“စစ်အာဏာ သိမ်းတာကိုတော့ ကျနော့်အနေနဲ့ မကြိုက်ဘူး၊ ကျနော်တို့ မလိုလားဘူး။ ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ နည်းလမ်းရှာနေတုန်းပဲ” ဗိုလ်မှူးကြီးစောချစ်သူ (BGF ၊ ကရင်ပြည်နယ်)

0
332

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီးစောချစ်သူနှင့် အမေးအဖြေ

၈ မေ ၂၀၂၁

KNLA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ၏ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ ပြန်လည် ပေါင်းစည်းရေး အားပေးတိုက်တွန်းမှု နှင့် လက်ရှိဖာပွန်ဒေသအတွင်း နယ်ခြားစောင့်တပ်-BGF တပ်အင်အား တိုးချဲ့မှုအခြေအနေနှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးကြီးစောချစ်သူနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး- KNLA ဒု စစ်ဦးစီးချုပ် ထုတ်ပြန်လိုက်တဲ့ ကရင်လက်နက်ကိုင်တွေ ပြန်လည်ညီညွတ်ပြီး စစ်အာဏာရှင် ကို အတူတကွ အပြုတ်တိုက်ဖို့ဆိုတဲ့ သဘောထားအပေါ်မှာ ဗိုလ်ချစ်သူ အနေနဲ့ ဘယ်လို သဘောထားရှိသလဲ။

ကျနော်တို့ ဘယ်လိုသဘောထားရှိသလဲဆိုရင် အရင်က သူ့အနေနဲ့ one command ဆိုပြီးသွားဖို့ကြိုးစားကြ တဲ့ နေရာမှာ မိခင်အဖွဲ့အစည်းအနေနဲ့ ကိုယ့်သာသမီး အဖွဲ့အစည်းတွေကို ကြည့်ရှု့စောင့်ရှောက်ဖို့ပြောပေမဲ့ ကျနော်တို့ကို ရန်သူလို့ သဘောထားပြီး နေ့တိုင်းလာပစ်နေတာ။ ကမမောင်း နဲ့ ကတိုင်ထိမှာရှိတဲ့ ကျနော့် တပ်ရင်း ၂ ရင်းက ကျနော့် လူတွေအပြင်ထွက်ပြီးဆိုတာ သူတို့ပစ်သတ်တာ တော်တော်များ ကျဆုံး ခဲ့ပြီးပြီး။ ဒါကို မပြောချင်ဘူး။ အဲ့လိုဆက်လုပ်နေတဲ့အပေါ်မှာ သူများပြောတာကို နားထောင်ဖို့အတွက် အကုန်လုံး အသေခံပြီးမှ နားထောင်ရမှာလာဆိုတာ ဟို တစ်နေ့က ကျနော်သွားမေးတယ်။ ကျနော်နဲ့ တွေ့တုန်းက one commend တစ်ခုအနေနဲ့ ကြိုးစားဖို့ ပြောတဲ့အတွက် သူ့အနေနဲ့ ရင်ဘတ်ကျယ်ကျယ်ထားဖို့ လိုတယ်။ BGF ပဲဖြစ်ဖြစ်၊ DKBA ပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေး PC ပဲဖြစ်ဖြစ် သူ့ သမီးလို့ သဘောထားရမယ်။ ကိုယ်က သူ့ကို သွားပစ်တယ်ဆိုရင် ပြောပေါ့။ အခုက သူတို့ကိုမှ သွားမပစ်တာ။ အခု ကတိုင်ထိ နဲ့ ကမမောင်းဘက်ကို ကျနော်တို့ လူ ၃၀၀ လွှတ်လိုက်တာ။ အဲ့က ကျနော့်တပ်ရင်း (၁၀၁၃) နဲ့ (၁၀၁၄)မှာရှိတဲ့ ကိုမောင်ချစ်နဲ့ ကိုလှကြိုင် တို့တပ်ရင်းအတွက် လမ်းလုံခြုံရေးသွားယူခိုင်းတာ။ အပြင်ထွက်ရဲဖို့၊ သွားလာရဲဖို့၊ ကျနော်တို့ဆီ ပြန်လာနိုင်ဖို့ ကျနော့်လူတွေကို လွှတ်လိုက်တာပဲ။ သူတို့ကို သွားတိုက်တာမဟုတ်ဘူး။ ပထမဦးဆုံး ကျနော်တို့ သွားတော့ မယ်ဆိုတာကို အခွင့် တောင်းလိုက်သေးတယ်။ ကျနော်တို့ လူတွေကို သွားထိန်းဖို့ပဲ။ စစ်ဆင်ရေး အတွက် မဟုတ်ဘူး။ လမ်းကြောင်း တစ်ကြောင်းလောက် ပေးပါ။ ကျနော်တို့ ကားနဲ့သွားမယ်ဆိုတာကို အခွင့် မပေးဘူး။ အဲ့ဒီ လေကေနဲ့ တာပေါင်းမှာ လမ်းမပေးဘူး။ ကျနော်တို့ ကျွန်းပင်ကွင်းနဲ့ ဘောသပြွတ်မှာထွက် တာနဲ့ ကျနော်တို့ကို ပစ်တော့တာပဲ။ ပစ်ပေမဲ့လည်း ကျနော်တို့ ပြန်လိုက်မပစ်ဘူး။ ကိုယ့်လမ်းအတိုင်းပဲ ကိုယ်သွား တယ်။ ဒီအတိုင်း ဆက်သွားကြမယ်ဆိုရင် တစ်စုထဲ တစ်ဖွဲ့တည်း တစ်ဝမ်းထဲ ပြန်နေကြမယ်ဆိုရင် ဘယ်လိုပုံစံ နဲ့ နေကြမလဲ။ ပြန်သုံးသပ်ပြီး ပြန်စဉ်းစားပေါ့နော်။ စစ်တပ်က ကျနော်တို့ကို ခေါပူ နဲ့ ကျားကွင်းကို သွားတက် ခိုင်းပေမဲ့ ကျနော်တို့ လုံးဝမသွားဘူး။ ကျနော်တို့သိတယ် ကိုယ့်ကရင်အချင်းချင်း ပြန်မပစ်တော့ဘူး။ နှစ်ပေါင်း များစွာ ပစ်ကြပြီးပြီး ဒီအလုပ် ကျနော်တို့ ပြန်မလုပ်တော့ဘူး။ ကျနော်တို့ အစည်းအဝေးကြီးမှာ ပြောထားပြီးပြီး ကျနော်တို့ အချင်းချင်းကြား ပြန်မတိုက်ဖို့။ ဒါပေမဲ့ စဉ်းစားကြည့်ပါ ကိုယ့်လူကို လာပစ်တယ်ဆိုရင် ခင်ဗျားတို့ အနေနဲ့ကော ဘယ်လို သဘောထား ရှိကြမှာလဲ။

မေး- ဒီလို အချင်းချင်းကြား ပစ်ခတ်သတ်ဖြတ်တာမျိုး က နှစ်ပေါင်းများစွာကြာခဲ့ပြီးဖြစ်တဲ့အတွက် ကိုယ့်လက် နက်ကိုင် အချင်းချင်းကြားမှာ ပြန်လည် စည်းလုံးညီညွတ်ဖို့ ခေါင်းဆောင်တွေကြားမှာ ဘယ်လို ညှိနှိုင်း ဆွေး နွေးတာမျိုး ရှိလဲ။

တကယ်လို့ One command အနေနဲ့ မိခင် အဖွဲ့အစည်းတစ်ခုအောက်မှာပဲ သွားမယ်ဆိုရင် ကျနော်တို့ လက်အောက်က လူတွေက ကျနော်တို့ကို ယုံကြည်ပါ့မလား၊ ကျနော်တို့ အမိန့်ပေးတာကိုကော နာခံပါ့မလား ဆိုတာ မနေ့က ဆွေးနွေးပြောဆိုပြီးပြီး။ အခု ကတိုင်ထိ နဲ့ ကမမောင်းမှာရှိတဲ့ ကျနော့်တပ်ရင်း ၂ ရင်းက သွားလာ လို့ မရတာ ၁ လကျော်သွားပြီး။ ဘယ်ကိုမှ မသွားတတ်ဘူး။ ဒီကို ပြန်လာမယ်ဆိုလည်း မပြန်လာတတ်ဘူး ရှေ့ကိုသွားမယ်ဆိုလည်း မသွားတတ်ဘူး။ ကျနော့်လူတွေ အများကြီး သေသွားပြီး။ ဒါကို ကျနော် ရှင်းရှင်း ပြောမယ် ဖုံးကွယ်တာမျိုးမလုပ်ဘူး။ သူတို့ကို ဘယ်နခါသွားပစ်ဖူးလဲဆိုတာ KNUကို မေးကြည့်လိုက်ပါ။ လူအများ ပြန်ပြီး စဉ်းစားသုံးသပ်နိုင်ဖို့ သတင်းကိုမှန်မှန်ကန်ကန်ဖြစ်ဖို့လိုတယ်လို့ ကျနော်ယူဆတယ်။အခုက သူများတွေက ကျနော့်ကိုချည်းပဲ အဆိုးပြောနေကြတယ်။ နာအောင်ပြောတယ်။ သူတို့ကို ဘယ်နခါ အရင်သွား ပစ်ဖူးလဲဆိုတာ မေးကြည့်လိုက်ပါ။

ကျနော်ပြောတာတွေက မှန် မမှန်ဆိုတာ သတင်းသမားတွေကို ကွင်းဆင်းပြီး လာသတင်းယူခိုင်းလိုက်ပါ။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အချိန်မှာ ကျနော်တို့က စစ်တပ်နဲ့ ပူးပေါင်းတဲ့အတွက် ကျနော်တို့ ပြည်သူတွေက ကျနော်တို့ အားလုံးကို မုန်းသွားကြတာချည်းပဲ။ ကျနော်တို့ အားနည်းချက်တစ်ခုရှိတာက ပြည်သူတွေ ဆန္ဒပြတာကို သွားကူညီစောင့်ရှောက်တာမျိုး လွတ်လွတ်လပ်လပ် မလုပ်နိုင်တဲ့အပေါ်မှာ ပြည်သူတွေက ကျနော်တို့ကို မြန်မာစစ်တပ် စရိုက်လို မြင်ပြီး မင်းအောင်လှိုင် အမိန့်ကိုနာခံတဲ့ ပုံစံမြင်ကြတယ်။ တကယ်လို့ ကျနော်တို့ KNU အနေနဲ့ပဲ သွားသွား DKBA အနေနဲ့ပဲ သွားသွား တစ်ချိန်ထဲမှာ တိုက်ပွဲကြီး အကြီးကြီး တစ်ခု ဖြစ်သွားမှာပဲ။ ကျနော်တို့မြင်တာက ကျနော်တို့မှာ အနိုင်တိုက်နိုင်တဲ့ အင်အား မရှိသေးတဲ့အတွက် ငြိမ်နေသေးတဲ့ သဘောပါပဲ။ ကျနော်တို့ အနေနဲ့ ပြန်စဉ်းစားသင့်တယ်။ တကယ်မတိုက်နိုင်ဘဲနဲ့ ကိုယ့်ပြည်သူကို ထိခိုက်တာမျိုး မလုပ်စေချင်ဘူး။ ကိုယ့်ပြည်သူတွေ ထိခိုက်မယ်ဆိုရင် မလုပ်သေးတာ ကောင်းမယ်။ ကျနော်တို့ က စစ်အာဏာရှင်ကို ကြိုက်လွန်းလို့ ပူးပေါင်းလုပ်နေတာမျိုး မဟုတ်ဘူး ဒါကိုတော့ နားလည်ပေးစေချင်တယ်။

မေး- KNU နယ်မြေတချို့မှာ တိုက်ပွဲတွေ ပြန်ပြင်းထန်လာတဲ့ အပေါ်မှာကော ဗိုလ်ချစ်သူ အနေနဲ့ ဘယ်လို ဝေဖန် သုံးသပ်ချင်လဲ။

ကျနော်ကတော့ ကျနော့် လူတွေကို ပြတ်ပြတ်သားသားပဲ ညွန်ကြားထားတယ်။ သူများကို သွားလိုက်မပစ်ဖို့ အတွက်။ အခု ကျနော့်တပ်ရင်းက လှကြိုင် နဲ့ မောင်ချစ်တပ်ရင်းအတွက် သွားလာ နိုင်ဖို့ လမ်းလုံခြုံရေး သွား ယူခိုင်းတာပဲရှိတယ်။ သူတို့ ပြောသလို တပ်မဟာ (၅) ခေါပူ ၊ ကျားကွင်းကို သွားတက်တိုက်ရမယ်ဆိုတာက လုံးဝ မဟုတ်ဘူးနော်။ ဒါကိုကျနော်ပြောရဲတယ်။ တကယ်လို့ အဲ့လို ဖြစ်ရင် ကျနော့်ကို ပြောပါ။ ကျနော်တာဝန် ယူပါမယ်။

မေး- လတ်တလော စစ်အာဏာသိမ်းမှု နဲ့ပတ်သက်ပြီးကော မြန်မာနိုင်ငံရေး အခြေအနေအပေါ်မှာကော BGF ထဲမှာ ဘယ်လိုဆွေးနွေးမှုတွေ သဘောထားတွေ ရှိကြလဲ။

အာဏာသိမ်းမှု မဖြစ်ခင်ကတည်းက စစ်တပ်နဲ့ ကျနော်တို့ကြားမှာ ပွတ်တိုက်မှု ရှိသွားတာကို ခင်ဗျားတို့လည်း သိကြတာပဲ။ ဒီ စစ်အာဏာသိမ်းမှုကိုတော့ ကျနော်တို့ လက်မခံဘူး။ ဒါပေမဲ့ ဆန့်ကျင်ဖို့အတွက်ကလည်း ဆန့် ကျင်လို့ မရသေးဘူး။ ပြန်အနိုင်တိုက်ဖို့လည်း မဖြစ်နိုင်သေးဘူး။ ကျနော် ပွင့်ပွင့်လင်းလင်းပဲ ပြောတယ်။ တချို့ ကျနော်တို့ကို ပွင့်ပွင့်လင်းလင်း လုပ်စေချင်တယ် ပြောစေချင်တယ်။ ပြန်ကြည့်မယ်ဆိုရင် ကျနော်တို့ ရန်သူကို နယ်စပ်မှာ တိုက်တုန်းက ကျည်ဆံပုံပေါ်မှာထိုင်ပြီး တိုက်နေတာပဲ။ ဒါပေမဲ့ ၃ နှစ် ၄ နှစ်လောက်ပဲ ခံတိုက်နိုင် တယ်။ အောင်မြင်အောင် တိုက်နိုင်ဖို့အတွက်ဆိုရင် ဘယ်လို လုပ်ရမလဲဆိုတာ ပြည်သူလူထုတွေ အနေနဲ့ ကျနော့် ကို စဉ်းစားစေချင်တယ်။ အခုက အချိန်ကျပြီးလို့ ပြောကြတယ်။ ဒါပေမဲ့ ကျနော့်တစ်ယောက်ထဲအမြင်အရ ကျနော့်အနေနဲ့ တစ်ယောက်ထဲ ရပ်တည်ဖို့ မရသေးဘူး။ အချိန်တစ်ခုလိုသေးတယ်။ အဲ့အတွက် စစ်အာဏာ သိမ်းတာကိုတော့ ကျနော့်အနေနဲ့ မကြိုက်ဘူး။ ကျနော်တို့ မလိုလားဘူး။ ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့ နည်းလမ်းရှာနေတုန်းပဲ။

မေး- ခုနက ပြောသွားတဲ့ထဲမှာ စစ်အာဏာသိမ်းမှုမတိုင်ခင်က စစ်တပ် နဲ့ BGFကြားက ပွတ်တိုက်မှုတွေက အခု ပြီးသွားပြီးလာ၊ ဘယ်လိုအခြေအနေ ဆက်ရှိဖြစ်နေသေးလဲ။

BGFက ထိပ်ပိုင်း အရာရှိ ခေါင်းဆောင် ၆၇ ဦးက လက်မှတ်ထိုးထားလိုက်ပြီး။ ပြောင်ပြောင်တင်းတင်း ဆန့်ကျင်တာမျိုးလည်း မလုပ်သေးသလို သူတို့ လက်အောက်မှ ရှိနေတာမျိုးလည်း မဟုတ်ဘူး။ ကျနော်တို့ အကြား ယုံကြည်မှု ဆက်ရှိနေအုံးမယ်။ တကယ်လို့ ယုံကြည်မှု မရှိတော့ဘူးဆိုရင် ကျနော်တို့ ကိုယ့် အစီအစဉ် ကိုယ့်ရပ်တည်ဆုံးဖြတ်ချက်နဲ့ နေသွားမယ်။

ကေအိုင်စီ – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here