KIA ထိန်းချုပ်နယ်မြေ အလောဘွမ်စခန်းအား ဂျက်တိုက်လေယာဉ်ဖြင့် အာဏာသိမ်းစစ်တပ်မှ အကြိမ်ကြိမ်ပစ်ခတ်နေ

0
228

၁၂ ဧပြီ ၂၀၂၁

ယနေ့ နံနက်ပိုင်းမှစတင်ပြီး KIO ဗဟိုဌာနချုပ်နယ်မြေ အလောဘွမ် (Alaw Bum) သို့ အာဏာသိမ်းစစ်တပ်က ဂျက်တိုက်လေယာဉ်များဖြင့် သွားရောက်ပစ်ခတ်နေကြောင်း သိရသည်။

ဂျက်လေယာဉ် ၂ စီးက နံနက် ၇ နာရီ ၊ ၈ နာရီနှင့် ၉ နာရီထိုးခါးနီး စသည့်အချိန်တို့တွင် ၃ ကြိမ်တိတိ သွားရောက်ပစ်ခတ်ခဲ့သည်။

စစ်အရေးအရ အရေးပါသော အဆိုပါ အလောဘွမ် (Alaw Bum) တပ်စခန်းကို အာဏာသိမ်းစစ်တပ်က ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ကစပြီး လက်နက်ကြီးအပြင် စစ်အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။

အဆိုပါ လက်နက်ကြီးပစ်ခတ်သံနှင့် ဂျက်လေယာဉ်ဖြင့် သွားရောက်ပစ်ခတ်နေသည်အသံများကို လိုင်ဇာမြို့ကပင် ဆက်တိုက်ကြားနေရကြောင်း မြို့ခံ များက ပြောသည်။

ထို့အပြင် ဗန်းမော်-မြစ်ကြီးနားလမ်းမပေါ် ရှိ မြို့သစ် တာပိန်မြစ်တံတားစောင့်သော တပ်စခန်းတစ်ခုကိုလည်း ယနေ့နံနက်တွင် KIA က တိုက်ခိုက်ဖယ်ရှားလိုက်ကြောင်း သိရသည်။

အလောဘွမ်တပ်စခန်းကို အာဏာသိမ်းစစ်တပ်က ၁၉၉၀ ဝန်းကျင်ခန့်က သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ထိုနေရာကို ပြီးခဲ့သည့်မတ်လ ၂၅ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here