ဖာပွန်မြို့အနီး KNU တပ်မဟာ(၅)နှင့် ထိတွေ့မှုဖြစ်၊ အာဏာသိမ်းစစ်တပ်ကားတစ်စီး တိမ်းမှောက်ကာ (၇) ဦး သေဆုံး

0
164

၅ မေ ၂၀၂၁

ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၅) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အကြား မေလ ၄ရက်နေ့က ဖာပွန်မြို့အနီး ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်မှ ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၇)ဦး သေဆုံးသွားကြောင်း KNU ဘက်က အတည်ပြု ပြောဆိုသည်။

ယမန်နေ့ မွန်းတက် (၁၂) နာရီ ဝန်းကျင်ခန့်တွင် ဖာပွန်မြို့ အရှေ့ဘက်ခြမ်းရှိ ဖာပွန်မြို့ နှင့် ခေါပူ စပ်ကြားတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- KNLA တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အကြား ရင်ဆိုင်ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး ၎င်းဖြစ်စဉ်၌ စစ်ကောင်စီဘက်မှာ ကားတိမ်းမှောက်ခဲ့ကြောင်း တပ်မဟာ (၅) ပြောခွင့်ရ ဒုဗိုလ်မှူးကြီး ​စောကလယ်ဒို့က ယခုလိုပြောသည်။

၎င်းက “မနေ့ ညနေပိုင်းက ကျနော်တို့ဆီကို သတင်းပေးပို့လာချက်အရ ကျနော်တို့ လူတွေနဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်ပေါ်ခဲ့တယ်။ ဖာပွန် နဲ့ ခေါပူ အကြားလောက်မှာဖြစ်တာ။ မွန်းတက် ၁၂ရီလောက်မှာ။ အဲ့ဒီ ဖြစ်စဉ်မှာ စစ်တပ်ဘက်က ကားတစ်စီး မှောက်သွားတယ်။ အဲ့ကားတစ်စီးမှာ လူ ၇ ယောက်ပါတယ်။ အဲ့ ၇ယောက်စလုံး သေသွား တယ်။ ကားတစ်စီးလုံးလည်း ပျက်စီးသွားတယ်။ ကျနော်တို့ဘက်တော့ ထိခိုက်မှုမရှိဘူးလို့ သတင်းပို့ လာကြ တယ်” ဟုကေအိုင်စီသို့​ပြောသည်။

ထို့အပြင် ယမန်နေ့ ညပိုင်းတွင်လည်း လေယာဉ်တစ်စီး ဝဲပျံလာပြီး ပစ်ခတ်မှု ပြုလုပ်ခဲ့ခြင်း မရှိသေးကြောင်း နှင့် လက်ရှိအချိန်ထိ KNU ဘက်မှ ၎င်းတို့၏ ရိက္ခာလမ်းကြောင်းများကို ပိတ်ဆို့ ထားသောကြောင့် စစ်ကောင်စီ ဘက်မှလည်း အရပ်သား သွားလာမှု လမ်းကြောင်းများကို ပြန်လည် တားမြစ်ပိတ်ဆို့ထားကြောင်း ဒု ဗိုလ်မှူးကြီး စောကလယ်ဒို့ ကဆက်ပြောသည်။

သီးခြားအတည်မပြုနိုင်သေးသည့် စာရင်းများအရ KNU တပ်မဟာ (၅) နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအကြား မတ်လ ၂၇ ရက်နေ့မှစ၍ ယခုလအထိ တိုက်ပွဲပေါင်း ၄၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၆၀ ကျော်ကဆုံးပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး စစ်မော်တော်ယာဉ် (၉) စီးပျက်စီးသွားခဲ့သည်ဟု ဆိုထားသည်။

ထို့အပြင် စစ်ကောင်စီ ဘက်မှ လက်နက်ကြီးဖြင့် ၅၇၀ ကျော်ပစ်ခတ်ခဲ့ပြီး လေကြောင်းဖြင့် ၂၇ ကြိမ်လာရောက် ပစ်ခတ်ခဲ့ပြီး ဗုံသီး (၄၇) လုံးပစ်ချခဲ့ကြောင်း ဗဟိုသို့ပေးပို့ထားသည့် KNU တပ်မဟာ (၅)၏ လချုပ်ထိပ်တိုက် ရင်ဆိုင်မှု စာရင်းအရ သိရပြီး KNU ဘက် ထိခိုက် ကျဆုံးမှု စာရင်းကိုတော့ ဖော်ပြထားခြင်းမရှိကြောင်း တွေ့ ရသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့ကလည်း လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဝါ့ကလဲခို နေရာတွင် စစ်ကောင်စီ ၏ ခြေမြန်တပ်ရင်း(ခမရ-၄၀၈)တပ်ဖွဲ့ဝင်များကိုတင်ဆောင်လာသည့် ကားတစ်စီး တိမ်းမှောက်ခဲ့ဘူးပြီး စစ် ကောင်စီ တပ်ဖွဲ့ဝင် ၂၀နီးပါး အပြင်းအထန် ထိခိုက်မှု နှင့် သေဆုံးမှု ဖြစ်ပေါ်ခဲ့သေးသည်။

ကေအိုင်စီ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here