“ကိုယ့်လူမျိုးအချင်းချင်း ထိတွေ့ ပစ်ခတ်မှု နဲ့ ရင်ဆိုင်ရမှာကို မလိုလားတာတော့ အမှန်ပဲ။  ဒါပေမဲ့ သူတို့အနေနဲ့ စစ်အာဏာရှင်ရဲ့ အမိန့်ကို နာခံရပြီး ကျနော်တို့ရဲ့  နယ်မြေလုံခြုံရေးနဲ့ ပြည်သူလူထုတွေကို ထိပါးလာခဲ့ရင်တော့ လက်ပိုက်ကြည့်မနေနိုင်ဘူး” ဗိုလ်မှူးကြီးစောကလယ်ဒို့ (KNLA တပ်မဟာ – ၅)

0
295

KNLA တပ်မဟာ(၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့ နှင့် အမေးအဖြေ

၃ မေ ၂၀၂၁

ပြီးခဲ့တဲ့ ရက်ပိုင်းက ကရင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများအချင်းချင်း ဘုံရန်သူကို တိုက်ခိုက်ချေမှုန်းရေးအတွက် ပူးပေါင်းကြရန် KNU/KNLA ဒုတိယစစ်ဦးစီးချုပ်က တိုက်တွန်းဆော်သြခဲ့ပါတယ်။ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၅)ဟာ သောလယ်ထ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်ပြီးနောက် နယ်မြေအတွင်း နှစ်ဖက်တင်းမာမှုတွေ ရှိလာပါတယ်။ အာဏာသိမ်းစစ်တပ်အနေနဲ့ သူတို့ရဲ့ လက်အောက်ခံ BGFကို အသုံးပြုကာ စစ်ရေးပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မြေပြင်အခြေအနေတွေနဲ့ပတ်သက်ပြီး တပ်မဟာ(၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့ နှင့် ဆက်သွယ် မေးမြန်းထားပါတယ်။

မေး- စခန်းသိမ်း တိုက်ပွဲအပြီး နယ်မြေအတွင်း ထိတွေ့ ပစ်ခတ်မှု အခြေအနေလေး ပြောပြပါအုံး။

သူတို့(အာဏာသိမ်းစစ်တပ်) စခန်းကို တက်ပြီးတဲ့ နောက်ပိုင်း မြေပြင်မှာ လက်နက်ကြီးနဲ့ နေ့တိုင်းလိုလို ပစ်နေတာပဲ။ လေယာဉ်နဲ့လည်း နေ့ပိုင်း ကော ညပိုင်းကော လာပစ်နေတာပဲ။ အနီးဆုံး ပြောရရင် ညတုန်းက လေယာဉ်နဲ့ ပွာဒန်း ကျေးရွာအုပ်စု လေးတော်ခေါ့၊ လေးတော်ခို့ အဲ့ဘက်ခြမ်းတွေမှာ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင် နေတယ်လို့ ထင်ကောင်းထင်မှာပေါ့။  အဲ့မှာ ညတုန်းက သွားပစ်တယ်။ နောက်ပြီး ဖာပွန် ဗျူဟာတပ် ကလည်း အဲ့မှာ နေ့ကော ညပါ လက်နက်ကြီးနဲ့ ပစ်နေတာပဲ။ ညတုန်းကဆိုရင် မာထော အုပ်စု ပို့ဘောခို့ ရွာဘက် ခြမ်းမှာ ပစ်တယ်။ ဖာပွန်ဘက်မှာရှိတဲ့ ရပ်ကွက်(၃)၊ ရပ်ကွက် (၄)၊ အနောက်ဘက်ကမ်း ရပ်ကွက်မှာရှိတဲ့ လူထုတွေက လည်း စိုးရိမ်ကြောက်လှန့်နေရတာကြောင့် နီးစပ်ရာ ဘုန်းကြီးကျောင်းတို့ ဘုရားကျောင်းတို့မှာသွား စုအိပ်ပြီးနေ ကြရတယ်။ အဲ့ကို သွားမအိပ်တဲ့ သူတွေကလည်း သူတို့ ရဲ့ အိမ်အောက်တွေမှာရှိတဲ့ ဗုံးခိုကျင်းတွေမှာ ဝင်အိပ်ကြ တယ်။ အခုတက်လာတဲ့ တပ်တွေက အရင်ကနဲ့ မတူဘူး၊ ဖာပွန်မှာရှိတဲ့ ရပ်ကွက် (၁)ကို ပြီးခဲ့တဲ့ ရက်ပိုင်းက လည်း ပစ်တာပဲ။ လူထုရဲ့ နေအိမ်တချို့ကိုထိပေမဲ့ ဒေသခံ လူထုတွေက ကျင်းထဲမှာ ဝင်ပုန်းနေကြတာကြောင့် အထိ အခိုက် မရှိခဲ့ဘူးလို့ဆိုတယ်။ သူတို့လူတွေ လမ်းဘေးမှာ ဗုံးမှန်ပြီးဆိုရင် ရွာထဲကို လက်နက်ကြီးနဲ့ ပစ်တော့ တာပဲ။ အာ့ကြောင့် ဒေသခံ လူထုတွေ တောတောင်ထဲက လူတွေမကဘူး ဖာပွန်မြို့ထဲက လူတွေပါ ကြောက်ရွံ့ စိုးရိမ်မှုတွေ နဲ့ရင်ဆိုင် နေထိုင်နေကြရတယ်။

မေး- ဘာဖြစ်လို့ စစ်တပ်က လူနေ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ရတာလဲ။ သူတို့အတွက် အကြောင်းပြ ချက်က ဘာဖြစ်မလဲ။

သူတို့က တစ်ခုခု ဖြစ်လာပြီးဆိုရင် ဒေသခံ လူထုတွေကိုပဲ ပြန်လုပ်တာပဲ။ သူတို့ကို ဆန့်ကျင် တိုက်ခိုက် နေတဲ့ ကျနော်တို့ KNLA တပ်ကိုတော့ ပြန်လုပ်လို့မရဘူး။ အဲ့လို လုပ်လို့မရတဲ့အခါကျတော့ အဓိက ကတော့ ရွာသားတွေကို ပြန်လုပ်တယ်ဆိုတာက တနည်းအားဖြင့် KNLA အနေနဲ့ ဒီလိုမျိုး မတိုက်ခိုက်ဖို့ လူထုတွေကို ဖိအားပေးစေချင်တဲ့ သဘောပဲ။ မနေ့က မိုင်းနဲ့ ထိတာကို သူတို့ကို ပစ်တယ်ထင်ပြီး စခန်းထဲကနေ အပြင်ဘက် ရွာတွေထဲကို လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေ လုပ်တယ်။

မေး- အခုတလော အဲ့ဘက်ခြမ်းမှာ စစ်ကောင်စီရဲ့ ညွန်ကြားမှု နဲ့ နယ်ခြားစောင့်တပ်( BGF) ကို စေလွှတ်တာမျိုး ကြားရတယ်။ အဲ့ အခြေအနေကိုလည်း ရှင်းပြပေးပါအုံး။ ဘယ်သူကဦးဆောင်ပြီးတော့ အင်အား ဘယ်လောက် ရှိ မလဲ။

စစ်တပ်က သူတို့ အင်အား မလုံမလောက်တဲ့အတွက်  BGF ကို အကူအညီတောင်းတာမျိုး ရှိတယ်။ သူတို့အတွက် ကမာမောင်းကနေ ဖာပွန်အထိ ရိက္ခာ သွားပို့ပေးဖို့နဲ့ ဖာပွန်ကနေ သူတို့ရဲ့ အခြေစိုက် စခန်းတွေ အထိ ပို့ပေးဖို့ BGF ကို ညွန်ကြားတာမျိုး ရှိတာပေါ့။ BGF အနေနဲ့လည်း စစ်တပ် လစာ စားတဲ့အတွက် စစ်တပ်က ခိုင်းတော့ လည်း လုပ်ရတာပေါ့။ ပြီးခဲ့တဲ့ တစ်ပတ်က ကျနော်တို့ သတင်းရတာက စစ်တပ်နဲ့ အတူ သူတို့ အင်အား ၁၅၀ လောက် တက်လာတယ်လို့ ကြားတယ်။  မနေ့က လည်းပဲ အင်အား (၄၀၀)လောက် ထပ်တက်လာတယ်လို့ သတင်းရတယ်။ ဒါကြောင့် ဒီမှာ ၅၅၀ လောက်ရှိတာပေါ့။ ဒီဘက်မှာတော့ စစ်တပ်အတွက် ရိက္ခာပို့ဖို့အတွက် ကူညီပေးတာပေါ့။ တချို့ကြတော့ တပ်မဟာ (၁)ဘက်ကို တက်သွားပြီး စစ်တပ်နဲ့ သွားပူးပေါင်းတာမျိုး လုပ်တယ်။ ကျနော်တို့ ယူဆတာက စစ်တပ်ရဲ့ လစာ စားတဲ့အတွက် စစ်တပ်ခိုင်းတာကိုတော့ လုပ်ရမှာပဲလေ။ တစ်သွေး တစ်သံ တစ်မိန့်အောက်မှာ စစ်တပ်ရဲ့ ညွန်ကြားချက်အတိုင်း လုပ်ရတာပေါ့။ ကိုယ့်ကရင်ပြည်သူတွေ ထိခိုက်စေမဲ့ အလုပ်မျိုးကို လုပ်တဲ့နေရာမှာ သူတို့လည်း ပါနေတာပေါ့။ ရွာသားတွေရဲ့  ကြက်ဝက် ပစ္စည်းတွေ ယူတာမျိုး လုပ်တာလည်းရှိတယ်။ ကျနော်တို့ နောက်ထပ် သတင်းရထားတာတစ်ခုက ကျနော်တို့ သိမ်းယူထား တဲ့ သံလွင်မြစ်ကမ်းနဘေးက မယ့်လာထာ(သောလယ်ထာ) စခန်းကို BGF ကို ပြန်သိမ်းယူခိုင်းဖို့ စစ်တပ်က ညွန်ကြား ထားတယ်လို့ ကြားတယ်။ ဒါပေမဲ့ ဘယ်လောက်ထိ တိကျ သေချာမှုရှိသလဲတော့ ကျနော်တို့ မသိရသေးဘူး။ အခုက သူတို့က ဖာပွန်အောက်ပိုင်းဘက်မှာပဲ ရှိသေးတယ်။ တက်တော့ တက်လာနေပြီး။

မေး- မနေ့က KNLA ဒုစစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ က ကရင်လက်နက်ကိုင်တွေ ပြန်စုစည်းပြီး စစ်အာဏာရှင်ကို အတူတိုက်ဖို့ တိုက်တွန်းထားတာမျိုးရှိတယ်။ ဒီအပေါ်မှာကော ဘယ်လို သဘောထားရှိလဲ။

ဒီ ဒု စစ်ဦးစီးချုပ် ထုတ်ပြန်တဲ့ စာအရ ကရင့်လက်နက်ကိုင်တွေကို စုစည်းပြီး စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ ပြောထားတာပေါ့။ ကျနော်တို့ မြင်တာက ဒါက လုပ်သင့်တဲ့ အရာပဲ။ ဒီ စစ်အာဏာရှင် အုပ်စုက တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးတွေမှာ  ပါဝင်ပြီး တိုင်းပြည်ရဲ့ နိုင်ငံရေးကို စီမံလုပ်ဆောင် နိုင်စွမ်း ဘာတစ်ခုမှ မရှိခဲ့ဖူးဘူး။  တိုင်းရင်းသားတွေရဲ့ လိုလားချက်နဲ့ ကိုက်ညီတဲ့ ပြည်ထောင်စုစနစ်မျိုးဖြစ်တဲ့ တိုင်းပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွေပေါ်ပေါက်လာရင် သူတို့ရဲ့ ကိုယ်ကျိုးစီးပွား ပျက်စီးမှာသိတယ်၊ နောက်​ပြီး စစ်တပ် တစ်ခုအနေ နဲ့ အစိုးရတစ်ရပ်ဖြစ်လာခဲ့ဖူးပေမဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတစ်ခါးမှ မအောင်မြင်ခဲ့ဘူး။ ဒါကြောင့် ဒီ စစ်အာဏာရှင် စနစ်က မရှိတော့မှဘဲ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ကျနော်တို့ တပ်မဟာ (၅) အနေနဲ့ အဲ့လိုပဲ မြင် တယ်။

မေး- ခုနက ပြောခဲ့သလိုပဲ BGF က အဲ့ဘက်ကိုတက်လာတယ်ပြောတယ်။ သူတို့ အနေနဲ့ တပ်မဟာ (၅) နယ်မြေထဲကို ဝင်လာခဲ့ပြီးဆိုရင် တပ်မဟာ (၅) အနေနဲ့ ဘယ်လို ဖြေရှင်း ဆောင်ရွက်သွားမလဲ၊ နောက်ပြီး KNLA ဗဟို ဘက်ကလည်း ဘယ်လို ညွန်ကြားထားတာမျိုးရှိလဲ။

အဲ့ဒါနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ်မှာရှိတဲ့ BGF အနေနဲ့ကလည်း ကရင်တွေပဲဖြစ်သလို အဲ့ထဲမှာလည်း တခြား လူမျိုးတွေ ပါနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကရင်ပြည်နယ်မှာ ရှိနေတဲ့ BGF အနေနဲ့က ကရင်လူမျိုးတွေနဲ့ ပဲ အဓိက ဖွဲ့စည်းထားတာဖြစ်တယ်။  ကျနော်တို့အနေနဲ့က ကိုယ့်လူမျိုးအချင်းချင်း ထိတွေ့ ပစ်ခတ်မှု နဲ့ ရင်ဆိုင်ရမှာကို မလိုလားတာတော့ အမှန်ပဲ။ ဒါပေမဲ့ သူတို့အနေနဲ့ စစ်အာဏာရှင်ရဲ့ အမိန့်ကို နာခံရပြီး ကျနော်တို့ရဲ့  နယ်မြေလုံခြုံရေး နဲ့ ပြည်သူလူထုတွေကို ထိပါးလာခဲ့ရင်တော့ လက်ပိုက်ကြည့်မနေနိုင်ဘူး။ ကျနော်တို့မှာရှိနေတဲ့ အင်အားနဲ့ အဆုံးစွန်ဆုံး ရင်ဆိုင်သွားဖို့ကတော့ လူတိုင်းနားလည်နေတာပဲ။ နေရာဖယ်ပေး ပြီး ကိုယ့်နယ်မြေကို လာအုပ်ချုပ်တာမျိုးတော့ ကျနော်တို့ လက်ခံမှာ မဟုတ်ဘူး။ ဗဟိုအနေနဲ့ တော့ ဘာမှ ညွန်ကြားတာမျိုးမရှိပေမဲ့ အရင်ကတည်းက တပ်မဟာ တစ်ခုချင်းစီတိုင်းကို ပေးထားတဲ့ လုပ်ပိုင်ခွင့် အတိုင်း တော့ လုပ်ဆောင်သွားမယ်လို့တော့ ပြောချင်တယ်။

စအိုင်ဆူး (KIC)- မေးမြန်းသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here