“ကျနော်တို့က စစ်ကောင်စီနဲ့ ဆွေးနွေးမှာ မဟုတ်ဘူး။ သူတို့ခြေထောက်ကို ဘယ်လိုရိုက်ချိုးပစ်ပြီး ဘယ်လိုနည်းနှင့် ဖမ်းမယ်ဆိုတာကိုပဲ စီစဉ်နေတာဖြစ်တယ်” ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင် (အမျိုးသားညီညွတ်ရေးအစိုးရ NUG)

0
294

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အမေးအဖြေ

၂၆ ဧပြီ ၂၀၂၁

ဧပြီလ ၁၆ရက်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှ အနိုင်ရပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)မှ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ဝန်ကြီးဌာန ၁၁ခုဖြင့် ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီး (၁၀)ဦး၊ ဒုတိယပြည်ထောင်စုဝန်ကြီး ၁၄ဦးတို့ကို ခန့်အပ်ခဲ့ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင် ပါဝင်သော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး – NUG ရဲ့ သယံဇာတဝန်ကြီး ဘယ်လိုဖြစ်လာတယ်ဆိုတာကို ပထမဦးဆုံး ပြောပြပေးပါ။

ဖြေ – CRPH နှင့် KPICT နှစ်ခုကြားဆွေးနွေးပြီးတဲ့အခါ CRPH က NUG ကိုဖွဲ့စည်းမယ့် အချိန်ကျတော့ တိုင်းရင်းသားပေါင်းစုံပါဝင်စေချင်တယ်လို့ KPICT ကိုတောင်းဆိုတယ်။ လူပုဂ္ဂိုလ်တောင်းတဲ့အခါ KPICT အနေနဲ့ အခြားလူတွေကိုလည်း ပြောဆိုတိုင်ပင်ခဲ့ပေမဲ့ အချိန်တိုအတွင်း ဘယ်သူမဆို ဆုံးဖြတ်ချက် ချရခက်တယ်လေ။ ဒါကြောင့် KPICT ထဲမှာ ပါဝင်ဆွေးနွေးနေတဲ့ လူကြီး ၃ ယောက်ကို ပေးလိုက်တာဖြစ်တယ်။

မေး – အခု နွေဦးတော်လှန်ရေးဆိုပါစို့ NUG အစိုးရ ဆရာတို့အနေနဲ့ ဘယ်လောက်ထိ အောင်မြင်မယ်လို့ မျှော်မှန်းထားလဲ။

ဖြေ- မအောင်မြင်လို့ကို မဖြစ်ဘူး။ ဘာကြောင့်လဲဆိုရင် ဒီကနေ့ မြန်မာနိုင်ငံမှာ အနုပညာရှင်တွေအစ CDM ဝန်ထမ်းတွေနဲ့ ထွက်ပြေးနေရတဲ့သူတွေ စိုးရိမ်ကြောက်နေရတဲ့သူတွေ အရမ်းများတယ်။ ဒါတွေအားလုံးကို လုံခြုံရေးပေးနိုင်ဖို့က ကျနော်တို့ ငြိမ်းချမ်းတဲ့ နိုင်ငံတော်အမြန်ဖွဲ့စည်းမှ ရမယ်။ အားလုံးပါဝင်ပြီး တွန်းလှန်နိုင်ဖို့ ပြင်ဆင်နေကြရတာဖြစ်တယ်။

မေး – NUG အစိုးရက စစ်ကောင်စီအဖွဲ့နှင့် အွန်လိုင်းအနေဖြင့်လည်းကောင်း တွေ့ဆုံဆွေးနွေးတာမျိုးကော ရှိလာနိုင်လား။

ဖြေ – ကျနော်တို့က စစ်ကောင်စီနဲ့ ဆွေးနွေးမှာ မဟုတ်ဘူး။ သူတို့ ခြေထောက်ကို ဘယ်လိုရိုက်ချိုးပစ်ပြီး ဘယ်လိုနည်းနှင့် ဖမ်းမယ်ဆိုတာကိုပဲ စီစဉ်နေတာဖြစ်တယ်။

မေး- ဆရာ့အနေနဲ့ သယံဇာတဝန်ကြီးဆိုတော့ သယံဇာတနှင့်ပတ်သက်ပြီး ဘယ်လောက်ထိ ဆုံးဖြတ်ချက်ချ လုပ်ဆောင်သွားဖို့ စီစဉ်ထားလဲ။

ဖြေ- ပထမဆုံး အရေးကြီးဆုံးက ဘာလဲဆိုရင် ဖက်ဒရယ်ပုံစံ တည်ဆောက်ဖို့လိုအပ်တယ်။ နဂိုကတည်းက နေထိုင်ခဲ့တဲ့ ဌာနေတိုင်းရင်းတွေကို ဦးစားပေးတဲ့ ပုံစံမျိုးနှင့် သွားမှာဖြစ်တယ်။ Indigenous Right ဆိုသည့်အတိုင်း သယံဇာတနှင့်ပတ်သက်ပြီး ဌာနေတိုင်းရင်းသားတွေကို ဦးစားပေး ဖြစ်လာမယ်။ ပြီးတော့ သယံဇာတဆိုတာ မြန်မာအစိုးရအဖွဲ့တိုင်းကို ငွေထောက်ပံ့ပေးနေတဲ့ ငွေအိတ်ကြီးတစ်ခုဖြစ်တယ်။ ဒါကြောင့် အခု အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးထောက်ပံ့မှုဖြစ်စေတဲ့ အရာမှန်သမျှကို အသေးစိတ်စုံစမ်းပြီး ပိတ်နိုင်ဖို့ လုပ်ငန်းစနေပြီဖြစ်တယ်။

မေး- နောက်တစ်ခုက အစိုးရသစ်ထိပ်ပိုင်းခေါင်းဆောင်မှာ ကချင်အမျိုးသားတချို့ နေရာယူထားတယ်။ လက်ရှိမှာ ဒုသမ္မတက အမြင့်ဆုံးဖြစ်နေတော့ ကျနော်တို့အတွက် ဘယ်လောက်ထိ ပေးဆပ် ပါဝင်ပေးရမယ်ဆိုတာကိုလည်း ပြောပြပေးပါ။

ဖြေ – ဒါက ကျနော်တို့ ကချင်တိုင်းရင်းသားတွေအတွက် အရေးကြီးဆုံးအချိန်၊ နိုင်ငံရေးအရ အမြင့်ဆုံး ဖြစ်တယ်။ ကျတော်တို့ လုပ်နိုင်ခဲ့ရင် ကျနော်တို့အတွက်ကောင်းမယ်။ မြန်မာပြည်ရဲ့ ထမင်းအိုးကို ကျနော်တို့ဆီမှာ ရွှေ့ထားပြီ။ ခုက ဒုသမ္မတ ရှိတယ်။ ပြီးတော့ ပညာရေး ဒုဝန်ကြီးရှိတယ်။ သယံဇာတဝန်ကြီး ရှိတယ်။ နောက်ဘယ်လောက်မကြာဘူး ဝန်ကြီးဌာနတွေလည်း ဒီဘက်ကို ရွှေ့လာဖို့အစီအစဉ်ရှိတယ်။ ဒါကြောင့် မြန်မာတစ်နိုင်ငံလုံးကို ကျနော်တို့ ဦးဆောင်တော်လှန်နိုင်ဖို့ ထိပ်ဆုံးနေရာမှာဖြစ်နေပြီဆိုတာ သတိရဖို့ လိုအပ်ပါတယ်။

မေး – နောက်တစ်ခု အွန်လိုင်းမှာလည်း လူထုတွေပြောနေတာက မြန်မာနိုင်ငံရဲ့အကြပ်အတည်းကာလ ရောက်လာတိုင်း ကချင်တိုင်းရင်းသားတွေက ကယ်ရမဲ့ တာဝန်ဖြစ်ဖြစ်လာတယ်။ အရင်က အဖြစ်အပျက်နှင့် နှိုင်းယှဉ်ရင်လည်း အခုတစ်ခါ ပြန်ဖြစ်လာတဲ့အခါ ဆရာတို့အနေနဲ့ ဘယ်လို ပြင်ဆင်ထားမှုတွေရှိလဲ။

ဖြေ – ကျနော်တို့မှာ အတွေ့အကြုံရှိနေပြီ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့လူမျိုးတွေ လူနည်းစုဆိုပေမဲ့ သူတစ်ပါးရဲ့ ယုံကြည်မှုကို ခံရတာက ဂုဏ်ယူစရာတစ်ခုဖြစ်တယ်။ ဘယ်လောက်မှ မများတဲ့ ဒီလူနည်းစုကို ဘာကြောင့်ယုံကြည်သလဲဆိုရင် ဒါက အချည်းနှီးတော့ မဟုတ်ဘူး။ ဦးဆုံးက ဘုရားသခင် လမ်းပြမှုကို ခံရတာဖြစ်တယ်။ နောက်တစ်ခုက ကျနော်တို့ အချင်းချင်း မထီမဲ့မင်ပြုကြရင်တောင် သူတစ်ပါးကတော့ အားကိုး ယုံကြည်တယ်။

မေး – အခုတစ်ချို့တွေက CRPH ကိုလည်း သိပ်မယုံကြည်သလို ပြောတယ်။ CRPH ကလူမျိုးကြီး ဝါဒကို ကျင့်သုံးတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်းရှိနေတယ်ဆိုတော့ ဒီအပေါ်မှာ ဘယ်လိုပြောပြချင်ပါသလဲ။

ဖြေ – ကျနော်တို့က CRPH ကို ယုံကြည်ပြီး အားလုံးပုံအပ်တာ မဟုတ်ဘူး။ သူ့ကို ယုံကြည်တာ မယုံကြည်တာထက် သူ့ဘက်ကလည်း ကိုယ့်ကို လိုအပ်တယ်။ ကျနော်တို့ဘက်ကလည်း သူ့ကိုလိုအပ်တယ်။ ဘုံလိုအပ်မှု ရှိနေတာကြောင့် လက်တွဲ လုပ်ဆောင်နေတာဖြစ်တယ်။ ကျနော်တို့ပဲ တော်လှန်နေတာ အချိန်အတော်ကြာသွားပြီ။ ဒါကြောင့် သူတို့လည်း တော်လှန်မယ်ဆိုတော့ အားပေးရတော့မယ်။

မေး – နောက်ဆုံးအနေနဲ့ NUG အစိုးရနှင့်ပတ်သက်ပြီး ပြည်သူလူထုကို ဘယ်လိုဖြည့်စွက် ပြောကြားလိုပါသလဲ။

ဖြေ – အရင် NCGUB နှင့်မတူတဲ့အချက်က NUG က ပြည်ပအစိုးရ မဟုတ်ဘူး။ နိုင်ငံအတွင်းမှာနေတဲ့ အစိုးရဖြစ်တယ်။ NUG ကို နိုင်ငံတကာကလည်း လက်ခံလာကြပြီ။ တချို့ ဒီမိုကရက်တစ်နိုင်ငံဆိုတာက အချိန်ယူ လုပ်ဆောင်ရတာဖြစ်တဲ့အတွက် အချိန်တော့ကြာနေမယ်။ အားလုံးက လက်ခံဖို့ အသင့်ရှိနေကြပြီ။ ဒီထဲမှာ ကျနော်တို့ NUG က လက်ဗလာဖြစ်နေရင် အင်အားမရှိတာကြောင့် စစ်တပ်ရှိရမယ်။ ဒါကြောင့် ဖက်ဒရယ်စစ်တပ်ဖြစ်လာဖို့ ပြည်သူလူထုအားလုံး ပါဝင်အင်အား ဖြည့်ရလိမ့်မယ်လို့ ပြောချင်ပါတယ်။

KNG – ပေးပို့သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here