KNU တပ်မဟာ – ၅ နယ်မြေအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၇ ကြိမ်အပါအဝင် တစ်လကျော်အတွင်း တိုက်ပွဲပေါင်း ၄၀၀ကျော် ဖြစ်ပွားခဲ့

0
203

၅ မေ ၂၀၂၁

တစ်လကျော်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ(၅) နယ်မြေ၌ စစ်ကောင်စီ တပ်ဖွဲ့ ၏ လေကြောင်းတိုက်ခိုက်မှု ၂၇ ကြိမ်အပါအဝင် နှစ်ဖက် တိုက်ပွဲပေါင်း ၄၀၀ ကျော်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ (၅) ဘက်ကဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့မှစ၍ ယခုမေလဆန်းပိုင်းအထိ စစ်ကောင်စီမှ KNU တပ်မဟာ(၅) နယ်မြေ အတွင်းသို့ လေကြောင်း (၂၇) ကြိမ်တိုက်ခိုက်ပြီး လက်နက်ကြီး ၄၇ လုံးပစ်ချခဲ့ကာ နှစ်ဖက် ထိတွေ့ တိုက်ပွဲ ပေါင်း (၄၀၇) ကြိမ် ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ (၅) ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီး စောကလယ်ဒို့ က ပြောသည်။

၎င်းက “ကျနော်တို့ ရထားတဲ့ စာရင်းအရ နှစ်ဖက် တိုက်ပွဲဖြစ်တာ ၄၀၇ ကြိမ်ရှိပြီးတော့ လေကြောင်း တိုက်ခိုက် ခံရ တာက ၂၇ ကြိမ်မှာ ဗုံးကြီး ၄၇ လုံးပစ်ချခံထိတယ်။” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဒေသခံ ကျေးရွာများနှင့် တောင်ယာစိုက်ပျိုမြေများအတွင်း လက်နက် ကြီး ကျည် ပစ်ခတ်မှု (၅၇၅) ကြိမ်ပစ်ခတ်ခဲ့ပြီးနောက် ၎င်း လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုကြောင့် လူနေအိမ် အလုံး ၂၀နှင့် စာသင်ကျောင်း ၂လုံးအပါအဝင် ဒေသခံ ကျေးရွာသားများ၏ ပစ္စည်းအများအပြား ပျက် စီး ဆုံးရှုံးသွားကြောင်းလည်း ဒု-ဗိုလ်မှူးကြီး စောကလယ်ဒို့ က ဆက်ပြောသည်။

လေကြောင်း တိုက်ခိုက်မှု အပါအဝင် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၉၄ ဦး သေဆုံးသွားပြီး ၂၂၀ဦး ထိခိုက်သွားကြောင်းနှင့် KNLA ဘက်မှ ၉ ဦးကျဆုံးပြီး ၁၀ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကာ အရပ်သား ၁၄ ဦး သေဆုံးသွားပြီး၂၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည် KNU တပ်မဟာ (၅) က ဆိုသည်။

လတ်တလောတွင် KNU ဘက်မှ စစ်ကောင်စီ၏ ရိက္ခာလမ်းကြောင်းများကို ပိတ်ဆို့ ထားမှုများကြောင့် ရိက္ခာ ပြတ်လပ်မှု ကြုံတွေ့ နေရသည် စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ ဒေသခံ လူထုများထံမှ ငွေကြေး သိန်း (၅၀)အပြင် အိမ်စီး ကားတစ်စီး၊ ဆန်အိတ် (၂၀) အပါအဝင် အခြား အခြေခံ စားကုန်ပစ္စည်းများကိုလည်း အဓမ္မ သိမ်းယူ ခဲ့ကြောင်းလည်း KNU တပ်မဟာ (၅) ၏ လချုပ်စာရင်းအရ သိရသည်။

လက်ရှိတွင် စစ်ကောင်စီဘက်မှ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် (၅၀၀) ကျော်ဖြင့် အင်အား ဖြည့်တင်းမှုများ ရှိနေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိကာ ထိခိုက်သေဆုံးမှုနှင့် ပျက်စီး ဆုံးရှုံးမှု များ ပိုမိုများပြာ လာဖွယ်ရှိမည်ကို ဒေသခံများက စိုးရိမ်ကြကြောင်း ဆိုသည်။

နေ့စဉ် ပစ်ခတ်မှု နှင့် တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းကြောင့် ဖာပွန်-ကမမောင်းလမ်းအပါအဝင် ကုန်သွယ်ရေး၊ ဆက်သွယ်ရေး လမ်းကြောင်းအများအပြာကို နှစ်ဖက် တပ်များမှ ပိတ်ပင် တားမြစ်ထားခြင်းကြောင့် အရပ်သားများ တိုက်ပွဲများအကြား ပိတ်မိနေကာ စားနပ်ရိက္ခာပြတ်လပ်မှုများကို ကြုံတွေ့နေကြရကြောင်း ကမမောင်း ဒေသခံ များကပြောသည်။

ကေအိုင်စီ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here