“လူငယ်တွေကို အားပေးချင်တာက နိုင်ငံရေးလုပ်တယ်၊ တော်လှန်ရေးလုပ်တယ်ဆိုတာက သွေးထွက် ရမယ်၊ ကျဆုံးရမယ် စသဖြင့် နစ်နာခံရမယ်၊ ရိုက်ပုတ်ခံရမယ် ဒါကတော့ တော်လှန်ရေးရဲ့ သဘော သဘာဝပဲ” ခူးဒယ်နီရယ် (KNPP ၊ အတွင်းရေးမှူး – ၂)

0
222

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး – ၂ နှင့် အမေးအဖြေ

၂ မေ ၂၀၂၁

ဧပြီလ ၃၀ရက်နေ့ ဖရူဆိုမြို့မှာ စစ်ကောင်စီအုပ်စုရဲ့ ဖမ်းဆီးခံလိုက်ရတဲ လူငယ် (၇၀)ဝန်းကျင်နဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ရဲ့ အတွင်းရေးမှူး-၂ ခူးဒယ်နီရယ်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ စစ်ကောင်စီကနေ အာဏာသိမ်းမှုအပြီး ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်ဖြိုခွင်းတာတွေရှိလာတယ်။ အခုဆိုရင်လည်း ရရာလက်နက်စွဲကိုင်ပြီးတော်လှန်မယ်ဆိုတဲ့ လူငယ်တွေလည်းအများကြီးရှိလာတယ်။ တက်ကြွလုပ်ရှားလာကြတဲ့ လူငယ်တွေကို ဘယ်လိုမြင်လဲ။ ကေအဲန်ပီပီအနေနဲ့ အဲဒီလူငယ်တွေကို စစ်ရေးအရ သင်တန်းပေးတာတွေရှိလား။

ဖြေ။ ။ လူငယ်ရဲ့သဘောထား လူငယ်ရဲ့ဆန္ဒ၊ ဒါကတော့ လူထုရဲ့ဆန္ဒပဲပေါ့နော။ လူထုက ဖြစ်စေချင်တဲ့အခြေနေမျိုးဖြစ်အောင် ဖန်တီးကြတာပဲ။ အဲဒီထဲမှာလည်း လူထုအများစုက စစ်ကောင်စီကို ဆန့်ကျင်ကန့်ကွက်တယ်၊ နောက်ပြီးတော့ နည်းမျိုးစုံနဲ့တော်လှန်တယ်၊ ဆန့်ကျင်တယ်ဆိုတာတော့ ကျတော်တို့အနေနဲ့ ကန့်ကွက်စရာ အကြောင်းမရှိဘူး။ ဒါကလည်း အားပေးသင့်တဲ့ လုပ်ငန်းတစ်ခုပဲပေါ့လေ။ ကျတော်တို့အနေနဲ့ကတော့ လူငယ်တွေရဲ့ တောင်းဆိုမှုအရ သင်တန်းပေးပေးပါဆိုတာတော့ ခနခနလာပြောတယ် ။ ကျတော်တို့ကတော့ တိုက်ရိုက် ကေအဲန်ပီပီအနေနဲ့ လုပ်တဲ့ဟာမျိုးမဟုတ်ဘဲနဲ့ ကိုယ်စားပြုမှုတစ်ခုခုပေါ့နော။ ဥပမာ- သပိတ်ကော်မတီတွေရှိတယ်၊ နောက်ကွယ်က ခေါင်းဆောင်တွေ တချို့ရှိတယ်။ အဲဒီကနေစုဖွဲ့ပြီး ထလုပ်ကြတာတွေရှိတယ်။ အဲဒါ ကေအဲန်ပီပီကနေ တိုက်ရိုက် ကိုင်တွယ်တာမဟုတ်ဘဲနဲ့ ခုနပြောတဲ့ ပြည်နယ်ကိုယ်စားပြု အဖွဲ့အစည်းတစ်ခုခုကနေပြီး ဝိုင်းလုပ်ကြတာပဲရှိတယ်။ ကေအဲန်ပီပီကနေ တိုက်ရိုက်ကိုင်တွယ်တယ်၊ သင်တန်းပေးတယ် စသဖြင့်အဲလိုမျိုးဟာတော့ ဆုံးဖြတ်ချက်ကတော့ တဆင့်ခံပဲရှိတယ်ပေါ့နော။

မေး။ ။ လက်ရှိမှာကော ကေအဲန်ပီပီအနေနဲ့ စစ်ရေးသင်တန်းပေးတာတွေ ရှိလား။

ဖြေ ။ ။ကျတော်တို့အဖွဲ့အစည်းကတော့ ပုံမှန်ဖွင့်နေတဲ့သင်တန်းတွေတော့ ရှိတယ်။ ဒါကတော့ အဖွဲ့အစည်းနဲ့ပဲ ဆက်စပ်တယ်ပေါ့။ အဖွဲ့အစည်းရဲ့ ကိုယ်ပိုင် စစ်သင်တန်းပေါ့။ ဒါကတော့ ပုံမှန်ရှိနေတာပဲ။ တစ်နှစ်တစ်ခါ နှစ်ခါကတော့ အမြဲတမ်းလုပ်တယ်။ သင်တန်းပြီးသွားရင်တော့ ကျတော်တို့ရဲ့ အဖွဲ့ဝင်တွေပါ။ ခုနပြောတဲ့ လူငယ်ကနေ ထလုပ်တဲ့ ကေအဲန်ပီပီကနေ တိုက်ရိုက် တစ်ဖွဲ့တစ်စည်းထဲ ကိုယ်စားပြုမှုမဟုတ်ဘဲနဲ့ ပြည်နယ်ကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းတစ်ခုခုကနေ တာဝန်ယူပြီးတော့မှ ဝိုင်းလုပ်ကြတာရှိတယ်။

မေး။ ။ ဧပြီလ ၃၀ ရက်နေ့မှာ ကေအဲန်ပီပီရဲ့ စစ်သင်တန်းကနေ ပြန်လာပြီး ဖရူဆိုမြို့နယ်မှာ လူငယ် (၇၀) ဖမ်းမိတယ်ဆိုတဲ့အကြောင်း အများက ပြောဆိုနေကြတာရှိတယ်။ ကေအဲန်ပီပီအနေနဲ့ ဒီအပေါ်မှာ ဘယ်လိုတုန့်ပြန်ပြောဆိုချင်လဲ ကေအဲန်ပီပီနဲ့ ပတ်သက်မှုရှိလား။

ဖြေ။ ။ လက်မှတ်ပေး ဘာညာကတော့ ကျတော်မသိဘူး။ သို့သော် ခုနပြောတဲ့ သင်တန်းတွေကတော့ ကေအဲန်ပီပီက ပေးပြီဆိုရင်တော့ ပြန်လာစရာအကြောင်း မရှိဘူး။ ဒါကတော့ ခွဲခြားသိစေချင်တယ်။ ဥပမာ- ကေအဲန်ပီပီကနေ ပေးတဲ့သင်တန်းဆိုရင် ကေအဲန်ပီပီအောက်က ရဲဘော်ပေါ့လေ။ ကရင်နီတပ်မတော် ဖြစ်မှာပဲဆိုတော့ ပြန်လွှတ်စရာ အကြောင်းမရှိဘူး။ ဟိုရက်ကဖြစ်တဲ့ဟာမျိုးဆိုရင် ခုနပြောသလို အဖွဲ့အစည်းပေါင်းစုံကနေ ကိုယ်စားပြုပြည်နယ်ကိုယ်စားပြုဖွဲ့ထားတဲ့ ကော်မတီအဖွဲ့ကနေပဲ ကြီးမှူးကျင်းပတာဖြစ်တယ်။ အဲဒါတော့ နည်းနည်းခွဲခြားမြင်ဖို့တော့ လိုတယ်ပေါ့နော။ ကေအဲန်ပီပီကနေ တိုက်ရိုက်ပေးတဲ့သင်တန်းမျိုးဆိုရင် ဒါက ကရင်နီတပ်မတော်ဖြစ်မှာပဲပေါ့။ ဆိုတော့ ပြန်လွှတ်ရာအကြောင်း မရှိဘူး၊ သူတို့ကို ပရမ်းပတာပြန်လွှတ်လို့လည်း မရဘူး။ ဟိုတစ်နေ့ကဖြစ်တဲ့တစ်ခုကတော့ ခုနပြောတဲ့ စုပေါင်းဖွဲ့ထားတဲ့ ပြည်နယ်ကိုယ်စားပြုမှုကနေပဲ စီစဉ်သွားတဲ့အတွက် သူတို့ရေရှည်မှာတော့ ဘယ်လို Plan ချထားလဲ အတိအကျပြောလို့လည်း မရဘူး။ သို့သော် သင်တန်းပေးတာတော့ ရှိတယ်။ ကေအဲန်ပီပီကနေ တိုက်ရိုက်မဟုတ်ဘဲ ကိုယ်စားပြုမှုတစ်ခုခုကနေ ပေးပြီးတော့မှ ဘယ်လိုပြန်လွှတ်ကြလဲ၊ ဘယ်လိုအစီအစဉ်နဲ့လဲ ကျတော်ကတော့ မသိဘူး။ သို့သော် ဖမ်းခံရတယ် ဖမ်းမိတယ်လို့ ကြားတယ်ပေါ့လေ။ အခုလည်း ကျတော်တို့အနေနဲ့ ကေအဲန်ပီပီက ပေးထားတဲ့သူ မဟုတ်ဘူး။ သို့သော် ပြည်နယ်ကိုယ်စားပြုလူထုတွေ ဖြစ်တယ်။ ဒါတွေက စဉ်းစားရမယ်ဆိုတာလည်း ကျတော်တို့အချိတ်အဆက် လုပ်ပေးနေပါတယ်။

မေး။ ။ စစ်ကောင်စီကနေ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် ၇၀ ဝန်းကျင်အတွက် ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ။

ဖြေ။ ။ တာဝန်အရှိဆုံးကတော့ ခုနပြောတဲ့ကိုယ်စားပြုမှုအဖွဲ့အစည်းတစ်ခုခုကနေ တာဝန်ရှိတယ်။ ဆိုင်ရာခေါင်းဆောင်တွေကလည်း အမျိူးမျိူး အဆင့်ဆင့်တွေ အများကြီးရှိပါတယ်။ ဆိုလိုတာက တက်ကြွတဲ့လူငယ်တွေခေါင်းဆောင်လေ့ ရှိတယ်။ အဲဒီမှာကတော့ ခေါင်းရှောင်နေတာတော့ မဟုတ်ဘူး၊ အခုပြောနေတာက ကျတော်တို့မှာလည်း တာဝန်ရှိတာပေါ့။ ကေအဲန်ပီပီအနေနဲ့ကလည်း တာဝန်ရှိတယ်၊ အဖွဲ့အစည်းတိုင်းမှာလည်း တာဝန်ရှိတယ်။ ပြည်နယ်ထဲက လူထုတွေဖြစ်တဲ့အတွက် အဖွဲ့အစည်းတိုင်း ပါတီတိုင်း လူထုခေါင်းဆောင်တိုင်းမှာ တာဝန်ရှိတယ်။ ကျနော်လည်း တာဝန်ရှိလို့ပဲ သူတို့ကို ကူညီလိုက်ပြောပေးတာပေါ့။ ဘယ်သူက အဓိက တာဝန်ရှိသလဲဆိုတာတော့ ခေါင်းဆောင်လုပ်တဲ့သူတိုင်းက တာဝန်ရှိတယ်ဆိုတာ ပြောပြချင်ပါတယ်။

မေး။ ။ ဒီလိုဖမ်းဆီးခံလိုက်ရတဲ့အတွက် နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်နိုင်လဲ။

ဖြေ။ ။ ဒီဟာက စစ်ကောင်စီပေါ်မှာ အများကြီး မူတည်ပါတယ်။ တကယ်တမ်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မထိခိုက်စေချင်ဘူးဆိုရင်တော့ ဒီလူထုတွေနဲ့ တွေ့ဆုံဆွေးနွေးမှု၊ ညှိနှိုင်းမှုနဲ့ ဖြေလျော့ပေးလို့ရတယ်။ ဒါကတော့ သူတို့အပိုင်းပေါ့။ မဖြေလျော့ဘူးဆိုရင်တော့ ၁၇(၁) တွေနဲ့ တရားစွဲမယ်၊ ရိုက်မယ် ၊ ပုတ်မယ် သူလုပ်မှာပဲ။ အဲလိုမျိုးလုပ်လေလေ လူထုတွေကတော့ တက်ကြွလေလေဖြစ်မှာပဲ၊ မယုံမရှိနဲ့ သူတို့နှိပ်စက်ကြည့်ကြည့် နှိပ်စက်လို့ပဲ လူတွေထွက်လာကြတယ်လေ။ အဲလိုမျိုးသာ ဖမ်းမယ်၊ စီးမယ် ၊ ရိုက်ပုတ်မယ် စသဖြင့် သူလုပ်ရင်တော့ သူ့ရန်သူက ပိုများလိမ့်မယ်။ ဒါကို ပြောချင်တယ်ပေါ့နော။

မေး။ ။ လက်ရှိအချိန်ထိ ဖမ်းဆီးခံနေရတဲ့ ပြည်သူလူထုကို ဘယ်လိုအားပေးချင်လဲ။

ဖြေ။ ။ လူထုအပါအဝင် ဖမ်းခံထားရတဲ့သူကို အားပေးချင်တယ်။ တော်လှန်ရေးလုပ်တယ်ဆိုတာ အစပိုင်းပဲရှိသေးတယ်။ ဒါလပိုင်းပဲ ရှိတယ်၊ နိုင်ငံရေးသမား ထောင် (၆)လ၊ နိုင်ငံရေးပေါက်စ ထောင် ၆ လဆိုတာ ဗမာစကားပုံရှိပြီးသား။ နိုင်ငံရေးလုပ်ချင်ရင်တော့ ထောင်ကျ ဖူးရမယ်၊ တော်လှန်ရေး လုပ်ချင်ရင်တော့ သွေးထွက်ရမှာပဲ။ ဒါကတော့ လူငယ်တွေကို အားပေးချင်တယ်။ အခု ဒီလိုမျိုးတစ်ခုတည်းနဲ့ တစ်ခါတည်းနဲ့ စိတ်ဓာတ်ကျတာမျိုးတော့ မဖြစ်စေချင်ဘူး။ တော်လှန်ရေးလုပ်တာကတော့ မရေတွက်နိုင်တဲ့ ကျဆုံးမှုတွေက ရှိခဲ့ပြီးပြီ။ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတိုင်းမှာ မရေတွက်နိုင်တဲ့ ကျဆုံးမှုတွေက ရှိခဲ့ပြီ။ အခု လူ ၇၀၀၊ ၈၀၀ သေတယ်ဆိုတာက ကျတော်တို့တိုင်းရင်းသားတွေကို မမှီသေးပါဘူး။ သို့သော် တစ်ချိန်တစ်ခါတုန်းက မှတ်တမ်းမရှိဘူး။ ဒီလိုမျိုး ဆိုရှယ်မီဒီယာမရှိတော့ ဘာဖြစ်နေမှန်း ဘယ်သူမှမသိဘူး။ ဥပမာ- လွိုင်ကော်မှာ မိုင်းကွဲတယ်၊ ဗုံးကွဲတယ်၊ တိုက်ပွဲတွေအကြီးအကျယ်ဖြစ်တယ်လေ။ အရင်တုန်းက တောင်ကြီးက သူတွေလည်း မသိဘူး။ ရန်ကုန်၊ မန္တလေးက လူတွေလည်း မသိဘူး။ အခု ဘယ်နားဖြစ်ဖြစ် အားလုံး သိရှိရတော့ တကယ်ဖြစ်နေပါလားဆိုတာ လူတွေသိကြတယ်လေ။ အရင်တုန်းက သေလာခဲ့ပေါင်း ခြေပြတ်လာခဲ့ပေါင်းတွေ မနည်းတော့ဘူး။ လူငယ်တွေကို အားပေးချင်တာက နိုင်ငံရေးလုပ်တယ် တော်လှန်ရေးလုပ်တယ်ဆိုတာက သွေးထွက်ရမယ် ကျဆုံးရမယ် စသဖြင့် နစ်နာခံရမယ်၊ ရိုက်ပုတ်ခံရမယ် ဒါကတော့ တော်လှန်ရေးရဲ့ သဘောသဘာဝပဲ။ သူတို့ ဒီဟာလေးနဲ့တော့ စိတ်ဓတ်ကျဖို့ မလိုဘူးပေါ့လေ။ နိုင်ငံရေးလုပ်တဲ့သူက ထောင်ကျဖူးရမှာပဲ။ ဒါမှ လိုချင်တဲ့ပန်းတိုင်ရောက်မယ်ဆိုတာက လူငယ်တွေကို အားပေးချင်ပါတယ်။

မောဦးမြာ (ကန္တရဝတီတိုင်းမ်) – မေးမြန်းသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here