“ပထမဦးဆုံးလှုပ်ရမှာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ တောင်းတင်းခိုင်မှာတဲ့ အင်အားတစ်ရပ်ဖြစ်အောင် သူ့အနေနဲ့ လုပ်ပြရမှာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းက ပိုပြီးတော့ အရေးကြီးပါတယ်” စာရေးဆရာသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

0
349

မြန်မာ့အရေးလေ့လာသုံးသပ်သူ စာရေးဆရာသန်းစိုးနိုင်နှင့် ဆက်သွယ်မေးမြန်းခြင်း

၁၁ မေ ၂၀၂၁

စစ်အာဏာသိမ်းမှုနဲ့အတူ တပြိုင်တည်းထွက်ပေါ်လာတဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးပြည့်သူ့လှုပ်ရှားမှုတွေ ဟာ ပုံသဏ္ဍာန်မျိုးစုံနဲ့ တွန်းလှန်ဖီဆန်လျက်ရှိပါတယ်။ နိုင်ငံဝန်ထမ်းများက အကြမ်းမဖက်ပြည်သူ့အာဏာ ဖီဆန်ရေး လှုပ်ရှားမှု (CDM)၊ သန်းနဲ့ချီသော တိုင်းရင်းသားပြည်သူများရဲ့ လူထုတိုက်ပွဲပုံသဏ္ဍာန်မျိုးစုံ၊ ၂၀၂၀ပြည့် ရွေးကောက်ပွဲအနိုင်ရအမတ်များ၏ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)၊ ထိုမှတဆင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) စတဲ့ အသစ်တွေ့ရတဲ့ ဖြစ်စဥ်ဖြစ်ရပ်များနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ လှုပ်ရှားမှုများကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးရေးဆိုတဲ့ ဟစ်ကြွေးသံနဲ့ သွေဖည်မနေသေးတာကို တွေ့ရပါတယ်။ အထူးသဖြင့် စစ်အာဏာသိမ်းကာလအတွင်း ကချင်နှင့် ရှမ်းမြောက်ဒေသတွင် KIA၊ ကရင်ပြည်နယ်တွင် KNLA တို့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တွေအကြား တိုက်ပွဲများပြင်းထန်နေပါတယ်။

ယခုအခါမှာ‌တော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကနေ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ ရှေ့ပြေးအမြူတေအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ကို ဖွဲ့စည်းလိုက်ပါတယ်။ ဆိုခဲ့ပါ ဖြစ်စဥ်ဖြစ်ရပ်အသစ်များကို ချိတ်ဆက်လေ့လာကြည့်နိုင်ဖို့အတွက် နိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာသန်းစိုးနိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး

ဖြေ ။ ။ ကျွန်တော်တို့ အခုက ဖြစ်ပေါ်တိုးပွားမှုအနေနဲ့ ပြောရလို့ရှိရင်တော့ စစ်ကောင်စီက ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်နေတဲ့ အခြေအနေအောက်မှာ CDM ကနေပြီးတော့ နောက်တစ်ချက် ပြည်သူလူထုက ကူးပြောင်းသွားတာပေါ့ဗျာ ကူးပြောင်းသွားတာဆိုတော့ ကိုယ့်ကိုကိုယ်ခုခံကာကွယ်ခွင့်ရှိတယ်ဆိုတဲ့ အောက်မှာ ကိုယ့်ကိုကိုယ်ခုခံကာကွယ်တဲ့ အင်းအားစုကို စုစည်းရတာပေါ့။ အဲဒါတွေက ပြည်သူ့ကာကွယ်ရေးဆိုတာ တပ်မတော်မဖွဲ့ခင်ကတည်းက လူထုက သူ့ဘဝသူသိလာပြီးတော့ ရရာလက်နက်ကိုင်ပြီး တိုက်ခိုက်နေပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ NUG အစိုးရကနေပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ် ထူထောင်မယ်လို့ လမ်းညွှန်ပေးလိုက်တဲ့အခါမှာ အခြေအနေနဲ့ ကိုက်ညီတဲ့ ဖြစ်ပေါ်တိုးပွားမှုတစ်ရပ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ အဲကနေတဆင့် စစ်ကောင်စီရဲ့ လုံခြုံရေးတပ်တွေကို ပြန်ပြီးတော့ ခုခံတိုက်ခိုက်ဖို့အတွက် တော်လှန်ရေးတစ်ရပ်ကတော့ မုချပေါ်တော့မှာပါ။ အဲဒါကြောင့် ဒီ CDM ကနေပြီးအခု ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ပေါ့။ အဲလိုဖွဲ့လိုက်ဖို့ရည်ရွည်တာဟာ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် အခြေအနေနဲ့ ကိုက်ညီတဲ့ ခြေလှမ်းတစ်ရပ်လို့ ကျွန်တော်တို့ကတော့ ယူဆပါတယ်ခင်ဗျား။

မေး။ ။ PDF အနေနဲ့ ပြည်သူလူထုအပေါ် ဘယ်လောက်အထိ ကာကွယ်နိုင်မှာလဲ။ တိုင်းနဲ့ပြည်နည်အလိုက် ချိတ်ဆက်လုပ်ဆောင်သွားမယ်လို့ ပြောထားလည်းရှိတော့ ဒါနဲ့ ပတ်သက်ပြီးပြောပေးပါဦး။

ဖြေ။ ။ အင်အားသုံးတိုက်ခိုက်မှုတွေ စစ်ကောင်စီဖက်က လုပ်နေတဲ့အခါကျတော့ ပြည်သူလူထုက အလိုအလျှောက် ခုခံကာကွယ်ရေးလုပ်ဖို့ လိုအပ်လာပြီဆိုပြီးတော့ မြို့ပေါ်မှာ ဆိုလို့ရှိရင်လည်း ဗုံးခွဲတာတွေ နောက်ပြီးတော့ ဒိုင်းတွေ၊ ရရာ လေးဂွတွေ၊ ဂျင်ကလိတွေနဲ့ ပြန်ပြီးတော့ ခုခံကြတယ်။ လူမျိုးစုဒေသတွေ၊ တိုင်းရင်းသားဒေသတွေကျတော့၊ နဂိုကတည်းက သူတို့နယ်မြေက ရှိပြီးသား ဖြစ်နေတဲ့ တူမီးသေနတ်တွေ သုံးပြီးတော့ ခုခံကာကွယ်ရေးတွေ လုပ်လာခဲ့ကြတာပေါ့။ အဲတိုင်းရင်းသားဒေသတွေရဲ့ လှုပ်ရှားမှုက ပိုပြီးစနစ်ကျပါတယ်။ ပိုပြီးတော့လည်း တောင်ပေါ်ဒေသဖြစ်တဲ့အခါကျတော့ ပထဝီအနေအထားလည်း ကောင်းတော့ အဲဒေသတွေမှာ တော်တော်လေးကို ဒေသဆိုင်ရာအဖွဲ့လေးတွေရှိလာပါတယ်။ NUG အစိုးရအနေနဲ့ကတော့ အဲဒီလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ ဆက်စပ်လှုပ်ရှားစုစည်းပေးနိုင်မှသာလျှင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဆိုတာ ဖြစ်လာမှာ ဖြစ်ပါတယ်။ အဲတော့ အဲလုပ်ငန်းကို NUG အစိုးရအနေနဲ့ ဘယ်လောက်အထိ ထိထိရောက်ရောက်လုပ်နိုင်မလဲ၊ ဘယ်လောက်အထိ ဆက်သွယ်စည်းရုံးနိုင်မလဲဆိုတဲ့ အပေါ်မှာ ခုနက PDF တပ်မတော် တကယ်တမ်းအကောင်အထည်ရှိရှိ ဖြစ်ပေါ်လာနိုင်မှာလား၊ မလာနိုင်ဘူးလားဆိုတာ ကျွန်တော်တို့ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

မေး။ ။ PDF ဖွဲ့တော့ ဖွဲ့ပြီးပြီ၊ ရေရှည်ရပ်တည်ဖို့ ဘာတွေလိုအပ်လဲ၊ ဘယ်လို ရပ်တည်သွားမှာလဲ၊ ဝင်ရောက်အမှုထမ်းမဲ့ လူငယ်တွေများလာနိုင်တယ်ပေါ့လေ လက်နက်တပ်ဆင်မှု၊ ရေရှည်အတွက်ငွေကြေး၊ လှုပ်ရှားနယ်မြေ ဒါတွေအတွက် ရေရှည်ဘယ်လို ရပ်တည်သွားနိုင်လဲ။

ဖြေ။ ။ အခုလက်ရှိ နိုင်ငံတကာက ထောက်ခံမှုက တော်တော်များပါတယ်။ ဒါပေမဲ့ R2Pတို့ ICCတို့ ICJ တို့ ဆိုတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ တောင်းဆိုမှုက ကျွန်တော်တို့ ဗမာပြည်တော်လှန်ရေးဖြစ်ပေါ်တိုးပွားမှု အတွက် သိပ်ပြီးအရေးမပါလှပါဘူး။ အရေးမပါတဲ့အကြောင်းကတော့ အားလုံးက လုံခြုံရေးကောင်စီဖြတ်ရတာကို လုံခြုံရေးကောင်စီဖြတ်လို့ရှိရင် တရုတ်နဲ့ ရုရှားကန့်ကွက်မှု၊ ဗီတိုနဲ့ ပယ်ရှားမှုကြောင့် လက်တွေ့က အဲတာတွေက အလုပ်မဖြစ်ပါဘူး။ တကယ်တမ်း ဗမာပြည်အတွက် ကူညီချင်တယ်ဆိုလို့ရှိရင် လိုအပ်တာက R2P မဟုတ်ပါဘူး လိုအပ်တာက ငွေနဲ့ လက်နက်ပါပဲ။ ငွေနဲ့ လက်နက်တာ သူတို့ ကူညီပေးနိုင်တယ်ဆိုလို့ရှိရင်တော့ အဲတာကမှာ။ ဒါပေမဲ့ အခုချိန်အထိ စစ်အစိုးရကို စစ်လက်နက်ရောင်းချရေးနဲ့ ပတ်သက်လို့တောင် လုံခြုံရေးကောင်စီက ပိတ်ပင်နိုင်တဲ့ အခြေအနေမရှိပါဘူး။ တကယ်လို့တာ ကျွန်တော်တို့ တိုင်းပြည်မှာ အခုငွေနဲ့ လက်နက်ကို နိုင်ငံတကာက ထောက်ပံ့ပေးနိုင်မယ်ဆိုရင် ပြည်သူ့ကာကွယ်ရေးအင်အားစုက အချိန်တိုလေးအတွင်းမှာ ထိရောက်စွာ တိုက်ခိုက်ထိုးနက်နိုင်တဲ့ စစ်အာဏာရှင်စနစ်ကို မြေမြှပ်ပစ်နိုင်တဲ့ တပ်ကြီးတစ်ခုအဖြင့် အချိန်တိုအတွင်းမှာ ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေရှိပါတယ်။

မေး။ ။ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်တဲ့ပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် လက်ခံမှာလား။

ဖြေ။ ။ သူ(ဒေါ်အောင်ဆန်းစုကြည်) လက်ခံမှာလား၊ လက်မခံဘူးလားဆိုတာကတော့ ကျွန်တော်တို့ကတော့ မပြောနိုင်သေးဘူးပေါ့ဗျာ၊ ဒါပေမဲ့ ဗမာပြည်ရဲ့ လူထုတိုက်ပွဲဖြစ်ပေါ်တိုးပွားမှုအခြေအနေက ပြည်သူသာ အဓိကလို့ တစ်လျှောက်လုံးပြောလာတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ခံမယ်လို့ ထင်ပါတယ်။

မေး။ ။ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်အချို့ စစ်ကောင်စီနဲ့ သွားရောက်တွေ့ဆုံတဲ့အပေါ် သုံးသပ်ပေးပါအူး၊

ဖြေ။ ။ကျွန်တော်ကတော့ ဒီNCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့နဲ့ ပတ်သက်လို့ကတော့ ကျွန်တော်ကတော့ အပိုင်းသုံးပိုင်းမြင်တာပေါ့ဗျာ။ တစ်ပိုင်းက စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ KNU လိုအဖွဲ့အစည်း၊ တစ်ပိုင်းက အခြေအနေကြည့်ပြီးတော့ အင်အားရှိပေမဲ့ ဝင်ရောက်တိုက်ခိုက်ခြင်းမပြုပဲနဲ့ ခြံစည်းရိုးပေါ်မှာ ထိုင်နေတဲ့ RCSS လိုအဖွဲ့အစည်းပေါ့ဗျာ၊ ဒီအဖွဲ့အစည်းက စစ်ကောင်စီတပ်တွေနဲ့သာ မတိုက်တာ TNLAတို့ SSPPတို့လို တိုင်းရင်းသားအဖွဲ့အစည်းအချင်းချင်းကြတော့ ပြန်တိုက်နေတာ အဲတာတွေကလည်း စိတ်မကောင်းစရာ တွေပါပဲ။ နောက်ကျန်တဲ့ အဖွဲ့အစည်းတွေက နာမည်တာ ရှိတာပါ လှုပ်ရှားနိုင်တဲ့ အင်အားက မရှိပါဘူး၊ လားဟူအဖွဲ့တို့ ၊ ပအိုဝ့်အဖွဲ့တို့ နောက်ပြီးတော့ အဲထဲမှာပါတဲ့ ရခိုင်အဖွဲ့တို့ဆိုရင်တော့ တိုက်ခိုက်နိုင်တဲ့ အင်အားသိပ်မရှိပါဘူး။ အဲတော့ ဆိုလိုတာက အဖွဲ့ ၁၀ ဆိုတာ ခေါင်းစည်းပါ။ တကယ်တိုက်ခိုက်ရေးအင်အားက KNU မှာပဲ ရှိတာကို KNU မှာလည်း သူ့သမိုင်းဖြစ်ပေါ်တိုးပွားမှုအရ အစိုးရက ဖွဲ့စည်းပေးထားတဲ့ ဗိုလ်ခင်ညွန့်ဖန်တီးပေးထားတဲ့ DKBAလို အဖွဲ့အစည်းရှိတယ် ၊ BGF ရှိတယ်။ အဲလိုအဖွဲ့တွေတော့ KNU တစ်ဖွဲ့လုံးအနေနဲ့ အင်အားကြီးမားပေမယ့် ဒီအဖွဲ့တွေလို ကွဲထွက်သွားတဲ့အတွက် တစ်လျှောက်လုံး KNU အနေအထားက ကျဆင်းသွားတာ မန်ဒါပလောတိုက်ပွဲနောက်ပိုင်းမှာ အဲလိုတွေ ဖြစ်လာတာကို အဲအဖွဲ့တွေက အစိုးရနဲ့ ဆက်လက်စကားပြောတယ်၊ NCA ကို ဆက်လက်အသိအမှတ်ပြုတယ်ဆိုတဲ့ ကိစ္စတွေက သိပ်တော့ မဆန်းပါဘူး။ ဒါပေမယ့် ကျွန်တော်ထင်တာက NCA ၁၀ ဖွဲ့ထည့်က အများစုက NCA ဆွေးနွေးပွဲ ဆက်မလုပ်တော့ဘူး။ ရနိုင်သလောက် တိုက်မယ်ဆိုတဲ့ သဘောထားတွေတော့ အကြမ်းဖျင်းအားဖြင့် ရှိပုံရပါတယ်။ ဒါပေမယ့် စစ်ရေးအခြေအနေကို ကြည့်နေတယ်လို့ ကျွန်တော်တော့ ယူဆပါတယ်။ ခုလောလောဆယ်က‌တော့ NCA ထိုးထားတဲ့ ၁၀ ဖွဲ့က KNU အဖွဲ့ KNLA ပေါ့။ အထူးသဖြင့် သူတို့ပဲ အဓိက တိုက်နေတာပါ။ ဒါပေမယ့် တစ်ဖက်ကလည်း NCA လက်မှတ်ရေးထိုးမထားပေမယ့် အပြင်းအထန်တိုက်ခိုက် နေတဲ့ KIA လိုအဖွဲ့အစည်းလည်းရှိတယ်။ နောက်ပြီးတော့ ညီနောင်သုံးဖွဲ့လည်း ရှိပါတယ်။ အဲတော့ ဆိုလိုတာက NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေဟာ အားကိုးလောက်ရတဲ့ အနေအထား မရောက်သေးသည့်တိုင်အောင် ဗမာပြည်လက်နက်ကိုင်အဖွဲ့အစည်းတွေက လက်နက်ကိုင်တော်လှန်ရေး၊ စစ်အာဏာရှင်စနစ်မြေမြှပ် သင်္ဂြိုလ်ပစ်ရေး လှုပ်ရှားမှုအတွင်းမှာတော့ တိုက်ပွဲအရှိန်အဟုန်မြင့်လာတာနဲ့ ပြန်ပါဝင်လာကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ NUG အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အများစု လှုပ်ရှားမှုမှာ ပါဝင်လာအောင် ဘယ်လို စည်းရုံးသင့်လဲ။

ဖြေ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပါဝင်လာဖို့ ဆိုတာကတော့ NUG အနေနဲ့ ဒီကိစ္စကို ဖက်ဒရယ်ပဋိညာဉ်ထုတ်ဖော်ထားတာတွေ တိုင်းရင်းသားအခွင့်အရေးနဲ့ပတ်သက်ပြီး အပြည့်အစုံပေးမယ်၊ ဖက်ဒရယ်အာမီ ထူထောင်မယ် အခုက ပြည်သူ့ကာကွယ်ရေးတပ်ဆိုတာ လတ်တလောအခြေအနေပဲ။ အဲဟာက ရေရှည်မှာ ဖက်ဒရယ်တပ်မတော်ထဲ ပူးပေါင်းပါဝင်မှာပဲ။ အဲအခြေအနေက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အ စည်းတွေ တော်လှန်ရေးလှုပ်ရှားထဲ ပါဝင်လာအောင် လမ်းခင်းပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပထမဦးဆုံးလှုပ်ရမှာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ တောင်းတင်းခိုင်မှာတဲ့ အင်အားတစ်ရပ်ဖြစ်အောင် သူ့အနေနဲ့ လုပ်ပြရမှာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်းက အခုပိုပြီးတော့ အရေးကြီးပါတယ်။ သူအရှိန်အဟုန်ရလာတာနဲ့အမျှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးကလည်း ဝန်းရံပြီးပါဝင်လာကြမှာ ဖြစ်ပါတယ်။ ကျွန်တော့်အမြင်က အဲလိုဖြစ်ပါတယ်။

မေး။ ။နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောပေးပါဦးဆရာ။

ဖြေ။ ။ NUG အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုလာအောင် ကျွန်တော်တို့ ကြိုးပမ်းရမယ်။ နောက်ပြီးတော့ ခုနလို R2P တို့ ICJ တို့ ICC တို့ မဖြစ်နိုင်လည်း ဗမာပြည်ကို ငွေနဲ့ လက်နက်ထောက်ပံ့နိုင်တဲ့ နည်းလမ်းတွေကို NUG အနေနဲ့ နိုင်ငံတကာနဲ့ ဆက်သွယ်ပြီး‌တော့ ဒေါက်တာဆာဆာတို့ ဦးဆောင်ပြီး ငွေနဲ့ လက်နက်နဲ့ရနိုင်အောင်လုပ်ရမယ်။ နောက်ပြီးတော့ တိုင်းရင်းသားလှုပ်ရှားမှုအဖွဲ့တွေထဲမှာ အဓိက KNU နဲ့ KIA ပဲ တိုက်နေတာ နောက်ပိုင်းကျတော့ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီတို့ နောက်ပြီးတော့ ကယားဖက်က KNPP တို့ အဲဒီအင်အားစုတွေ တိုက်ခိုက်လာအောင် နိုင်ငံရေးအရ စည်းရုံးဆွေးနွေးပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပေါင်းစုပြီးတော့ လှုပ်ရှားနိုင်မယ်ဆိုလို့ရှိရင် ဒီလှုပ်ရှားမှုကြီးကတော့ ဒီတော်လှန်ရေးကြီးကတော့ မုချအောင်မြင်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်ခင်ဗျာ။

MNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here