အာဏာသိမ်းစစ်တပ်မှ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြောင်း KNU ထုတ်ပြန်

0
304

ဧပြီ ၁၂ ရက်၊ ၂၀၂၁ ခုနှစ်။

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅) မူတြော်(ဖာပွန်)ခရိုင်အတွင်း အာဏာသိမ်းစစ်ကောင်စီမှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူလူထုများက စိုးရိမ်ထိတ်လန့်နေရသည်ဟု KNUက ယမန်နေ့ ဧပြီလ ၁၁ရက်နေ့ က သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

ဧပြီလ ၉ ရက်နေ့က မူတြော်(ဖာပွန်)ခရိုင် လူသောမြို့နယ်၊ စောမူပလောကျေးရွာအုပ်စုတွင် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်(တပခ)၏ လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ – ၂၀) တို့သည် ပြည်သူလူထု၏ လုပ်ငန်းခွင်နေရာများသို့ လက်နက်ကြီး ၅ လုံးပစ်ချခဲ့သလို လုပ်ငန်းခွင်မှာ အလုပ်လုပ်နေသည့် ဒေသခံများကို သေနတ်ဖြင့် လှမ်းပစ်ခဲ့ကြောင်း ဒေသခံ တစ်ဦး၏ ပြောကြားချက်ကိုးကားပြီး KNU မှ ယခုလို ထုတ်ပြန်ထား ခြင်းဖြစ်သည်။

ဒေသခံ စောမူးဖလယ်က “အခုလို အကြမ်းဖက်စစ်အုပ်စုကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ရေမြောင်း၊ ရေတမံ တွေကို ပြန်လည်ရှင်းလင်းလုပ်ဆောင်ဖို့အတွက် အခက်အခဲတွေကြုံတွေ့ရပြီး ကြောက်ရွံ့ ထိတ်လန့်မှုတွေ ရှိနေကြတယ်” ဟု KNU ပြန်ကြားရေး သူးလေသတင်းစဉ်၌ ဖော်ပြထားသည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စုမှ လုပ်ငန်းခွင်၌အလုပ်လုပ်နေသည့် နော်သွောလေ နှင့် ဆာမူးတို့ကို သေနတ်ဖြင့် ၅ ချက် လှမ်းပစ်ခဲ့သည်ဟုလည်း စောမူးဖလယ်က ဆက်ပြောထားသည်။

အလားတူ ဧပြီလ ၁၀ ရက်နေ့တွင်လည်း ခေးပူအုပ်စု၊ ခိုဒေါခိုတွင် နေရာယူထားသည့် စစ်ကွပ်ကဲရေး ဌာနချုပ်(စကခ – ၄)လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ – ၂၀၉) တို့သည် လမ်းမပေါ်မသွားဘဲ တောင်းယာ စိုက်ပျိုးခင်းများထဲသို့ သွားရောက်နေရာယူခဲ့ကြသည်ဟုလည်း KNU က ဆိုသည်။

စစ်ကောင်စီမှ ပြီးခဲ့သည့် ဧပြီလ ၁ရက်နေ့မှစ၍ တစ်လတာ အပစ်အခတ်ရပ်စဲထားကြောင်း ထုတ်ပြန်ထားသော် လည်း စစ်အာဏာသိမ်းမှုကို လက်မခံသော KNU နှင့် ပြီးခဲ့သည့် လများကစ၍ စစ်ရေးတင်းမာလာပြီး တိုက်ပွဲ ကြီးငယ် ၂၀၀ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများကို ယခုလဆန်းပိုင်းများတွင် လည်းပြုလုပ်ခဲ့သည်ဟု KNUဘက်က ဆိုသည်။

KNU တပ်မဟာ(၅)တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခနှင့်ပတ်သက်ပြီး ဧပြီလ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အာဏာသိမ်းစစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မဟာ ၅ ကို လေကြောင်းကနေ တိုက်ခိုက်ရခြင်းသည် နှစ်ဦးနှစ်ဖက် အသေအပျောက်နည်းရန်နှင့် သတိပေးသည့်အနေဖြင့် လေကြောင်းတိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဆိုခဲ့သည်။

လွန်ခဲ့သည့် မတ်လ ၂၇ ရက်နေ့တွင် စစ်ကောင်စီ တပ်စခန်းတစ်ခုကို KNU တပ်မဟာ ၅ မှ သိမ်းယူပြီးနောက် စစ်ကောင်စီဘက်မှ ၎င်းနယ်မြေကို ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြင့် ပြန်လည်တုံ့ပြန်ခဲ့ပြီးနောက် ယနေ့ အချိန်ထိ KNU တပ်မဟာ (၅)နယ်မြေတွင် နှစ်ဖက်တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ဒေသခံပြည်သူ လူထုများ ထိခိုက်သေဆုံးမှုများရှိသလို သောင်းနှင့်ချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရ လျက် ရှိသည်။

အလားတူ ကျန်ရှိသော KNU တပ်မဟာ(၁)၊(၃)၊(၄) နှင့် (၆) နယ်မြေများတွင်လည်း စစ်ရေးတင်းမာမှုများနှင့် နှစ်ဖက်ထိတွေ့ တိုက်ခိုက်မှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

စအိုက်ဆူး(KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here