အာဏာသိမ်းစစ်တပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့အကြား ကွတ်ခိုင်မြို့နယ်အတွင်း တိုက်ပွဲကြောင့် ဒေသခံပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရ

0
218

၆ မေလ ၂၀၂၁

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြော သည်။

မေလ ၄ ရက်နေ့က ညနေပိုင်းက စတင်ပြီး နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယနေ့နံနက်ပိုင်းအထိ ကွတ် ခိုင်မြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ကြားနေရသည်ဟု ဒေသခံများက ပြောသည်။

ကွတ်ခိုင်မြို့ က အမည်မဖော်လိုသူ ဒေသခံတစ်ဦး က “ဒီနေ့လည်း တနေကုန်ပစ်ခတ်နေတယ်။ လက်နက်ကြီးနဲ့ ကူပစ်နေတာတွေရှိတယ်။ မနေ့ညက ၇ နာရီလောက်ကနေ စပစ်တဲ့ အသံတွေ ကြားနေရတယ်။ ကျနော်တို့ ကြားတာတော့ TNLA ရယ်၊ ကိုးကန့် MNDAA နဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်တယ်လို့ ပြောတယ်နော်။ မနေ့ညက ဖြစ်တော့ တိုးဂိတ်ဘက်မှာ နှစ်ယောက် ပြည်သူထဲက ထိခိုက်တာရှိတယ်။ ပြီးတော့ အောင်ချမ်းသာ ဟိုး ရပ် ကွက်ဘက်မှာလည်း ကားစီးလာကို ပစ်ခတ်ခံရတာ ရှိတယ်။ အဲ့ဒါ ၅ ယောက်။ အခု လေးယောက်ကတော့ လား ရှိုး ဆေးရုံပို့ထားတယ်။ စိုးရိမ်ရလို့။ တစ်ယောက်ကတော့ ကွတ်ခိုင်မှာပဲ” ဟု ပြောသည်။

ထိခိုက်ဒဏ်ရာ ရရှိသူများအနက် ၄ ဦးမှာ စိုးရိမ်ရသည့်အတွက် မေလ ၅ ရက်နေ့ (ယနေ့)တွင် လားရှိုးဆေးရုံသို့ ပို့လိုက်ရသည်ဟု သိရသည်။

ထို့အပြင် ကျေးရွာများအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အိမ် ၅ လုံးခန့် ပျက်ဆီးသွားသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

“ရွာတွေထဲကို လက်နက်ကြီးတွေ ကျနေလို့ ဒေသခံတွေက စိုးရိမ်နေကြတယ်။ အခုထိ အသံက မတိတ်သေး ဘူး။ ပစ်လိုက်ရပ်လိုက်ပဲ ဒီနေ့လည်းနော်။ ရွာတွေထဲ လက်နက်ကြီးကျလို့ အိမ်ခြေ ၅ အိမ်လောက် ပျက်ဆီး သွားတာရှိ တယ်။ ကျနော်တို့ သွားလို့မရသေးဘူး။ အခြေအနေက ဆိုးနေတယ်။ ကျွဲတစ်ကောင်လည်း ကျည် ထိထားတယ်လို့ ပြောတယ်။ ရွာတွေမှာက အိမ်တိုင်းက ကတုတ်ကျင်းတူးထားတယ်။ ဒါပေမယ့် မလုံခြုံဘူး။”

တပ်မတော်ဘက်က မေလ တစ်ရက်နေ့မှ စတင်၍ တစ်လာကြာ တစ်ဖက်သတ်အပစ်ခတ်ရပ်စဲကြောင်း ထုတ် ပြန်ထားသော်လည်း ကွတ်ခိုင်မြို့နယ်အတွင်း တစ်ရက်တည်းတွင် တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု တအန်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး မိုင်းအိုက် ကျော် က ပြောသည်။

“မနေ့က ညနေ ၃ နာရီ ၁၅ ကနေပြီးတော့ ၄ နာရီခွဲအထိက ကွတ်ခိုင်မြို့နယ်ထဲက မန်လုံရွာနားမှာ ဖြစ်တယ်။ ၅ နာရီ ၁၅ ကျတော့ ဒီ မန်ပန်ရွာနားမှာ တစ်ကြိမ်ဖြစ်တယ်။ အဲ့မှာတော့ သိပ်မကြာဘူး။ အဲ့ဟာဖြစ်ပြီးတော့ ဒီနေ့ သတင်းတက်လာတာ မတွေ့သေးဘူး။ မနေ့က ဖြစ်တဲ့အကြောင်းအရင်းက ကျနော်တို့အဖွဲ့နဲ့ MNDAA အဲ့နားမှာ ရှိနေတဲ့ဟာကို တပ်ဘက်က လာရောက်ထိုးစစ်ဆင်တိုက်ခိုက်လို့ တိုက်ပွဲဖြစ်တာဖြစ်တယ်။ တပ်ရင်း အတိအကျ တော့ မသိရဘူး။ အဲ့ဘက်မှာ လှုပ်ရှားတာက တပ်မ ၉၉ လည်းရှိတယ်။ အခုဖြစ်တဲ့နေရာက မြို့နဲ့ ဘယ်လောက် အထိဝေးလဲဆိုတော့ အတိအကျတော့ မသိဘူးနော်။ ကျနော်ထင်တာ ၃ မိုင်ဝန်းကျင်လောက် တော့ ရှိမယ်ထင်တယ်။”

တအန်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များ လှုပ်ရှားရာ နယ်မြေများအတွင်း စစ်ကောင်စီက မတ်လက စတင်ပြီး သိသိသာသာ တပ်အင်အားတိုးချဲ့မှုများ ရှိနေသည့် အတွက် တိုက်ပွဲများ အချိန်မရွေးပြင်းထန်စွာ ထပ်မံဖြစ်ပွားလာနိုင်သည်ဟုလည်း ဒုဗိုလ်မှူးကြီး မိုင်းအိုက် ကျော် က ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်းက တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့် အနီးတဝိုက် ကျေးရွာများက ရွာသားအချို့ လည်း စစ်ဘေးလွှတ်ရာများသို့ ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ပြောသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here