အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်အတွက် စစ်ဆင်ရေးဗျူဟာများအား NUG ကာကွယ်ရေးဝန်ကြီးမှ တာဝန်ယူမည်ဟုဆို

0
368

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးရီမွန်

၅ မေ ၂၀၂၁

မတရားအာဏာသိမ်းပြီး ပြည်သူလူထုကို ပြန်လည်ပစ်သတ်သော စစ်တပ်ကို အမြစ်ဖျက်ချေမှုန်းရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် ‘People Defence Force’ ကို ဖွဲ့စည်းကြောင်း မေလ ၅ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာလိုက်သည်။

ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ ရှေ့ပြေးအဖြစ် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ PDF တပ်ဖွဲ့နှင့်ပတ်သက်ပြီး NUG အစိုးရအဖွဲ့ သဘာဝသယံဇာတဝန်ကြီး ဒေါက်တာ တူးခေါင်က “ဘယ်သူမဆို ကိုယ့်တော်လှန်ရေးနယ်မြေမှာ သင်တန်းခံယူနေတဲ့သူတွေအားလုံးကို ပြန်စုစည်းပြီး တပ်အနေနဲ့ ဖွဲ့စည်းလိုက်တာဖြစ်တယ်။ အရေးကြီးဆုံးက ဘာလဲဆိုရင် ပြည်သူအားလုံးပါဝင်တဲ့ စစ်တပ်တစ်ခုဖြစ်တယ်ဆိုတာပဲ။ ပြည်သူ့အထဲကနေမှ မတရားတာကို ဆန့်ကျင်တော်လှန် ခြေဖျက်လိုသောဆန္ဒနှင့် လူငယ်တွေ ကိုယ့်သဘောနှင့်ကိုယ် ပါဝင်လာကြသလို ကျန်တဲ့သူတွေအားလုံးလည်း ပါဝင်လာဖို့က အရေးကြီးဆုံးဖြစ်တယ်။” ဟု ပြောသည်။

တိုင်းရင်းသားဒေသ လွတ်မြောက်နယ်မြေအသီးသီးတွင် စစ်ပညာသင်ယူနေသော လူငယ်များကို စုစည်းနိုင်ရန်အတွက် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး စစ်ဆင်ရေးဗျူဟာကိုမူ ကာကွယ်ရေးဝန်ကြီးက တာဝန်ယူနေကြောင်း ဆိုသည်။

စစ်အာဏာရှင်ကို အမြစ်ဖျက်ချေမှုန်းရန် ဆုံးဖြတ်ပြီး စစ်ပညာသင်ကြားခံယူပြီးသောသူများကို ပြန်လည်စုစည်းရန် NUG အစိုးရသစ်က PDF တပ်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်။

“ပြည်သူမပါရင် NUG ဆိုတာ ဘာမှမဟုတ်ဘူး။ ပြည်သူ့အစိုးရဖြစ်တဲ့အတွက် ပြည်သူ့တော်လှန်ရေးဖြစ်တယ်။ ဒါကြောင့် ဒီတော်လှန်ရေးမှာလည်း ပြည်သူတွေ ပါဝင်ရပါမယ်။” ဟု ပြောသည်။

လက်ရှိတွင် ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ကရင်ပြည်နယ်တွင် ကရင်အမျိုးသားအစည်းအရုံး KNU တို့က အာဏာသိမ်းစစ်တပ်ကို ထိုးစစ်ဆင် စခန်းသိမ်းတိုက်ပွဲများ ပြုလုပ်နေသည်။

ရှမ်းမြောက်ရှိ အာဏာသိမ်းစစ်တပ်၏ စခန်းအချို့ကိုလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က တိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here