ကြီးသည်၊ မီးနေသည် တွေ အတွက်ကျတော့ အဟာရ ဖြစ်စေမဲ့ အစားအသောက်တွေ တကယ်လိုအပ်တယ်။

မေး- အခု အဲ့ကိုရောက်တော့ ဗုံးကြဲခံရပြီးနောက်ပိုင် ကိုယ်တိုင်မြင်တွေ့ရတဲ့ ပျက်စီးမှု အခြေအနေ တွေလည်း ပြောပြပေးပါအုံး။

ဗုံးကျ မှန်ထားတဲ့ နေရာတွေကို မနေ့က သွားကြည့်တော့ အဲ့မှာ ဗုံးကျထားတဲ့ နေရာက အနည်းဆုံး ပေ ၂၀ လောက်ပြန့်ပြီးတော့ အနက်က ၁၀ ပေလောက် ရှိမယ်လို့ ခန့်မှန်းမိတယ်။ ကျနော် သွားကြည့်တဲ့ နှစ်နေရာ လောက်မှာ အိမ် တစ်လုံးဆိုရင် မီးလောင်ပြီး ပြာတွေလောက်ပဲ ကျန်တော့တယ်၊ တခြားအိမ်တစ်လုံးဆိုရင် အပေါ်က စက် သေနတ် နဲ့ပစ်ထားတဲ့ အရာတွေက အိမ်ကိုမှန်ပြီး ဖောက်ထွက်သွားတဲ့ အရာတွေ မြင်တွေ့ရတယ်၊ ပြီးတော့ အဲ့ အိမ်ထဲမှာ စက်သေနတ်မှန်ပြီး သေဆုံးသွားတဲ့ သူရဲ့ သွေးအိုင်ခွက်လည်း အိမ်ရဲ့ ဝါးထရံကြမ်းခင်းပေါ်မှာ အကွက်လိုက်တွေ့ရသေးတယ်။

မေး- အခုလက်တလောအချိန်ထိ ရရှိထားတဲ့ ထိခိုက်သေဆုံးမှု စာရင်းကိုလည်း သိထားသလောက် ပြော ပြပေး ပါ လား။

ထွက်ပြေးတိမ်းရှောင်ရတဲ့ လူဦးရေက ပိုပြီးတော့ တိုးတိုးလာတယ်။ ကျနော်တို့ လက်ခံရရှိထားတဲ့ စာရင်းအရ ဆိုရင် လက်ရှိမှာ ဒီ ဒေပူးနို နယ်တစ်ဝိုက်မှာပဲ ပြေးလွှားပုန်းအောင်နေရသူ (၂၄၉၀)ဦးနဲ့ အိမ်ခြေက (၃၄၃)အိမ်ရှိ တယ်။ ဒါက ကျေးရွာ ၈ ရွာလောက်စာရင်းပေါ့။ ပြီးတော့ ဗုံးကြဲခံရအပြီး ထိမှန် သေဆုံးသွားတဲ့ ဦးရေက ၉ ဦးရှိ ပြီးတော့ ထိခိုက် ဒဏ်ရာရရှိတဲ့သူက ၉ ဦးရှိတယ်။

မေး- ယခုလက်ရှိ အဲ့မှာ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ထိတွေ့ပစ်ခတ်မှု အခြေအနေက ကောဘယ်လိုတွေ ကြားသိနေရလဲ။

အခုကျနော်ရောက်နေတဲ့ နေရာလောက်မှာဆိုရင် ရွာထဲမှာ ရွာသားတစ်ယောက်မှ မရှိတော့ဘူး။ သူတို့ရဲ့ အိမ်မွေး တရိစ္ဆာန်တွေလောက်ပဲ ကျန်တော့တယ် ရွာထဲမှာက။ ဒီဘက်ခြမ်းက စစ်ရေးလှုပ်ရှားမှု ဘားမှ ထူးထူး ခြားခြား လုပ်တာမရှိဘူး။ မြေပြင်ကနေ လာတိုက်တာမဟုတ်ဘဲ ဝေဟင်ကနေ လာတိုက်တာဖြစ်တဲ့အတွက် ဘားမှလည်း ထူးခြားပြီး မလုပ်နိုင်ကြဘူး။ ဒါပေမဲ့ မနေ့က ဧပြီလ ၈ ရက်နေ့မှာ ကျနော်တို့ သတင်းကြားမိ တာက စစ်တပ်ဘက်က တပ်ရင်း နံပါတ် (၄၃၄) က လက်နက်ကြီးနဲ့ ထီးဘန့်ခါထ ရွာအနီးကို ပစ်တယ်လို့တော့ ကြားတယ်။ ဒေသခံ ရွာသားတွေတော့ အကုန်ထွက်ပြေးကုန်ပြီးတော့ ထိခိုက်တာမျိုးတော့ မကြားမိဘူး။ ဒါပေမဲ့ ပွာဝေါ ရွာထဲကို ၃ ကြိမ်ပစ်တယ်၊ သေဘူးပလောမှာကျတော့ ၄ကြိမ်၊ စောမူပလောမှာကျတော့ ၅ကြိမ်၊ ယဲမူပလော မှာကြတော့ ၃ ကြိမ်ပစ်တယ်။ စောမူပလောဘက်မှာ ရွာသားတွေ ထိခိုက်မှုမရှိပေမဲ့ ဒေသခံ တွေရဲ့ ကျွဲတွေ ထိခိုက်မှုရှိတယ်။ ဒါပေမဲ့ ဘယ်နကောင်လောက်ထိလဲ ဆိုတာတော့ သူတို့ ပြန်မကြည့်ရဲကြသေးဘူး။

မေး- ဒီလိုမျိုး တချိန်လုံး ပြေးလွှား တိမ်းရှောင်နေရမယ်ဆိုရင် ဒီ ဒေသခံတွေ အတွက် ရှေ့ဆက် ဘာတွေ အခက်အခဲ ဖြစ်လာနိုင်သလဲ။

ကျနော်တို့ လူ့အခွင့်အရေး ရှု့ထောင့်ကနေကြည့်ရင် အကုန်လုံးကို ချိုးဖောက်မှု ပြုတာပဲ။ အထူးသ ဖြင့် ရှင်သန် နေထိုင်ခွင့် ( Right to life)၊ လုံခြုံခွင့်တွေ နဲ့ ကျန်းမာရေး အခွင့်အရေး၊ ပညာရေး၊ လုပ်ကိုင်စားသောက်မှု အခွင့် အရေးအားလုံးကို ထိခိုက်သွားတာပါပဲ။ ဒီအခြေအနေမျိုးက အချိန်ကြာမြှင့်လာမယ်ဆိုရင် ဒေသခံ တွေ အတွက် က ကျန်းမာရေးနဲ့ စားသောက်ရေးအတွက် တော်တော်လေး စိုးရိမ်ရမှာဖြစ်တယ်။ ဘာဖြစ်လဲ ဆိုတော့ သူတို့ ဒီတောထဲမှာ ဘယ်အချိန်အထိ နေရမလဲ ဆိုတာ မသိဘူး။ စားနှပ်ရိက္ခာ အကူအညီတွေကလည်း အချိန်မှီ ရောက်မလာတဲ့အတွက် လက်ရှိ ရရှိထားသလောက်က ရက်သတ္တပတ်စာလောက်ပဲလို့ သိရတယ်။ ရေရှည် ဆက်နေရအုံးမယ်ဆိုရင် ငတ်ပြတ်တာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

စအိုက်ဆူး (KIC) – ရေးသည်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here